Healthy Life Ad
Q & A

သားအိမ်ထူခြင်း (Endometrial hyperplasia)

ဒေါက်တာတင့်ဆွေ

၁။ ဆရာရှင့် အရေးတကြီးဆုံးဖြတ်ရမှာမို့ ဆရာရဲ့ပြန်စာကို မျှော်နေပါတယ်။ ကျွန်မအသက်(၄၆)ပါ။ ၂၀၁၇ ဒီဇင်ဘာအထိ ရာသီမှန်မှန်လာပါတယ်။ နေ့ရက်မမှန်တာပဲရှိပါတယ်။ ၂၀၁၈ ဇန်နဝါရီမှာ ရာသီမလာပါ။ ဖေဖော်ဝါရီ (၁၁)ရက်မှစပြီး တစက်တစက်နဲ့ စလာပါတယ်။ OG ကိုပြတော့ အာထရာဆောင်း ရိုက်ရပါတယ်။ သားအိမ် 16.3mm ထူနေလို့ ခြစ်ခိုင်းပါတယ်။ တခြားသွေးစစ်ခိုင်းတာ အဖြေတွေကောင်းပါတယ်ရှင့်။ မတ်လ(၁)ရက်နေ့မှာ သားအိမ်ခြစ်ပါတယ်။ ဖေဖော်ဝါရီ (၁၁)ရက်ကနေ တစက်တစက်လာနေတဲ့ရာသီက ဖေဖော်ဝါရီ (၂၈) ရက်ညနေ ပိုင်းမှရပ်သွားပါတယ်ရှင့်။ သားအိမ်ခြစ်ပြီး ဒီနေ့အထိလည်း ရာသီမလာတော့ပါ။ သားအိမ်ဝလည်းထူတယ်လို့ ပြောပါတယ်။ သားအိမ်ခြစ်ပြီး အသားစစစ်တာ သားအိမ်ဝကဘာမှမဖြစ်ဘူး၊ သားအိမ်ကတော့ Endometrial hyperplasia without atypia လို့ပြောပါတယ်။ ကင်ဆာကိုပြောင်းနိုင်တာမို့ သားအိမ်ထုတ်ရမယ်တဲ့။ သားအိမ်ကိုခြစ်တုန်းက သားအိမ်ဝထူလို့ မီးလည်းတို့ထားတယ်လို့ပြောပါတယ်။ အိုဂျီ ဆရာမက သားအိမ်ထုက်ဖို့ပြောပါတယ်။ တချို့သား အိမ်မထုတ်ချင်သူတွေကြတော့ တလတလ ရာသီမှန်အောင်လုပ်ပြီး သွေးဆုံးတော့ သားအိမ်ခြောက်သွားမယ်လို့ ပြောပါတယ်ရှင့်။ ကျွန်မတွေဝေပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေပါတယ်ရှင်။ ခွဲစိက်ရမှာ ကြောက်နေတာလည်းပါပါတယ်ရှင်။ အမျိုးသားက အဝေးမှာ အလုပ်လုပ်ပါတယ်။ ကျေးဇူးတင်ပါတယ် ဆရာရှင့်။

