Healthy Life Ad
Child

အရေပြားယားယံခြင်းနှင့် ဆက်စပ်နေသည့်ကိုယ်တွင်းရောဂါများ

ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော်(အရေပြားအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး ။ အရေပြားယားယံတဲ့အခါ ဘယ်လို လုပ်သင့်ပါသလဲ ဆရာမ။
ဖြေ ။ အရေပြားယားယံပြီဆိုရင် ဆေးကုဖို့ လိုရုံတင်မကဘဲ ဆေးလည်းစစ်သင့်ပါတယ်။ အရေပြားယားယံတာက ရောဂါတွေနဲ့ တွဲဖြစ်တတ်လို့ အရေပြားယားတာကို ပေါ့ပေါ့ဆဆမထားဘဲ ဆေးစစ်သင့်ပါတယ်။ သွေးစစ်တာ၊ ဆီးချိုသွေးချိုရောဂါနဲ့လည်ပင်းကြီးရောဂါရှိ၊ မရှိစစ်ဆေးတာ၊ အသည်းနဲ့ကျောက်ကပ်လုပ်ငန်းစစ်ဆေးတာ၊ ဟော်မုန်းပြဿနာတွေကို စစ်ဆေးတာစတာတွေပြုလုပ်ရပါမယ်။ အာထဆောင်း ရိုက်ရပါမယ်။ အရေပြားယားရတဲ့ အကြောင်းရင်းကို ကုသဖို့ ဘာကြောင့်ယားသလဲဆိုတာကိုအရင်သိအောင် စစ်ဆေးရပါမယ်။

ယားတယ်ဆိုတာ နာတာလိုပါပဲ။ သက်သောင့်သက်သာ မရှိဘဲ ခံစားချက်ဆိုးလှပါတယ်။ ယားရင် လူတိုင်းက တုန့်ပြန်ပြီး၊ ကုတ်တတ်ကြပါတယ်။ ဒါကြောင့် ယားရင်ကုတ်ပြီး ကုတ်လို့ ပိုယားတတ်ပါတယ်။ ဒီသံသရာက လည်နေတတ်ပါတယ်။

ဒါကြောင့် ဆေးခန်းကို ယားတဲ့သူလာပြရင် ယားတယ်လို့ ပြောစရာ မလိုအောင် အရေပြားက နီနေတယ်၊ ကုတ်ရာတွေရှိနေတယ်၊ အရေပြား ပေါက်ပြဲပြီး ပြည်တည်နေမယ်၊ အရည်ကြည်ဖုတွေ ရှိနေမယ်။ အရေပြား အပေါ်ယံလွှာပျက်ပြီး အရေပြား ခြောက်သွေ့နေမယ်၊ အရေပြား အရောင်ပြောင်းနေမယ်၊ အမာရွတ်တွေ ဖြစ်နေတတ်ပါတယ်။ အရေပြားထူလာတတ်ပါတယ်။

မေး ။ အရေပြားယားတာက ဘယ်လို ကိုယ်တွင်းရောဂါ တွေနဲ့ ဆက်စပ်မှုရှိတတ်ပါသလဲ ဆရာမ။
ဖြေ ။ အရေပြားယားတာက အရေပြားနဲ့ဆိုင်သလိုတစ်ကိုယ်လုံးမှာရှိတဲ့ ရောဂါတွေနဲ့လည်း ဆိုင်ပါတယ်။ စိတ်ကြောင့် ယားတတ်ပါတယ်။ ဆေးခန်းကို ယားတဲ့သူလာရင် မေးမြန်းတဲ့ မေးခွန်းတွေက အရေးကြီးပါတယ်။ ဘယ်နေရာက စယားတာလဲ။ တစ်နေရာတည်း ယားတာလား၊ တစ်ကိုယ်လုံး ယားတာလား။ ဘယ်အချိန် ယားသလဲ။ ညဘက်ယားတာက ဝဲဖြစ်တတ်တယ်။ သံကောင်ရှိရင် ယားတတ်တယ်။ ရာသီနဲ့လည်း ဆိုင်တတ်တယ်။ဥပမာ-ဆောင်းမှာ ပိုယားရင် အရေပြားခြောက်သွေ့လို့ ဖြစ်တတ်တယ်။ ဘာအလုပ်လုပ်သလဲ။ ဥပမာ- ဘိလပ်မြေကိုင်သူဆို ဘိလပ်မြေနဲ့မတည့်လို့ ယားတတ်တယ်။ အိမ်မွေး တိရစ္ဆာန်လေးတွေရှိရင် ဓာတ်မတည့်မှုဖြစ်လို့ အရေပြားယားတာမျိုး ဖြစ်တတ်ပါတယ်။ အသက်ကြီးသူတွေက အရေပြားခြောက်သွေ့တတ်ပါတယ်။ ဒါကြောင့် အရေပြား ထိန်းသိမ်းဖို့ လိုအပ်လှပါတယ်။

