Healthy Life Ad
International

ဆီးချိုရောဂါရှိသူတို့ သတိပြုရမည့် ကစီဓာတ်

ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. ဆီးချိုရောဂါရှိသူတွေက တစ်နေ့ကို ကစီဓာတ် ဘယ်လောက်ပမာဏ စားသင့်ပါသလဲ ဆရာမ။

ဖြေ. ဆီးချိုသွေးချိုရောဂါသည်တွေ အစာစားတဲ့အခါ ဆင်ဆင်ခြင်ခြင်စားနိုင်မှ ဆီးချိုကျမှာဖြစ်ပါတယ်။ အဓိက ကစီဓာတ်လို့ခေါ်တဲ့ ကာဗိုဟိုက်ဒရိတ်ကိုပဲ လျှော့ပေးရပါမယ်။ အစားအသောက်မှာပါတဲ့ ကာဗိုဟိုက်ဒရိတ် (ကစီဓာတ်)က ခန္ဓာကိုယ်အတွက်စွမ်းအင်ကို ၄၀-၇၀ ရာခိုင်နှုန်းအထိရပါတယ်။

ဆီးချိုသမားတွေကို ကစီဓာတ်ရရှိနှုန်းကို ပုံမှန်တစ်ရက်မှာ ၁၃၀ ဂရမ်ပေးပြီး သာမန်လူတွေကိုတော့ ၂၀ဝ-၂၂၀ ဂရမ်ပေးပါတယ်။ ဥပမာ- အမျိုးသားတွေဆိုရင် ၂၀ဝ ဂရမ်လောက်ပေးပြီး မိန်းကလေးဆိုရင် ၁၈၀ ဂရမ်ပေးပါတယ်။ ဒီလိုပမာဏတွေ စားသောက်ဖို့ပြောတဲ့အခါ နိုင်ငံခြားက လူတွေကျတော့လွယ်ပါတယ်။ ဘယ်အစာကိုဘယ်လောက် စားရင်တော့ ကစီဓာတ် ဘယ်လောက်ပမာဏ၊ ပရိုတင်းဘယ်လောက်ပါတယ်၊ အဆီဓာတ်ဘယ်လောက်ပါတယ်ဆိုပြီး တွက်ချက်ထားတဲ့အစာတွေ များပါတယ်။ ဒီတော့ တွက်ချက်ရတာလွယ်ပါတယ်။ ဆရာမတို့ မြန်မာအစားအစာတွေမှာဆိုရင် ထမင်း ၁၀ဝ ဂရမ်မှာ ကစီဓာတ်ဘယ်လောက်ပါလဲမသိရပါဘူး။ ဒါကြောင့် မြန်မာအစားအသောက်တွေကို ဘယ်ဟာကို ဘယ်လောက်စားလို့ပြောရတာ နည်းနည်းတော့ခက်ပါတယ်။

ပုရစ်ကြော်ကို ဆီးချိုသမားစားလို့ရလားဆိုပြီး ခဏခဏလာမေးကြပါတယ်။ ပုရစ်ကြော်က ကစီဓာတ်များတဲ့အတွက် ဆီးချိုသမားတွေနဲ့ မတည့်ပါဘူးဆိုတာကို ရှင်းပြရပါမယ်။ အရမ်းစားချင်ရင်တော့ တစ်ကောင်၊ နှစ်ကောင်စားနိုင်ပါတယ် . . .

မေး. ဆီးချိုလူနာတွေက ကန်စွန်းဥ၊ အာလူးတို့လို ကစီဓာတ်တွေကို စားလို့ရပါသလား ဆရာမ။

ဖြေ. ဆီးချိုလူနာအတော်များများက ကန်စွန်းဥစားလို့ရလား၊ အာလူးစားလို့ရလားလို့ ခဏခဏ မေးတတ်ကြပါတယ်။ ကန်စွန်းဥရဲ့ သဘာဝက ဗိုက်ပြည့်လွယ်ပါတယ်။ တချို့နေ့တွေမှာ ကန်စွန်းဥတစ်လုံးလောက် စားထားတယ်ဆိုရင် စွတ်ပြုတ်တစ်ခွက်လောက် သောက်ပေးရုံနဲ့အဆင်ပြေပါတယ်။ အာလူးမှာလည်း ကစီဓာတ် အဲလောက်အများကြီးမပါပါဘူး။ ဆီးချိုသမားတွေ အာလူးစားချင်တယ်ဆိုရင် ကြော်ကျွေးတာထက် ပြုတ်ကျွေးတာကောင်းပါတယ်။

နောက်တစ်ခုကပုရစ်ကြော်ပါ။ ဆီးချိုသမားစားလို့ရလားဆိုပြီး ခဏခဏလာမေးကြပါတယ်။ ပုရစ်ကြော်က ကစီဓာတ်များတဲ့အတွက် ဆီးချိုသမားတွေနဲ့ မတည့်ပါဘူးဆိုတာကို ရှင်းပြရပါမယ်။ အရမ်းစားချင်ရင်တော့ တစ်ကောင်၊ နှစ်ကောင်စားနိုင်ပါတယ်။

မေး. ဆီးချိုရှိသူတွေက ပဲတွေကော စားလို့ရပါသလား ဆရာမ။

ဖြေ. ပဲတွေကျွေးတဲ့အခါမှာတော့ နည်းနည်း သတိထားရပါတယ်။ ပဲဆိုတာမျိုးက ကျန်းမာရေးနဲ့ ညီညွတ်တော့စားလို့ရပါတယ်။ ဒါပေမဲ့ ပဲဆိုတာက ပရိုတင်းလည်းများတယ်၊ ကစီဓာတ်လည်းများတဲ့အတွက် ပဲဟင်းရည်အများကြီးသောက်မယ်၊ ထမင်းကလည်း များများစားထားမယ်ဆိုရင်တော့ သတိထားရပါတယ်။

မေး. ဆီးချိုရောဂါရှိသူတွေ ကစီဓာတ်စားသုံးမှုနဲ့ပတ်သက်ပြီး ဆရာမရဲ့ ဆေးကုသမှုအတွေ့အကြုံက တစ်ဆင့် ဘာပြောလိုပါသလဲ။

ဖြေ. ဆီးချိုလူနာတွေကို ကစီဓာတ်လျှော့စားလို့ ပြောနေပေမယ့် လက်တွေ့မှာတော့ လူနာတွေက ထမင်းနည်းနည်းမှ မစားရရင် ရင်ပူလို့ မစားရ မနေနိုင်ပါဘူးလို့ပြောကြပါတယ်။ ဒီတော့ လူနာတွေကို သူတို့စားချင်တာပေးစားပြီး အဓိကစားတဲ့ ကစီဓာတ် ပမာဏကိုပဲလျှော့ခိုင်းပါတယ်။ လူနာတွေကို သေသေချာချာရှင်းပြရတယ်။ ဘယ်ပမာဏက များနေတယ်၊ လျှော့စားပါ၊ ဆီးချိုထိန်းချုပ်မှုအားကောင်းရင် ဒီနေ့တော့ ဘယ်လောက်စားစသဖြင့်ပြောပြပေးရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top