Healthy Life Ad
Child

ကျောင်းနေအရွယ် ကလေးများ၏ လေ့လာနိုင်စွမ်းကို တိုးတက်စေမည့် အစာ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ကလေးငယ်တွေအနေနဲ့ကျောင်းမှာ သင်ယူလေ့လာနိုင်စွမ်းကောင်းမွန်ဖို့အတွက် အာဟာရရဲ့အခန်းကဏ္ဌက အရေးကြီးပါတယ်။ နံနက်စာ ကိုပုံမှန်စားတဲ့ ကလေးတွေက နံနက်စာကိုမစား သူတွေထက် ကျောင်းစာမေးပွဲတွေမှာ ရလဒ်ကောင်းကောင်းရရှိတာ၊ အပြုအမူကောင်းမွန်တာ နဲ့ တက်ကြွလွန်မှုလျော့နည်းတာတွေကို တွေ့ရတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။

အရေးကြီးလှသည့်နံနက်စာ

ကလေးတွေအတွက်နံနက်စာအနေနဲ့ ဘာကိုကျွေးသင့်သလဲ . . မိဘတိုင်းသိချင်ကြမှာပါ။ဥပမာအနေနဲ့ ပြောရရင် နွားနို့တစ်ခွက်၊ သစ်သီးစိတ်တွေ၊ ထောပတ်သုတ်ထားတဲ့ ပေါင်မုန့်ညိုနဲ့ ကြက်ဥပြုတ်တစ်လုံးပါဝင်သင့်ပါတယ်။ အခွံချွတ်မထားတဲ့ ကောက်နှံစာ(ပေါင်မုန့်ညို)မှာ အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ်တို့ပါဝင်တာကြောင့် နေ့လယ်စာစားချိန်အထိတိုင်အောင် ကလေးငယ်ကို ဗိုက်ပြည့်နေစေပါတယ်။

သတိပြုရမှာက ကလေးကိုကိတ်မုန့်နဲ့အချိုကဲတဲ့ ဖျော်ရည်တွေ မကျွေးပါနဲ့။ ဒီအစာတွေကြောင့် ကလေးက နံနက်ခင်းမှာ ပင်ပန်းနေတတ်ပြီး ဗိုက်ဆာနေနိုင်ပါတယ်။ ကလေးက နေ့လယ်စာမစားခင်ကြားမှာ ဗိုက်ဆာနေနိုင်တာကြောင့် ပန်းသီးတစ်လုံး၊ အခွံမာသီးအနည်းငယ်၊ ကောက်နှံတစ်ခုလုံးနဲ့လုပ်ထားတဲ့ ခရက်ကာမုန့် (Whole grain crackers)တို့ကို ထည့်ပေးလိုက်ဖို့လိုပါတယ်။

ကျောင်းမှာစားသည့် နေ့လယ်စာ

ကျောင်းမှာရောင်းတဲ့ နေ့လယ်စာအများစု နဲ့သရေစာအများစုက အာဟာရမပြည့်ဝတဲ့အစာတွေ ဖြစ်တာများပါတယ်။ ဒါကြောင့် ကလေးကို နေ့လယ်စာအတွက် အိမ်ကနေ ထမင်းဘူးထည့်ပေးလိုက်ဖို့လိုပါတယ်။နေ့လယ်စာကိုကျန်းမာရေးနဲ့အညီ စားတာက ကလေးတွေကို ဉာဏ်ရည် ထက်မြက်နေစေပြီး နေ့လယ်ခင်းတစ်လျှောက်လုံးလေ့လာဖို့ အဆင်သင့်ဖြစ်နေတတ်ပါတယ်။

ကျောင်းမှာ စားရန်သရေစာ

ကလေးကိုဗိုက်ဆာတဲ့အခါ စားဖို့ သရေစာကို အိမ်ကနေထည့်ပေးလိုက်ဖို့လိုပါတယ်။ သရေစာအဖြစ် အချိုရည်၊ အာလူးချောင်းကြော်တို့ကို မစားပါစေနဲ့။ သစ်သီးတွေ၊ ဆင်းဒဝစ်ချ်မုန့် တွေနဲ့ ရေကိုသာ ထည့်ပေးလိုက်ပါ။ ကလေးတွေ ရဲ့ ကျန်းမာရေးအတွက် မသင့်တော်တဲ့ သရေစာတွေကို အိမ်မှာလုံးဝမထားပါနဲ့။

မိသားစုစုံညီစားသည့် ညစာ

ကလေးတွေကို ညစာကျွေးရာမှာမိသားစု ထမင်းဝိုင်းထဲ ပါဝင်ခွင့်ပေးပါ။ ဒီလို မိသားစုနဲ့ အတူစားတာကြောင့် အစာအာဟာရနဲ့ ပတ်သက်ပြီး အရွယ်ရောက်တဲ့အထိ ကောင်းကောင်း ရွေးချယ်တတ်သွားပါလိမ့်မယ်။ အစားအသောက်ရွေးချယ်မှုမှားတာကြောင့် အဝလွန်တဲ့ကလေးဟာ အရွယ်ရောက်ချိန်မှာ အဝလွန်သူတစ်ဦးဖြစ်လာနိုင်ခြေများပါတယ်။

ငယ်တဲ့ကလေးတွေအတွက် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို အစုံအလင်စားတတ်အောင်သင်ပေးထားပါ။ ကလေးကို အစာကျွေးတိုင်း အသားဓာတ်ပါဝင်ဖို့အပြင် ဟင်းသီးဟင်းရွက်နှစ်မျိုးလောက်စားဖြစ်အောင် စီမံပြီး ကျွေးသင့်ပါတယ်။

ကလေးတွေအနေနဲ့ အာဟာရပြည့်ပြည့်ဝ၀ စားသောက်ပြီး ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လုပ်ဆောင်စေတာက လေ့လာသင်ယူတဲ့နေရာမှာ ကောင်းကောင်းစွမ်းဆောင်နိုင်စွမ်းရှိစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top