အခုနောက်ပိုင်းမှာ အရေပြားထိန်းပစ္စည်းတွေ၊ အလှပြင်ပစ္စည်းတွေက အသစ်တွေပေါ်တော့ စမ်းသုံးရင်း အရေပြားဓာတ်မတည့်မှု ဖြစ်ပြီး ဆေးခန်းလာပြသူတွေ များပါတယ်။ ဈေးကြီးသည်ဖြစ်စေ၊ ဈေးနည်းသည် ဖြစ်စေ အဲဒီအသုံးအဆောင်နဲ့ မတည့်ရင် အရေပြားယားတတ်ပါတယ်။ တစ်ကြိမ် ဓာတ်မတည့်မှုဖြစ်ဖူးတဲ့ ပစ္စည်းက နောက်တစ်ခါလည်း အရေပြားဓာတ်မတည့်မှု ဖြစ်တတ်ပါတယ်။

ယားတဲ့သူတွေရဲ့ အရေပြားကို စစ်ဆေးဖို့ လိုအပ်ပါတယ်။ ကုတ်ရာနေရာကို စစ်ဆေးရမှာဖြစ်တဲ့အပြင် တစ်ကိုယ်လုံး အရေပြားကို စစ်ဆေးရမှာပါ။

ယားစေတဲ့ အဓိကအကြောင်းရင်းက အရေပြားခြောက်သွေ့တာကြောင့် ဖြစ်တတ်ပါတယ်။ ဒါ့အပြင် တုန့်ပြန်လွယ်တဲ့ အရေပြားရောဂါတွေ၊ နှင်းခူရောဂါ၊ ပိုးဝင်ခြင်း (ဥပမာ- AIDS ၊ ဝဲ)။ နာတာရှည် အရေပြားရောဂါတွေ၊ ဥပမာ- ဆိုရီယားစစ်၊ ကိုယ်ခံစွမ်းအားနဲ့ဆိုင်တဲ့ အရေပြားရောဂါ၊ အရေပြားကင်ဆာ ရောဂါ၊ အသက်ကြီးသူတွေ၊ မိတ်၊ အင်ပြင်ရောဂါ တို့ဖြစ်တတ်ပါတယ်။

အရေပြားယားယံမှုနဲ့ ဆက်စပ်နေတဲ့ ကိုယ်တွင်းရောဂါတွေကတော့ အသည်းရောဂါ၊ အသည်း ခြောက်သွေ့ခြင်း၊ အသည်းရောင်ခြင်း၊ ဆီးချိုရောဂါ၊ လည်ပင်းကြီးရောဂါ၊ ကျောက်ကပ်ရောဂါ၊ ကိုယ်ဝန်ဆောင်တာ၊ ကိုယ်ဝန်ဆောင်ချိန်ဆေးနဲ့ ဓာတ်မတည့်တာ၊ စိတ်ရောဂါ (ဥပမာ- စိတ်ကစဉ့်ကလျားရောဂါ) သွေးနဲ့ ပတ်သတ်တဲ့ ရောဂါတွေ၊ (ဥပမာ- သွေးအားနည်းတာ၊ သွေးကင်ဆာ)၊ ကင်ဆာရောဂါတွေ (ဥပမာ-အဆုတ်၊ အစာအိမ်ကင်ဆာ)၊ ဆေးမတည့်တဲ့ ရောဂါ၊ ဥပမာ-Allopurinolသူတွေကြောင့် ယားတတ်ပါတယ်။

