Healthy Life Ad
Life Style

ဆေးလိပ်နှင့် ကင်ဆာ

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး) (အတွင်းရေးမှူး၊ ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း)နှင့် တွေ့ဆုံဆွေးနွေးခြင်း

နှစ်စဉ် မေလ ၃၁ ရက်နေ့ကို ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ (World No Tobacco Day) အဖြစ်သတ်မှတ်ထားပါတယ်။ ဆေးလိပ်သောက်သူရဲ့ခန္ဓာကိုယ်မှာ အင်္ဂါအစိတ်အပိုင်းအတော်များများဆေးလိပ်ကြောင့် ထိခိုက်မှုရှိတတ်တယ်ဆိုတာ သိထားကြပြီးသားဖြစ်တာကြောင့် ဆေးလိပ်နဲ့ ကင်ဆာအကြောင်း မေးမြန်းဖော်ပြပေးလိုက်ပါတယ်။

မေး ။ ဆေးလိပ်ရဲ့ အန္တရာယ်တွေကို သိပါရစေ ဆရာ။
ဖြေ ။ ၂၀၁၈ မေလ ၉ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ရဲ့ထုတ်ပြန်ချက်အရ ကမ္ဘာ့အနှံ့ဆေးလိပ်သောက်သုံးမှုက ကပ်အသွင်ဖြစ်နေပြီး ကြီးမားတဲ့ ကျန်းမာရေးခြိမ်းခြောက်မှုအန္တရာယ် ဖြစ်လာတယ်လို့သိရပါတယ်။ ဆေးလိပ်ကြောင့် ကမ္ဘာပေါ်မှာ နှစ်စဉ် လူဦးရေ ၇သန်းကျော်သေဆုံးနေပြီး အဲဒီအထဲက လူဦးရေ ၆ သန်းမှာ ကိုယ်တိုင်ဆေးလိပ်သောက်လို့ဖြစ်ကာ ကျန်လူဦးရေ ၉ သိန်းခန့်ကတော့ တစ်ဆင့်ခံဆေးလိပ်ငွေ့ ရှူရှိုက်ရတာကြောင့် ဖြစ်ပါတယ်။ ဆေးလိပ်သောက်သူတွေရဲ့ ထက်ဝက်ခန့်မှာ ဆေးလိပ်ကြောင့်ဖြစ်တဲ့ ရောဂါတွေကြောင့် သေဆုံးနေရတာ ဖြစ်ပါတယ်။ ဆေးလိပ်သောက်သူတွေက သေဆုံးချိန်မတိုင်ခင် သေဆုံးကြရပြီး ဆေးလိပ်မသောက်သူတွေထက် သေဆုံးမှုနှုန်း ၃ ဆခန့် မြင့်တက်လာတာကို တွေ့ရပါတယ်၊ ဒါ့အပြင် သာမန်လူတွေထက် ၁၀ နှစ်စောပြီး သေဆုံးနိုင်တယ်လို့ အမေရိကန်လေ့လာမှုတစ်ခုအရ သိရပါတယ်။

မေး ။ ဆေးလိပ်နဲ့ ကင်ဆာ ဆက်စပ်မှုအကြောင်းကိုလည်းပြောပြပေးပါဦး ဆရာ။
ဖြေ ။ ဆေးလိပ်မှာပါတဲ့ ဆေးရွက်ကြီးက ကမ္ဘာပေါ်မှာရှောင်ရှားနိုင်တဲ့ ကင်ဆာဖြစ်စေတဲ့တစ်ခုတည်းသော အကြောင်းရင်းဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ယုံကြည်ထားကြတယ်။ အရွယ်မတိုင်ခင် သေဆုံးမှုကိုလည်း ဖြစ်စေနိုင်တယ်။ ဆေးရွက်ကြီး သုံးစွဲမှုက ကင်ဆာအဖြစ်စေနိုင်ဆုံးအကြောင်းတစ်ခုဖြစ်ပြီး ကင်ဆာကြောင့် သေဆုံးမှုလည်း အများဆုံးဖြစ်ပါတယ်။ ကင်ဆာကြောင့် သေဆုံးမှုတွေရဲ့ ၃၀ ရာခိုင်နှုန်းနဲ့ အဆုတ်ကင်ဆာကြောင့် သေဆုံးမှုရဲ့ ၈၇ ရာ ခိုင်နှုန်းက ဆေးလိပ်သောက်တာကြောင့်လို့ တွေ့ရှိရပါတယ်။

