Healthy Life Ad
Health Tips

ရေခဲသေတ္တာထဲထည့်သင့်သလား၊ အအေးခန်းထဲ ထားသင့်သလား

၊ ငွေစင်ကြယ်ယံ ၊

ဝယ်လာတဲ့ စားစရာ၊ သောက်စရာတွေကို ရေခဲသေတ္တာရဲ့ရိုးရိုးအခန်းထဲမှာပဲ ထားရမလား၊ ခဲတဲ့အထိ အအေးခံရတဲ့ Freezer ထဲမှာ ထားသင့်သလား.. ဒါက အိမ်ရှင်မတွေအတွက် ဝေခွဲမရဖြစ်စရာပါ။ ဒါ့အပြင် ရေခဲသေတ္တာထဲမှာထားရင် ဘယ်လောက်ကြာကြာအထားခံသလဲ၊ အသားတွေကို မချက်ဘဲ အအေးခံတဲ့အခန်းထဲကို တစ်ခါတည်းထည့်သင့်သလား။ ဒီလိုဝေခွဲမရဖြစ်စရာ ကိစ္စရပ်တွေအတွက် နိုင်ငံတကာ ကျန်းမာရေးနဲ့ လူ့အရင်းအမြစ်ဌာနက အောက်ပါအတိုင်းလမ်းညွှန်ချက်တွေ ပေးထားပါတယ်။

အသားစိမ်း(ကြက်၊ ဘဲ)တွေကို ရေခဲသေတ္တာရဲ့ ရိုးရိုးအခန်းထဲမှာ ထည့်ထားမယ်ဆိုရင် တစ်ရက်၊ နှစ်ရက်လောက်ပဲ အထားခံပါတယ်။ အအေးခံတဲ့ အခန်း(Freezer)ထဲမှာ ထည့်မယ်ဆိုရင်တော့ အချိန်တစ်နှစ်ကျော်အထိ သက်တမ်းခံပါတယ်။

ချက်ပြီးသား အသားတွေကိုတော့ ရေခဲသေတ္တာထဲမှာ ရက်အနည်းငယ်ကြာကြာထားနိုင်ပြီး အအေးခန်းထဲမှာဆိုရင် အချိန် နှစ်လ-ခြောက်လထက်ပိုကြာတဲ့အထိ မထားသင့်ပါဘူး။

အနီရောင်အသားနဲ့ ဝက်သားတွေကို ရေခဲသေတ္တာထဲမှာ ငါးရက်ကျော်ထားနိုင်ပြီး လေးလ-၁၂ လ လောက်အထိ အအေးခန်းထဲမှာ ထည့်ထားနိုင်ပါတယ်။

စားပြီးသား အသားဟင်းအကျန်တွေကို ရေခဲသေတ္တာထဲမှာ သုံး-လေးရက်လောက်ထားနိုင်ပြီး အအေးခန်းထဲမှာ နှစ်လ-ခြောက်လလောက်ထားနိုင်ပါတယ်။

ကြိတ်ထားတဲ့ အသားမှုန့်တွေကို ရေခဲသေတ္တာထဲမှာ တစ်ရက်-နှစ်ရက်လောက်ထားနိုင်ပြီး အအေးခန်းထဲမှာ သုံး-လေးလလောက်အထိ ထားနိုင်ပါတယ်။

ဟော့ဒေါ့တွေကို ရေခဲသေတ္တာထဲမှာ နှစ်ပတ်လောက်ထားနိုင်ပြီး အအေးခန်းထဲမှာ တစ်လလောက် ထားနိုင်ပါတယ်။ဝက်ပေါင်ခြောက်တွေကို ရေခဲသေတ္တာထဲမှာ တစ်ပတ်ကျော် ထားနိုင်ပေမယ့် ဝက်အူချောင်းတွေကိုတော့ နှစ်ရက်အတွင်း စားသင့်ပါတယ်။ အအေးခန်းထဲမှာ အေးခဲပြီး ထားမယ်ဆိုရင်တော့ ဝက်ပေါင်ခြောက်ရော ဝက်အူချောင်းပါ တစ်လလောက်အထိ အထားခံပါတယ်။

ကြက်ဥ၊ ဘဲဥတွေလို ဥအမျိုးမျိုးကိုတော့ အစိမ်းလိုက်ဆိုရင် ရေခဲသေတ္တာထဲမှာ တစ်လလောက်အထိ ထားနိုင်ပြီး ပြုတ်ထားရင်တော့ တစ်ပတ်ထက် ပိုမခံပါဘူး။ ခွဲထားတဲ့ ကြက်ဥ၊ဘဲဥဆိုရင်တော့ ရေခဲသေတ္တာထဲမှာ ထည့်ထားပြီး နှစ်ရက်-လေးရက်အတွင်း စားမှ စိတ်ချရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top