Healthy Life Ad
International

အဖြေရှာမရသည့် နာတာရှည်ချောင်းဆိုးခြင်းကို ၃၅ နှစ်တိုင် ခံစားနေရသူ

၊ ကိုထက် ၊

ချောင်းဆိုးစေနိုင်တဲ့အကြောင်းရင်းတွေ အလွန်များပြားလှပြီး လူတိုင်းချောင်းဆိုးဖူးကြပါတယ်။ သာမန်ချောင်းဆိုးသူတွေဟာ ရက်အပိုင်းအတွင်း ပျောက်ကင်းသွားနိုင်ပြီး တခြားရောဂါရဲ့ နောက်ဆက်တွဲအနေနဲ့ ချောင်းဆိုးသူတွေကလည်း ထိုရောဂါကို ကုသပေးလိုက်ရင် ချောင်းဆိုးတာ ပျောက်ကင်းနိုင်ပါတယ်။ အင်္ဂလန်မှာ နေထိုင်တဲ့ အသက် ၇၆ ရှိပြီဖြစ်တဲ့ မေရာကတော့ဘာအကြောင်းကြောင့်မှန်းမသိဘဲ ချောင်းဆိုးနေခဲ့တာ ၃၅ နှစ် ကြာခဲ့ပါပြီ။ ဆရာဝန်တွေက နည်းလမ်းမျိုးစုံ ကြိုးစားရှာဖွေပြီး ကုသမှုတွေပေးကြည့်ခဲ့ပေမယ့် ယခုအချိန်ထိ မပျောက်ကင်းသေးဘူးလို့သိရပါတယ်။

အင်္ဂလန်နိုင်ငံအတွင်း နာတာရှည်ချောင်းဆိုး ဝေဒနာဖြစ်ပွားသူ တစ်သောင်းမကရှိနေတယ်လို့ သိရပါတယ်။ အများစုကတော့ ကုသလို့မရသေးတဲ့ ရောဂါတွေကြောင့်ဖြစ်ပြီး မေရာလို့ အဖြေရှာမရတဲ့ နာတာရှည်ချောင်းဆိုးခြင်းကတော့နည်းပါးပါတယ်။

မေရာဟာ အသက် ၄၀ အရွယ်လောက်ကစပြီး ချောင်းဆိုးခဲ့ပါတယ်။ ချောင်းတစ်ခါဆိုးပြီး တစ်မိနစ်လောက်နေတာနဲ့ လည်ချောင်းတွေပြန်ယားလာပြီး ချောင်းထပ်ဆိုးတယ်လို့ဆိုပါတယ်။ အစပိုင်း မှာတော့ ဖုန်တွေအမှုန်တွေကြောင့်လို့ ထင်ခဲ့ပါတယ်။ နောက်နည်းနည်းကြာလာတော့ အအေးမိပိုးတွေကြောင့်လားလို့ ထင်ခဲ့ကြပါသေးတယ်။ ဒီလိုနဲ့ ရက်ကြာလာတဲ့အခါ ဆေးရုံသွားပြီး ပြသခဲ့ပါတယ်။ ဆရာဝန်တွေက နည်းလမ်းများစွာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် ချောင်းဆိုးရခြင်းအကြောင်းရင်ကို မရှာဖွေနိုင်သေးပါဘူး။ မေရာရဲ့ အသက်ရှူလမ်းကြောင်းတစ်လျှောက် မှန်ပြောင်းကြည့်တာ၊ ဓာတ်မတည့်တာရှိမရှိ စမ်းသပ်နည်းများစွာ စမ်းသပ်ခဲ့ပေမယ့် အဖြေမတွေ့ရှိခဲ့ကြပါဘူး။

“တစ်ချိန်လုံး ချောင်းဆိုးနေတာအရမ်းကို ခက်ခဲပါတယ်၊ လူကြားလည်းမတိုးတော့ဘူး၊ ပွဲလမ်း အခမ်းအနားတွေလည်း သွားဖို့ခက်ပါတယ်၊ စာကြည့်တိုက်ဆိုရင် လုံးဝကိုမသွားရဲလောက်အောင်ပါပဲ၊ အဆိုးဆုံးကတော့ ကျွန်မက ဘုရားကျောင်းမှာ သီချင်းဆိုသူပါ၊ အခုတော့ ဘယ်လိုမှ သီချင်းလည်း မဆိုနိုင်တော့ပါဘူး”လို့ မေရာကပြောပြခဲ့ပါတယ်။ နာတာရှည်ချောင်းဆိုးခြင်းက သူ့ဘဝကို အရမ်းကို ခက်ခဲခဲ့စေတယ်လို့သိရပါတယ်။ တစ်ညလုံးလည်း ချောင်းဆိုးနေတတ်တဲ့အတွက် သူရဲ့ ယောကျာ်းဖြစ် သူလည်း အခန်းခွဲပြီး အိပ်ရတယ်လို့သိရပါတယ်။

မန်ချက်စရာတက္ကသိုလ်မှ ပညာရှင်တွေနဲ့ ကျောင်းသားများက နာတာရှည်ချောင်းဆိုးခြင်းကို ကုသပေးနိုင်မယ့် ဆေးတစ်မျိုးကို ရှာဖွေဖန်တီးလျက်ရှိပါတယ်။ မေရာက ဒီဆေးသစ်နဲ့ စမ်းသပ်ကုသမှုကို ခံယူလျက်ရှိတယ်လို့လည်း သိရပါတယ်။

“ကျွန်မအတွက် ဒီချောင်းဆိုးတာကြီးပျောက်ဖို့ဆိုတာ မျှော်လင့်ချက်မရှိတော့ဘဲ စိတ်လျှော့ထားပြီးပါပြီ၊ ဒီလိုဘဝတစ်လျှောက်လုံးနီးပါး ချောင်းဆိုးလာရတဲ့ ဘဝက ဘယ်လောက်ခက်ခဲလည်း ကျွန်မအသိဆုံးပါပဲ… ဒီဝေဒနာတွေ ဖြစ်နေတဲ့ တခြားသူတွေနဲ့ နောက်ထပ်ထပ်ဖြစ်လာမယ့်သူတွေ ကျွန်မလိုမခံစားရအောင် ကုသဆေးတွေ အောင်မြင်ဖို့လိုပါတယ်၊ ဒီအတွက် လိုအပ်တဲ့ စမ်းသပ်ချက်တွေကို ခံယူဖို့ကျွန်မသဘောတူခဲ့တာပါ”လို့ မေရာက ပြောပြခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top