Healthy Life Ad
Men

အရွယ်တင်နုပျိုစေမည့် အရည်များ

၊ ငွေကြယ်စင်ယံ ၊

ဆေးလိပ်သောက်တာ၊ သူတစ်ပါးသောက်တဲ့ ဆေးလိပ်ငွေ့ကို ရှုမိတာ၊ အရက်အလွန်အမင်း သောက်တာ၊ မူးယစ်ဆေးသုံးတာ၊ အစားအသောက် ကျန်းမာရေးနဲ့မညီတာ၊ လေ့ကျင့်ခန်း မလုပ်တာ၊ စိတ်ဖိစီးမှုများတာ၊ နေဒဏ်ကို အလွန်အမင်းခံရတာ၊ သကြားကဲတဲ့ ဆိုဒါ အချိုရည်သောက်တာစတဲ့ အကြောင်းတွေကြောင့် အိုမင်းမှုဖြစ်စဉ်ကို တိုးစေနိုင်ပါတယ်။ အဲဒီအချိန်မှာ ဖြစ်ပေါ်လာတဲ့ အိုမင်းမှုလက္ခဏာတွေကို တွန်းလှန်နိုင်ဖို့ အောက်ပါအရည်တွေကိုသောက်သင့်ပါတယ်။ ဒီအရည်အသောက်တွေက အရွယ်တင်နုပျိုကြည်လင်စေတဲ့နည်းတွေဖြစ်ပါတယ်။

လတ်လတ်ဆတ်ဆတ် ညှစ်ထားသော စပျစ်ဖျော်ရည်
ဗီတာမင်စီ အများအပြား ပါဝင်တဲ့ စပျစ်သီးဖျော်ရည်ဟာ အသားအရေတင်းရင်း သန်စွမ်းစေတဲ့ကော်လာဂျင်ကို အကောင်းဆုံး ထွက်ရှိစေပါတယ်။ အသက်ကြီးလာတဲ့အခါ ကော်လာဂျင်ထုတ်လုပ်မှုလျော့ကျလာပြီး အရေးကြောင်းထင်တာ၊ အသားအရေ ခြောက်သွေ့တာတို့လို အိုမင်းမှုလက္ခဏာတွေပေါ်လာတတ်ပါတယ်။ စပျစ်သီးမှာပါတဲ့ စပါမီဒင်းဟာ ဆဲလ်ကြီးထွားမှုကို အားပေးပါတယ်။

ရှားစောင်းလက်ပပ်ဖျော်ရည်
စွယ်စုံသုံးနိုင်တဲ့ ရှားစောင်းလက်ပပ်ဟာ သင့်ကို ပျိုမြစ်နုနယ်မှုပေးစွမ်းနိုင်ပါတယ်။ ရှားစောင်းလက်ပပ်မှာအမိုင်နိုအက်စစ်နဲ့ အာဟာရဓာတ်အများအပြားပါဝင်တာကြောင့် အရေပြားဆဲလ်တွေကို အစားထိုးပေးပြီး အသားအရေ တင်းရင်းစေတဲ့ ကော်လာဂျင်ကို ထိန်းသိမ်းပေးပါတယ်။ ရှားစောင်းလက်ပပ်မှာပါတဲ့ အင်တီအောက်ဆီးဒင့်ဟာ အသားအရေကိုအားဖြည့်ပြီး ဆွဲဆန့်နိုင်စွမ်းအားကိုကောင်းမွန်စေပါတယ်။ ဒါ့အပြင် အသားအရေကို စိုပြည်တင်းရင်းစေတဲ့အစွမ်းလည်းရှိပါတယ်။

အုန်းရေ
သတ္တုဓာတ်၊ ဓာတ်ဆားနဲ့ ဗီတာမင်တွေ အများအပြားပါတဲ့အပြင် ဆဲလ်ကြီးထွားမှုကို အားပေးတဲ့ ဆိုက်တိုကိုင်းဟော်မုန်းတွေလည်း ပါရှိပါတယ်။ ဒါကြောင့် အိုမင်းမှုတားဖြစ်စဉ်ကို အားပေးပြီး အသားအရေကို နုပျိုကြည်လင်စေတာပါ။

