Healthy Life Ad
International

ကင်ဆာရောဂါကြောင့် သေဆုံးမှု ၄၀ ရာခိုင်နှုန်းနီးပါးကို ရိုးရှင်းသော နေထိုင်မှုပုံစံဖြင့်ကာကွယ်နိုင်

၊ ကိုထက် ၊

ကင်ဆာကြောင့် သေဆုံးမှု ၄၀ ရာခိုင်နှုန်းနီးပါးကို ရိုးရှင်းတဲ့ ဘဝနေထိုင်စားသောက်မှုပုံစံပြောင်းလဲမှုနဲ့ ကာကွယ်နိုင်တယ်လို့ လေ့လာမှုအသစ်က ဆိုလိုက်ပါတယ်။ ဆေးလိပ်ဖြတ်တာ၊ အစားအသောက်ကို ကျန်းမာရေးနဲ့အညီ စားသောက်တာ၊ အရက်ကို မသောက်ဘဲနေတာ ဒါမှမဟုတ် လျှော့သောက်တာ စတဲ့ နေထိုင်မှုပုံစံတွေက နှစ်စဉ် ကမ္ဘာပေါ်က လူဦးရေ ၈ ဒသမ ၂ သန်းကို ခြိမ်းခြောက်နေတဲ့ ကင်ဆာရောဂါကို ဟန့်တားနိုင်လိမ့်မယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ဆေးလိပ်သောက်တာ၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအသောက်တွေစားတာနဲ့ အရက်အလွန်အမင်းသောက်တာ စတဲ့ အမူအကျင့်သုံးရပ်ကြောင့် ကင်ဆာဖြစ်ပြီး သေဆုံးနှုန်း ၃၀ ဒသမ ၄ ရာခိုင်နှုန်းကိုဖြစ်စေပြီး ဆေးရွက်ကြီး/ဆေးလိပ်ကြောင့် သေဆုံးမှုနှုန်းက အမြင့်မားဆုံးဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက အကြံပြုပါတယ်။

နောက်ထပ် ကင်ဆာဖြစ်စေတဲ့ အကျင့်ငါးရပ်အနက် ခရမ်းလွန်ရောင်ခြည်ဒဏ်ကို အလွန်အမင်းခံရတာ၊ အဝလွန်တာနဲ့ ကိုယ်လက်လှုပ်ရှားမှု လုံးဝမရှိတာ စတဲ့ အကျင့်သုံးခုကြောင့် ကင်ဆာဖြစ်ပြီး သေဆုံးနှုန်း ၁၄ ဒသမ ၄ ရာခိုင်နှုန်းကို ဖြစ်စေတယ်လို့ဆိုပါတယ်။ မျိုးရိုးလိုက်တာ၊ ကံမကောင်းတာကြောင့်ချည်း ကင်ဆာက ဖြစ်တာမဟုတ်ဘဲ ဘဝနေထိုင်စားသောက်မှု ပုံစံလွဲမှားတာကြောင့် အဖြစ်များနေတယ်လို့ ဆိုပါတယ်။

“ကင်ဆာဖြစ်နှုန်းနဲ့ ကင်ဆာကြောင့် သေဆုံးနှုန်းကို လျော့ကျအောင် လုပ်လို့ရတဲ့ လူအများအပြားရှိပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်မှုပုံစံကိုလိုက်နာရင် ကင်ဆာကြောင့် သေဆုံးနိုင်ခြေကို သိသိသာသာ လျော့ကျစေမှာ ဖြစ်ပါတယ်”လို့ သိပ္ပံပညာရှင်တွေက ဆိုလိုက်ပါတယ်။

ကင်ဆာကြောင့် သေဆုံးမှုဖြစ်စေသော အမူအကျင့်နှင့် သေဆုံးစေသည့် ရာခိုင်နှုန်း

လေ့လာမှုအရ အောက်ပါအမူအကျင့် ရှစ်ရပ်ဟာ ကင်ဆာကြောင့် သေဆုံးနှုန်း ၃၈ ရာခိုင်နှုန်းကို ဖြစ်စေတယ်လို့ ဆိုပါတယ်။

(၁) ဆေးလိပ်သောက်ခြင်း -၂၀ ဒသမ ၃ ရာခိုင်နှုန်း

(၂) ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်များစားသောက်ခြင်း – ၅ ရာခိုင်နှုန်း

(၃) အရက်အလွန်အကျွံသောက်ခြင်း -၂ ဒသမ ၄ ရာခိုင်နှုန်း

(၄) ခရမ်းလွန်ရောင်ခြည်ဒဏ်ခံရခြင်း – ၃ ဒသမ ၂ ရာခိုင်နှုန်း

(၅) အဝလွန်ခြင်း – ၅ ရာခိုင်နှုန်း

(၆) ကူးစက်ပိုးဝင်ခြင်း – ၅ ရာခိုင်နှုန်း

(၇) လေ့ကျင့်ခန်း လုံးဝမလုပ်ခြင်း – ဝ ဒသမ ၈ ရာခိုင်နှုန်း

(၈) ဟော်မုန်းများ – ဝ ဒသမ ၄ ရာခိုင်နှုန်း

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top