၂။ ဆရာရှင့် သမီးအသက်က ၃၅ နှစ်ပါ။ Single ပါ။ ငယ်ငယ်ကတည်းက ရာသီမမှန်ခဲ့ပါ။ ၂၀၁၁ ခုနှစ်မှာ ရာသီလာတာ အရမ်းများလို့ OG နဲ့ပြ ultrasound ရိုက်ခဲ့ပါတယ်။ သားအိမ်နံရံထူနေလို့ သားအိမ်ခြစ်ခဲ့ပြီး အသားစစစ်ဆေးခဲ့ပါတယ်။ Endometrial hyperplasia လို့ပြောပါတယ်။ နောက်တကြိမ်ရာသီများရင် Primolute-N ကို ၆လဆက်တိုက်သောက်ဖို့ ညွှန်ကြားခဲ့ပါတယ်။ ၂၀၁၂မှာရာသီထပ်များလို့ OG ရဲ့ညွှန်ကြားချက်အတိုင်း ဆေးသောက်ခဲ့ပါတယ်ရှင့်။ အဲဒီနောက်ပိုင်း ဘာဆေးမှမသောက်ခဲ့ပါဘူး။ ရာသီလာလိုက် မလာလိုက်နဲ့ ၂၀၁၄မှာ ရာသီ ၆ လလောက်မလာလို့ ထပ်ပြခဲ့ပါတယ်။ အိုဂျီက marvilon ၂၈ သောက်ဖို့ညွှန်ကြားခဲ့ပါတယ်။ အဲဒီဆေးသောက်တဲ့ လမှာပုံမှန်ရာသီလာပြီး ဆေးရပ်လိုက်တော့ ရာသီမလာတော့ပါ။ အဲဒီဆေးမသောက်တာ တနှစ်ကျော်ရှိပါပြီရှင့်။ ၆ လလောက်တခါ ရာသီလာလိုက် ၃ လလောက်နေမှ ရာသီလာလိုက်နဲ့ ၂၀၁၆ ခု ၄ လပိုင်းမှာ ဝမ်းဗိုက်နဲ့ကျောက်ကပ်ကို ultrasound ရိုက်ခဲ့ပါတယ်ရှင့်။ သားအိမ်နံရံ thickness က ၂၀၁၁ ခုနှစ်ကလို ရှိနေပြန်ပါတယ်ရှင့်။ ပြီးခဲ့တဲ့ ၆ လကျော်ရာသီမလာခဲ့ပါ။ ယခုလမှာ ရာသီပြန်လာနေပါတယ်ရှင့်။ ရာသီအရမ်းနည်းပြီး အခုထိမရပ်သေးပါ။ သမီးဘာဆက်လုပ်ရမလဲ ညွှန်ကြားပေးပါ ဆရာရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။

သားအိမ်အတွင်းဆုံးလွှာ ထူနေခြင်းဟာ ပုံမှန်မဟုတ်ပါ။ သူ့မှာရှိတဲ့(ဂလင်း)ခေါ် အိတ်တွေက ရှိသင့်တာထက်များနေမယ်။ အရွယ်ရောက်စ မိန်းကလေးတွေမှာနဲ့ သွေးဆုံးကာနီး အမျိုးသမီးကြီးတွေမှာ ဖြစ်ကြတယ်။ များသောအားဖြင့် အန္တရာယ်မဖြစ်စေပါ။

Endometrial hyperplasia သားအိမ်အတွင်းဆုံးလွှာ ထူနေခြင်းဟာ ပုံမှန်မဟုတ်ပါ။ သူ့မှာရှိတဲ့ (ဂလင်း) ခေါ် အိတ်တွေက ရှိသင့်တာထက် များနေမယ်။ အရွယ်ရောက်စ မိန်းကလေးတွေမှာနဲ့ သွေးဆုံးကာနီး အမျိုးသမီးကြီးတွေမှာ ဖြစ်ကြတယ်။ များသောအားဖြင့် အန္တရာယ်မဖြစ်စေပါ။ အနုကြည့်မှန်ဘီလူးနဲ့စစ်ဆေးရင် ပုံမှန်မဟုတ်တဲ့ဆဲလ်တွေရဲ့ နူကလီယပ်စ်တွေက မူမှန်မဟုတ်တာတွေ့နိုင်တယ်။ Atypical adenomatous hyperplasia ဖြစ်နေရင်တော့ ကင်ဆာမဖြစ်ခင်အဆင့်လို့သတ်မှတ်တယ်။ Endometrial cancer သားအိမ်ကင်ဆာကို ၁၀-၂၀% ပြောင်းလာတတ်တယ်။ ဒါပေမဲ့ ဟော်မုန်းဆေးနဲ့ ခွဲစိတ်ကုသမှုတွေကနေ ကင်ဆာကို တားနိုင်တာများတယ်။