ရေ
ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ဟာ ရေ ၇၀ ရာခိုင်နှုန်းကျော်နဲ့ ဖွဲ့စည်းထားတဲ့အတွက် အင်္ဂါအစိတ်အပိုင်းတိုင်း ရေဓာတ်ပြည့်ဝဖို့ အရေးကြီးပါတယ်။ အရေပြားက လူ့ခန္ဓာကိုယ်မှာ အကြီးဆုံးနဲ့ အမြင်သာဆုံး အင်္ဂါအစိတ်အပိုင်းဖြစ်တဲ့အတွက် ရေမရှိရင် အရေပြားက ခြောက်သွေ့လာတတ်ပါတယ်။ အရေပြား ခြောက်သွေ့တာကြောင့် အရေးကြောင်း ထင်လွယ်လာသလို အရေပြားမှာ အဆိပ်အတောက်တွေ စုပုံ လာတတ်ပါတယ်။ ဒါကြောင့် ရေများများသောက်ပါ။

ရေနွေးကြမ်း
လက်ဖက်ခြောက်ခတ်ထားတဲ့ ရေနွေးကြမ်းမှာ ကက်တီချင်နဲ့ အင်တီအောက်ဆီးဒင့်ပါတဲ့အတွက် နာ့ဗ်ကြော သေဆုံးမှုကို ပိတ်ပင်ဟန့်တားပေးသလို ကိုယ်ခံအားစနစ်ကို အားကောင်းစေကာ ကျန်းမာကြည့်ကောင်းတဲ့ အသွင်အပြင်ကို ရရှိစေပါတယ်။

ဝိုင်
ဝိုင်ကိုအသင့်အတင့်သောက်ပါ။ ဝိုင်ကို အလွန်အမင်းသောက်တာကြောင့် အိုမင်းမှုဖြစ်စဉ်ကို တိုးစေသလို အသည်းကိုလည်း ထိခိုက်စေပါတယ်။ ဝိုင်နီမှာ ရက်စ်ဗာရထရော ပါဝင်တဲ့အတွက် အသင့်အတင့်သောက်ရင် အသက်ရှည်စေတဲ့ မျိုးဗီဇကိုအားပေးပြီး အိုမင်းမှုနဲ့ဆက်စပ်နေတဲ့ ရောင်ရမ်းတာနဲ့ ရောဂါဝေဒနာတွေကို ဟန့်တားပေးနိုင်ပါတယ်။

ပဲနို့
ပဲနို့နဲ့ ပဲပိစပ်နဲ့ လုပ်ထားတဲ့ အစာတွေမှာပါတဲ့ ဖိုင်တိုကမ်မီကယ်တွေဟာ ကော်လာဂျင်နဲ့ အီလက်စတင်ကို ထိန်းသိမ်းပေးတဲ့အတွက် အသားအရေကို ချောမွေ့စေပါတယ်။ အရေးကြောင်းကိုလည်း ကင်းစင်စေပါတယ်။ ပဲနို့မှာပါတဲ့ အိုက်ဆိုဖလေဗုန်းဟာ ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ဒိန်ချဉ်
ဒိန်ချဉ်မှာ ပရိုတင်း၊ အကျိုးပြုဘက်တီးရီးယားနဲ့ အာဟာရဓတာ်တွေ ပါဝင်ပါတယ်။ အိုမင်းမှုတားနိုင်ဖို့ ဒိန်ချဉ်ထဲမှာ ငှက်ပျောသီး၊ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီစတာတွေ ထည့်ပြီးသောက်ပါ။ ဘယ်ရီသီးတွေမှာပါတဲ့ အင်တီအောက်ဆီးဒင့်ဟာ ကော်လာဂျင်ကိုအားဖြည့်ပေးသလို အသားအရေ၊ အရိုးနဲ့ အဆစ်တွေကို အားဖြည့်ပေးပါတယ်။ ငှက်ပျောသီးမှာပါတဲ့ ပက်တင်ဟာ အဆိပ်တွေကို ဖြေလျှော့ပေးတဲ့အတွက် အိုမင်းမှုဖြစ်စဉ်ကို နှေးကွေးစေပါတယ်။

ချောကလက်ဖျော်ရည်
ချောကလက်ဖျော်ရည်မှာပါတဲ့ အင်တီအောက်ဆီးဒင့်၊ ဖလေဗနွိုက်နဲ့ ပိုလီဖီနောတွေက အိုမင်းမှုကို ဟန့်တားပေးနိုင်စွမ်းရှိပါတယ်။ ခန္ဓာကိုယ်ကို ထိခိုက်စေတဲ့ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးနိုင်တဲ့အတွက် အရွယ်တင်နုပျိုစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top