Healthy Life Ad
Women

အရေပြားအထူးကုဆရာဝန်များ သတိပေးထားသည့် အလှအပရေးရာ အသုံးအဆောင် ၇ မျိုး

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

အရေပြားအထူးကု ဆရာဝန်တွေက သဘောတူထောက်ခံထားတဲ့ အလှအပအသုံးအဆောင်တွေဆိုရင် လူတွေက ယုံကြည်စိတ်ချစွာ သုံးတတ်ကြပါတယ်။ သူတို့ကိုယ်တိုင် ဆင်ခြင်တဲ့ အမျိုးအစားတွေကို ဖော်ပြလိုက်ပါတယ်။

(၁) လက်နှင့် ခန္ဓာကိုယ်လိမ်းလိုးရှင်းအစား ခရင်မ်သုံးခြင်း
အရေပြားအထူးကု ဆရာဝန်တွေကလိုးရှင်းထက်ပိုပြီး ထူပျစ်ကာစေးကပ်တဲ့ ခရင်မ်ကိုပဲသုံးပါတယ်။ ခရင်မ်က အရေပြားထဲစိမ့်ဝင်ပြီး အရေပြားကနေ အစိုဓာတ်ဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဘော်ဒီလိုးရှင်းကတော့ ရေဓာတ်ပါဝင်မှု ပိုများပါတယ်။ ခြောက်သွေ့မှုမများတဲ့ အရေပြားအတွက် လိုးရှင်းက သင့်တော်ပြီး အရေပြားပေါ်မှာ စေးကပ်တဲ့ ခံစားမှုတော့ မရဘူးပေါ့။

(၂) နေကာခရင်မ်ဖျန်းဆေးအစား ခရင်မ်သုံးခြင်း
နေကာခရင်မ်ဖျန်းဆေးက အသုံးပြုရသိပ်ကို အဆင်ပြေတယ်လို့ ကျွမ်းကျင်သူတွေ သဘောတူကြပါတယ်။ ဒါပေမဲ့ နေကာခရင်မ်ကိုပဲ ပိုသုံးသင့်ပါသတဲ့။ စပရေးက အရေပြားရဲ့ ထူထဲတဲ့ အလွှာထဲ ဝင်ရောက်ဖို့ သိပ်မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် အရေပြားထဲမဝင်ရောက်ခင် ပါဝင်ပစ္စည်းတချို့ ဆုံးရှုံးသွားလို့ပါ။ ဇင့်အောက်ဆိုက်ပါတဲ့ နေကာခရင်မ်က အရေပြားကို ပိုနူးညံ့ပြီး ပိုထိရောက်မှုရှိစေပါတယ်။ ခရမ်းလွန်ရောင်ခြည်ကိုလည်း မစုပ်ယူဘဲ တုန့်ပြန်နိုင်စွမ်းရှိပါသတဲ့။

(၃) မီးသွေးမျက်နှာပေါင်းတင်ဆေးအစား အခြားအမျိုးအစားသုံးခြင်း
မီးသွေးမျက်နှာပေါင်းတင်ဆေးက အရေပြားကို နာကျင်စေရုံသာမက အရေပြားတည်ဆောက်ပုံကိုပါ ထိခိုက်စေနိုင်ပါတယ်။ ပေါင်းတင်ဆေးထဲ ပါဝင်တဲ့ ပစ္စည်းတွေက အလွန်ကြမ်းတမ်းပြီး အရေပြားဆဲလ်တွေကို ဖယ်ရှားပေးတဲ့အပြင် အရေပြားအဆီတွေ၊ အရေပြားအမွှေးအမှင်တွေကိုပါ ကင်းကွာကုန်စေပါတယ်။

(၄) အုန်းဆီ
အုန်းဆီက အိမ်တွင်းကုထုံးအနေနဲ့ အလွန်ရေပန်းစားပါတယ်။ ဒါပေမဲ့ မျက်နှာအသားအရေ ထိန်းသိမ်းရာမှာတော့ အုန်းဆီမသုံးသင့်ပါဘူး။ အုန်းဆီက အရေပြားကို အဆီပြန်စေပြီး ချွေးပေါက်ပိတ်စေတဲ့ အတွက် ဝက်ခြံနဲ့ အဖုအပိမ့်တွေ ထွက်စေနိုင်လို့ပါ။

(၅) အသားညိုအောင် နေပူခံရာတွင် လိမ်းသည့်ဆီ ရှောင်ခြင်း
အသားညိုအောင်နေပူခံတဲ့အခါ လိမ်းတဲ့ဆီကို အရေပြားအထူးကုဆရာဝန်တွေက သိပ်သဘောမကျပါဘူး။ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်စွမ်းနည်းတဲ့အပြင် အရေပြားအခြေအနေပိုဆိုးစေပြီး ချွေး ပေါက်တွေကို ပိတ်ဆို့စေလို့ပါ။

(၆) ဟိုက်ဒရိုကော်တီစုန်းခရင်မ်ရှောင်ခြင်း
ဒီခရင်မ်က ပြင်းအားများတဲ့ စတီးရွိုက်ပစ္စည်းပါ။ ပြင်းထန်တဲ့ အရေပြားရောဂါရှိသူတွေမှာသာ အရေပြားအထူးကု ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ သုံးရတာပါ။ တချို့လူတွေက ကိုယ့်သဘောနဲ့ကိုယ်ဝက်ခြံပေါက်တိုင်းသုံးရာက အရေပြားနီမြန်းတာ၊ ပါးလျတာ၊ အရေပြားရောင်ရမ်းတာ၊ ဝက်ခြံပေါက်တာ စတာတွေ ဖြစ်လာတတ်ပါတယ်။

(၇) ခြေထောက်ပေါင်းတင်ဆေးရှောင်ခြင်း
ခြေထောက်ပေါင်းဆေးသုံးတာကို အရေပြားအထူးကု ဆရာဝန်တွေက သဘောမကျပါဘူး။ ခရင်မ်မှာလည်း တူညီတဲ့အာနိသင်ရှိပါတယ်။ ခြေထောက်ပေါင်း တင်တာက သိပ်အသုံးမတည့်ဘူးလို့ ဆိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top