Healthy Life Ad
Health Tips

အူမကြီး ကျန်းမာရေး ကောင်းစေရန်

၊ လရိပ်မေ ၊

အူမကြီးဆိုတာ ခန္ဓာကိုယ်ကနေ စွန့်ပစ်ပစ္စည်းတွေစွန့်ထုတ်ဖို့ ကူညီတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ အူမကြီးဟာ ရေနဲ့ ဆားတွေကိုစုပ်ယူပြီး ဓာတ်ဆားဟန်ချက်ညီမျှအောင် ထိန်းချုပ်ပါတယ်။ နေ့စဉ် အဆင်သင့်စာ၊ ဆီကြော်စာ၊ ပြုပြင်ထားတဲ့ အစာစတာတွေကို အစားများရင် အူမကြီးထဲမှာ အဆိပ်တွေ ပြည့်နေနိုင်ပါတယ်။ အူမကြီးရဲ့လုပ်ငန်းဆောင်တာ ပုံမမှန်တော့တဲ့အခါ အဆိပ်တွေကြောင့် ပြင်းထန်တဲ့ ကျန်းမာရေးအန္တရာယ်တွေဖြစ်လာစေနိုင်ပါတယ်။

အူမကြီး မကျန်းမာသော လက္ခဏာများ

– ဗိုက်အောင့်ခြင်း

– ဝမ်းချုပ်ခြင်း

– ခါးနာခြင်း

– စိတ်ဖိစီးမှုများခြင်းနှင့် နုံးချည့်ညောင်းညာခြင်း

– လေပွခြင်း

– အရေပြားပြဿနာများဖြစ်ခြင်း

အူမကြီးကျန်းမာတာကြောင့် တစ်ကိုယ်လုံး သန်စွမ်းကျန်းမာစေပါတယ်။ အူမကြီးကျန်းမာတဲ့သူတွေက ယေဘုယျအားဖြင့် အနည်းဆုံး တစ်ရက်တစ်ခါ ဝမ်းသွားလေ့ရှိပါတယ်။ မစင်အညစ်အကြေးတွေက အူမကြီးထဲစုပုံမှုများလာလေလေ၊ နေထိုင်ရမသက်မသာ ဖြစ်လာလေလေပါ။

အူမကြီး ကျန်းမာစေမည့်နည်း ခုနစ်သွယ်

(၁) တစ်နေ့ တစ်ကြိမ်-နှစ်ကြိမ် ဝမ်းသွားတဲ့အလေ့အကျင့်ကိုထားရှိပါ။

(၂) ဝမ်းသွားချင်စိတ်ဖြစ်ပေါ်လာရင် အောင့်မထားပါနဲ့။ ချက်ချင်းသွားပါ။

(၃) ရေနဲ့သစ်သီးဖျော်ရည် များများသောက်ပါ။ နေ့စဉ်နေ့တိုင်း ရေအလုံအလောက်သောက်တာကြောင့် အူမကြီးကို ကျန်းမာစေပါတယ်။

(၄) စားတဲ့အစာမှာ အမျှင်ဓာတ်များများ ပါဝင်တာကြောင့် အူမကြီးကို သန့်ရှင်းစင်ကြယ်စေပါတယ်။

(၅) လေ့ကျင့်ခန်းလုပ်တာနဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်တာကြောင့် အူလှုပ်ရှားမှုကို ကောင်းမွန်စေပြီး အူမကြီးကို ကျန်းမာစေပါတယ်။

(၆) ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများများစားပြီး အသားလျှော့စားတဲ့နည်းနဲ့ အူမကြီးကို သန့်စင်ပါစေ။

(၇) အထက်ပါနည်းတွေသုံးပေမယ့် ဝမ်းချုပ်နေရင် ဆေးဖက်ဝင်အပင် (ဥပမာ- ရှားစောင်းလက်ပပ်) အသင့်အတင့်စားပြီး ဝမ်းမှန်အောင်ကြိုးစားပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top