ဆေးလိပ်ကြောင့် အနည်းဆုံး ကင်ဆာ ၁၅ မျိုး ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်ငွေ့မှာ ဆေးရွက်ကြီးမီးလောင်ရာက ထွက်လာတဲ့ ဓာတုပစ္စည်းတွေအပြင် ဆေးလိပ်မှာ ထပ်ဆောင်းထည့်သွင်းထားတဲ့ တခြား ဓာတုပစ္စည်းတွေလည်း ပါဝင်နေပါတယ်။ နီကိုတင်း၊ ကတ္တရာ၊ နိုက်ထရိုစမင်း၊ ဟိုက်ဒရိုဂျင်ဆိုင်ယာနိုက်၊ ခဲ၊ အာဆင်းနစ်၊ အမိုးနီးယား၊ ဘန်ဇင်း၊ ကာဗွန်မိုနော့ဆိုက်အစရှိတဲ့ ဓာတုပစ္စည်းအမျိုးပေါင်း ရာနဲ့ချီပြီးပါဝင်ကာ အဲဒီအထဲက အမျိုး ၇၀ကျော်က ကင်ဆာဖြစ်စေနိုင်တဲ့အရာလို့ဆိုပါတယ်။

ဆေးရွက်ကြီးနဲ့ မီးလောင်ရာကထွက်တဲ့ ဆေးလိပ်ငွေ့အတွင်းရှိ ဓာတုပစ္စည်းတွေက လူသားတွေ ရဲ့ ဆဲလ်အတွင်းရှိ ဒီအင်န်အေကို ထိခိုက်ပျက်စီးစေပြီး ကင်ဆာဖြစ်စေတာပါ။ ဒါကြောင့် နေ့စဉ် ဆေးလိပ်တစ်လိပ်သောက်ရင်တောင် နှလုံးနဲ့ သွေးကြောဆိုင်ရာရောဂါတွေအပြင် ကင်ဆာရောဂါကိုလည်း ဖြစ်စေနိုင်ပါတယ်။

ဆေးလိပ်ငွေ့တွေက အသက်ရှူလမ်းကြောင်းနံရံရှိ ဆဲလ်တွေကို ထိခိုက်ပျက်စီးစေပြီး ဆေးလိပ်ငွေ့နဲ့ထိတွေ့တဲ့ ခံတွင်း၊ အာခေါင်၊ အစာရေမျိုပြွန်၊ လည်ချောင်း၊ အစာအိမ်စတာတွေမှာကင်ဆာဖြစ်စေနိုင်တာကို တွေ့ရပါတယ်။

ဆေးလိပ်သောက်တာကြောင့် အဓိကဖြစ်တဲ့ ကင်ဆာက အဆုတ်ကင်ဆာပါ။ အဆုတ်ကင်ဆာက ကမ္ဘာပေါ်မှာ အမျိုးသား၊ အမျိုးသမီးအားလုံး အဖြစ်များတဲ့ ကင်ဆာ ဖြစ်ပါတယ်။ အဆုတ်ကင်ဆာအပြင် ဆေးလိပ်ငွေ့နဲ့ တိုက်ရိုက်ထိတွေ့တဲ့ ခံတွင်း၊ နှုတ်ခမ်း၊ နှာခေါင်းအတွင်းနံရံ၊ လေပြွန်၊ အာခေါင်၊ အစာ ရေမျိုပြွန်၊ အစာအိမ်တွေမှာ ကင်ဆာဖြစ်စေရုံသာမက ဆေးလိပ်ငွေ့နဲ့ တိုက်ရိုက်မထိတွေ့ပေမယ့် ပန်ကရိယ၊ ရင်သား၊ သားအိမ်ခေါင်း၊ အူမကြီး၊ ဆီးအိမ်နဲ့ ကျောက်ကပ်တွေမှာ ကင်ဆာဖြစ်နိုင်ခြေကိုလည်း ပိုများစေပါတယ်။

