၊ လရိပ်မေ ၊
အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာတွေစားရင် သွေးတွင်းကိုလက်စထရောပမာဏကို လျော့ကျစေပြီး နှလုံးရောဂါနဲ့ ကင်ဆာရောဂါတချို့ရဲ့ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ အမျှင်ဓာတ်ပါတဲ့ အစားအသောက်တွေကတော့ ဂျုံ၊ အာလူး၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်စတာတွေပဲ ဖြစ်ပါတယ်။
အမျှင်ဓာတ်အမျိုးအစား
အမျှင်ဓာတ်မှာ ပျော်ဝင်တဲ့ အမျှင်ဓာတ်နဲ့ မပျော်ဝင်တဲ့ အမျှင်ဓာတ်ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဂျုံမှုန့်၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တချို့မှာ မပျော်ဝင်တဲ့ အမျှင်ဓာတ်တွေပါဝင်နေပြီး ရေထဲမှာ မပျော်ဝင်နိုင်ပါဘူး။ ဒီအမျှင်ဓာတ်အမျိုးအစားဟာ သဘာဝ၀မ်းပျော့ဆေးအဖြစ် ဆောင်ရွက်ပေးကာ ဝမ်းမှန်စေပါတယ်။ ဝမ်းချုပ်တာနဲ့ လိပ်ခေါင်းမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အပြင် အူမကြီးကင်ဆာဖြစ်နှုန်းကိုလည်း လျှော့ချပေးပါတယ်။ ပျော်ဝင်တဲ့အမျှင်ဓာတ်ကတော့ ပဲအမျိုးမျိုး၊ အုတ်ဂျုံမှုန့်၊ သစ်သီးတချို့နဲ့ ဟင်းသီးဟင်းရွက်တချို့မှာပါဝင်ပြီး ရေမှာပျော်ဝင်နိုင်ပါတယ်။ ဒီအမျိုးအစားဟာ သွေးတွင်းကိုလက်စထရောပမာဏကို လျော့ကျစေပြီး ဆီးချိုသွေးချိုရောဂါကုသရေးမှာ အရေးပါပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်ပါတဲ့ အာဟာရဟာ ကိုယ်အလေးချိန်ကိုထိန်းပေးကာ အဝလွန်တာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
လိုအပ်သော အမျှင်ဓာတ်ပမာဏ
လူတစ်ယောက်ဟာ တစ်နေ့မှာ အမျှင်ဓာတ် ၂၀-၃၅ဂရမ်မှီဝဲဖို့ လိုအပ်တယ်လို့ သတ်မှတ်ထားပေမယ့်လည်း ပျမ်းမျှအားဖြင့် အမေရိကန်နိုင်ငံသားတစ်ဦးဟာ တစ်နေ့မှာ အမျှင်ဓာတ် ၁၂-၁၅ ဂရမ်လောက်ပဲ စားသုံးတတ်ကြကြောင်း သိရပါတယ်။ တစ်နေ့တာလိုအပ်တဲ့ အမျှင်ဓာတ်ရအောင် ဘယ်လိုအစားအသောက်တွေစားရင် ပြည့်နိုင်မလဲဆိုတာတွက်ချက်နိုင်စေဖို့ အမျှင်ဓာတ်ပါတဲ့ အစားအစာတချို့ကိုသိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
– အညိုရောင်ပေါင်မုန့်တစ်ချပ်(၁ဒသမ ၆ဂရမ်)၊
– အဖြူရောင်ပေါင်မုန့်တစ်ချပ်(ဝ ဒသမ၆ ဂရမ်)၊
– ချက်ပြီးသားဆန်လုံးညို ခွက်တစ်ဝက်(၂ ဒသ မ ၄ ဂရမ်)၊
– ချက်ပြီးသား ထမင်းဖြူခွက်တစ်ဝက်(ဝဒသမ တစ်ဂရမ်)၊
– အီတလီခေါက်ဆွဲ ခွက်တစ်ဝက်(ဝ ဒသမ ၈ဂရမ်)၊
– ချက်ပြီးသား ပဲနီစေ့ခွက်တစ်ဝက်(၅ဒသမ ၈ ဂရမ်)၊
– အာလူးမီးဖုတ် အလတ်စားအရွယ်တစ်လုံး (၃ဒသမ ၈ ဂရမ်)၊
– ပြောင်းဖူးခွက်တစ်ဝက် (၃ ဒသမ ၉ ဂရမ်)၊
– ဟင်းနုနယ်ရွက်ခွက်တစ်ဝက် (နှစ်ဂရမ်)၊
– ဆလတ်ရွက် ခွက်တစ်ဝက်(ဝ ဒသမ ၃ ဂရမ်)၊
– စတော်ဘယ်ရီသီးခွက်ရဲ့လေးပုံတစ်ပုံ(နှစ်ဂရမ်)၊
– အလတ်စားငှက်ပျောသီးတစ်လုံး(နှစ်ဂရမ်)၊
– အလတ်စားပန်းသီးတစ်လုံး(အခွံပါ) (၂ ဒသမ ၆ ဂရမ်)၊
– လိမ္မော်သီးငယ်တစ်လုံး (၁ ဒသမ ၂ ဂရမ်) တို့ပါဝင်နေပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)