Healthy Life Ad
Child

သွားပိုးစားခြင်းအကြောင်း သိကောင်းစရာ

စူး (ဆေးဝါးတက္ကသိုလ်)

သွားပိုးစားတာကို လူတွေက သိပ်ပြီး ဂရုမစိုက်တတ်ကြဘူး။ သွားနာလာတဲ့အချိန်ကျမှ သွားဆရာဝန်ဆီ ပြသရမှန်းသိကြတယ်။ အဲဒီအချိန်ရောက်တဲ့အခါမှာ သွားက ထိခိုက်နေတဲ့အဆင့်ကို ရောက်နေတတ်ပါတယ်။

ဘာကြောင့် သွားပိုးစားရသလဲ . . .

သွားပိုးစားတာက သွားကိုစနစ်မှန် မတိုက်တာကြောင့်၊ အချိုများတဲ့ အစားအသောက်တွေကို စားတာကြောင့် အဖြစ်များပါတယ်။ သွားကို ခြောက်လတစ်ကြိမ် သွားဆရာဝန်နဲ့ပြပြီး သန့်စင်တာတွေကိုမလုပ်တာကြောင့် သွားပိုးစားတာကို နောက်ကျပြီးမှသိရတတ်ပါတယ်။ စားကြွင်းစားကျန်တွေက သွားကြားထဲကပ်ငြိတာကြောင့်လည်း သွားပိုးစားတာမျိုးဖြစ်တတ်ပါတယ်။

သွားပိုးစားတာကို မကုသဘဲထားရင်

သွားက ပိုးစားရင်း နောက်ပိုင်းကြာလာတဲ့အခါမှာ အအေးသောက်ရင် ကျဉ်တာမျိုးဖြစ်လာတတ်ပါတယ်။ အဲဒီအချိန်မှာ သွားပိုးစားတာက ဖာပြီးကုလို့ရပါတယ်။ အဲဒီထက်ပိုဆိုးလာတဲ့ အဆင့်မှာဆိုရင်တော့ သွားကိုက်တဲ့ဝေဒနာကို ခံစားရတတ်ပါတယ်။ တကယ်လို့ သွားကိုက်တဲ့ အဆင့်အထိရောက်လာရင်တော့ သွားကိုစစ်ဆေးကြည့်ပြီး သင့်တော်တဲ့နည်းနဲ့ ကုသပေးရပါတယ်။

သွားပိုးစားခြင်း မဖြစ်အောင်

သွားပိုးစားတာမဖြစ်အောင် ကြိုတင်ကာကွယ်တာကတော့ အကောင်းဆုံးပါပဲ။ သွားကို ဖလိုရိုက်ဒ် (Fluoride)ပါတဲ့ သွားတိုက်ဆေးနဲ့ တိုက်ရမယ်။ သွားကို တစ်နေ့နှစ်ကြိမ် မှန်မှန်တိုက်ပေးရပါမယ်။ သွားကိုတစ်ကြိမ်တိုက်တဲ့ အခါမှာလည်း အချိန်သုံးမိနစ်ကြာတဲ့အထိ တိုက်ပေးရပါမယ်။ သွားတိုက်တဲ့အခါမှာလည်း စနစ်မှန်သွားတိုက်နည်းကို သုံးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top