မေး ။ ဆေးလိပ်သောက်သူတွေက ဖြတ်ဖို့ စွဲလမ်းနေကြတယ်။ အဲဒါနဲ့ပတ်သက်ပြီး ပြောပြပေးပါဦးဆရာ။
ဖြေ ။ ဆေးလိပ်၊ ဆေးရွက်ကြီးမှာပါတဲ့ နီကိုတင်းဓာတ်က စွဲလန်းစေတတ်တဲ့ သတ္တိရှိတာကြောင့် သုံးစွဲသူတွေ ဆက်လက်သုံးစွဲချင်နေပြီး ဖြတ်ဖို့ ခက်ခဲတတ်ပါတယ်။ ခန္ဓာကိုယ်ကနေ စွဲလမ်းမှုက ၃ ရက်ကျော်ရင် လျော့သွားတတ်ပေမယ့် စိတ်စွဲလမ်းမှုကြောင့် ပြန်လည်သုံးစွဲမိကြတာပါ။ ဒါကြောင့် လူငယ်တွေက ဆေးလိပ်၊ ဆေးရွက်ကြီး အစမပြုမိဖို့ အရေးကြီးပါ တယ်။ အခုခေတ်မှာ ဆေးလိပ်ကို အလွယ်တကူ ဝယ်လို့ရတာ၊ ဈေးပေါတာ၊ လူအများက ရှုံ့ချမှုမပြုဘဲ လက်ခံတာ၊ ဆေးလိပ်သောက်တဲ့ မိတ်ဆွေသူငယ်ချင်းတွေက သောက်ဖြစ်အောင် တိုက်တွန်းတာ၊ စိတ်ဖိစီးမှုများလို့ထွက်ပေါက်တစ်ခုအနေနဲ့ သောက်တာတွေကို တွေ့ရပါတယ်။

ဆေးလိပ်သောက်သုံးမှု ဆိုးကျိုးတွေကို သိရှိအောင် ပညာပေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန် ဆောင်ရွက်တာ၊ ဆေးလိပ်ကို အလွယ်တကူဝယ်လို့ မရအောင် ကန့်သတ်တာ၊ ဈေးနှုန်းမြှင့်ပြီး အခွန်ငွေ ပိုကောက်တာ၊ လူအများသွားလာတဲ့ နေရာတွေမှာ ဆေးလိပ်သောက်သုံးမှုမပြုဖို့ ဥပဒေပြဌာန်းတာ စတာတွေကိုအာဏာပိုင်အစိုးရနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ကလည်း ကိုယ်တိုင် ဆေးလိပ်သောက်သုံးမှုကို ရှောင်ကြဉ်ပြီး ဆေးလိပ်သောက်သူလူနာတွေကို ဆေးလိပ်ရဲ့ ဆိုးကျိုး ရှင်းလင်းပြောကြားပေးရပါမယ်၊ ဆေးလိပ်ဖြတ်ဖို့ အကြံပြု ကူညီပေးရပါမယ်။ ဘယ်လိုလုပ်သင့်သလဲဆိုတော့ ပထမအဆင့်မှာ လူနာကို ဆေးလိပ်သောက်သုံးမှု ရှိ၊ မရှိ မေးမြန်းရပါမယ်။ ဒုတိယအဆင့်အနေနဲ့ ဆေးလိပ်သောက်ရင် ဆေးလိပ်ဖြတ်ဖို့ အကြံပြုရပါမယ်။ တတိယအဆင့်ကတော့ ဆေးလိပ်ဖြတ်ချင်စိတ်ရှိ၊ မရှိသုံးသပ်ရပါမယ်။ စတုတ္တအဆင့်အနေနဲ့ ဆေးလိပ်ဖြတ်လိုသူတွေကို ဆေးလိပ်ဖြတ်ဖို့ နည်းလမ်းတွေဝေမျှပေးရပါမယ်။ ပဉ္စမအကြိမ်မှာတော့ ဆေးလိပ်ဖြတ်တာအောင်မြင်မှု ရှိ၊မရှိ စစ်ဆေးပြီး ဆေးလိပ်ကို ရာသက်ပန်ဖြတ်နိုင်စေဖို့ရာ စိတ်ပိုင်းဆိုင်ရာ အကူအညီတွေပေးရမှာဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top