မေး ။ ယားယံတဲ့ ဝေဒနာမဖြစ်အောင် ဘယ်လို ကာကွယ်သင့်ပါသလဲ ဆရာမ။
ဖြေ ။ အရေပြားယားယံမှု မဖြစ်အောင် ယားစေတဲ့ အကြောင်းရင်းကို ရှောင်သင့်ပါတယ်။

အရေပြားခြောက်သွေ့မှု မဖြစ်အောင် ထိန်းသိမ်းရပါမယ်။

ရေပူနဲ့ ရေချိုးတာ၊ ရေစိမ်ချိုးတာတို့ကို ရှောင်ရပါမယ်။

အနံ့နည်းတဲ့ ဆပ်ပြာသုံးရပါမယ်။ ဆပ်ပြာပြောင်စင်တဲ့အထိ ရေချိုးရပါမယ်။ ရေသုတ်ရင်တောင် ပွတ်တိုက်ပြီး ခပ်ကြမ်းကြမ်း မသုတ်သင့်ပါဘူး။

လက်သည်းတိုတို ညှပ်ထားရပါမယ်။

နည်းနည်းယားရင်မကုတ်ဘဲ ရေအေး ဒါမှမဟုတ် ရေခဲရေထဲ မွေးပွတဘတ်ထည့်ပြီး ညင်ညင်သာသာပွတ်ပေးပါ။

ပူပြင်းတဲ့နေ့တွေမှာ အပြင်မထွက်သင့်ပါဘူး။

ချောင်ချိပွယောင်းတဲ့ ချည်သားအင်္ကျီ အဝတ်အစားတွေကို ဝတ်ဆင်သင့်ပါတယ်။

အရေပြားက ခြောက်သွေ့ရင် ပိုယားတတ်တော့၊ အရေပြားကို အစိုဓာတ်ဖြည့်ခရင်မ်လိမ်းဖို့ လိုပါတယ်။

အရေပြားကို အေးမြအောင် ထားဖို့လည်း လိုအပ်ပါတယ်။ အေးတဲ့ ချည်သားအင်္ကျီဝတ်ရမယ်၊ ရာသီဥတုပူပြင်းရင် အေးတဲ့နေရာမှာ နေရမယ်။

သွေးကြောကျယ်စေမယ့် ကော်ဖီ၊ အရက်၊ ဟင်းခတ်အမွှေးအကြိုင်၊ ရေနွေးပူကို ရှောင်ရမယ်။

ချွေးထွက်များပြီးကိုယ်အပူချိန်တက်စေမယ့် လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန်လုပ်တာမျိုး ရှောင်ရပါမယ်။

မေး ။ အရေပြားယားယံတဲ့ ဝေဒနာကို ဘယ်လို ကုသမှုပေးသင့်ပါသလဲ ဆရာမ။
ဖြေ ။ ယားစကတည်းက ကုတ်ထားရင် ပုရွက်ဆိတ်အုံတုတ်တို့သလို ကုတ်တိုင်းယားစေတဲ့ ပစ္စည်းတွေ ပိုထွက်တတ်ပါတယ်။ ဒါကြောင့် တတ်နိုင်သလောက် မကုတ်မိအောင် အယားပျောက်ဆေးတွေ လိမ်းတာ သောက်ဆေးကုရပါမယ်။အရောင်ကျဆေးပေးရမယ်။ ယားတယ်ဆိုတာ အရေပြား တစ်ခုတည်း ရောဂါလို့ မသတ်မှတ်ပါနဲ့။ တစ်ကိုယ်လုံးမှာ ရောဂါရှိနေတတ်ပါတယ်။အရေပြားမှာ ဘာမှမတွေ့ဘဲ ယားနေရင်လည်း သေချာစစ်ဆေးဖို့လိုပါတယ်။ယားတာက ခြောက်ပတ်ထက် ပိုကြာခဲ့ပြီဆိုရင် ဆေးစစ်ဆေးပြသဖို့ လိုအပ်နေပါပြီ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top