ဘာလို့ဖြစ်ပါသလဲ

– Estrogen (အီစထိုဂျင်) ဟော်မုန်းများနေခြင်း၊ အသက်မကြီးသေးသူတွေမှာဖြစ်တယ်။

– Estrogen replacement therapy သွေးဆုံးသူတွေကိုကုသပေးတဲ့ (အီစထိုဂျင်)ဟော်မုန်းကို Progesterone (ပရိုဂျက်စတီရုန်း) ဟော်မုန်းနဲ့ ထိန်ညှိတာလိုခြင်း၊

– ရာသီပေါ်စမိန်းကလေး၊ ရာသီမမှန်တဲ့အမျိုးသမီး။

ဘာတွေခံစားရမလဲ

– ကြားရက်သွေးဆင်းခြင်း၊ သွေးဆုံးပြီးနောက် သွေးပြန်ဆင်းခြင်း၊

– ရာသီသွေးဆင်းများခြင်း၊

– ရာသီဆင်းနေတဲ့ရက်ရှည်ခြင်း၊

– အတူနေရင် မနာသင့်ဘဲနာခြင်း၊

– (ကိုယ်ဝန်မရှိဘဲ) ရာသီမလာခြင်း၊

– ရာသီလာပေမဲ့ မျိုးဥမထွက်ခြင်း။

ဘယ်လိုကာကွယ်မလဲ

– ဖြစ်ချင်တာကိုတော့ ကာကွယ်လို့မရပါ။ ဒါပေမဲ့ ထူးခြားမှုလို့ သံသယရှိအမျိုးသမီးတိုင်း စစ်ဆေးမှုခံယူသင့်တယ်။

– သွေးဆုံးသူကို လိုအပ်လို့ ဟော်မုန်းအစားထိုးပေးရင် Progestational agent ကိုပါ ရောပေးသင့်တယ်။

– ကိုယ်အလေးချိန်များနေသူတွေက လျှော့ချသင့်တယ်။

– ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်သင့်တယ်။

– ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်ကိုသာ စားသောက်ပါ။

ဘယ်လိုလုပ်ရင် ရောဂါရှိတာသိမလဲ

– Pap smear သားအိမ်အဝကို ကင်ဆာအတွက် စစ်ဆေးတာလုပ်သင့်တယ်။

– Biopsy of endometrial tissue သားအိမ်အတွင်းဆုံးလွှာကို ဖြစ်ယူစစ်ဆေးခြင်း၊

– Dilatation and curettage (D&C) သားအိမ်အဝကို ချဲ့ပြီးခြစ်ခြင်း၊

– Ultrasound အာလ်ထွာဆောင်းရိုက်သင့်တယ်

– Hysteroscopy ကိရိယာနဲ့စစ်ဆေးခြင်း၊

ဘယ်လိုကုသမလဲ

သွေးမဆုံးသေတဲ့ အမျိုးသမီးကို ကိုယ်ဝန်တားစားဆေးဖြစ်ဖြစ်၊ Depo-Provera ကိုယ်ဝန်တား ထိုးဆေးဖြစ်ဖြစ်ပေးတယ်။ ဘယ်နှစ်ကြိမ်ထိုးမလဲဆိုတာ တဦးချင်းကို ကြည့်ရတယ်။ အသက်ငယ်ပြီး atypical cell changes မရှိသူဆိုရင် progesterone ဟော်မုန်းတမျိုးပေးပြီး oestrogen ဟော်မုန်းကို မျှစေနိုင်တယ်။ သွေးလည်းဆုံးပြီဆိုရင် ကင်ဆာလည်းမဖြစ်အောင် သားအိမ်ထုတ်တာကောင်းတယ်။ သွေးဆင်းများသူတွေမှာ ကြာလာရင် သွေးအားနည်းတာဖြစ်လာနိုင်တယ်။

ထူနေတာ (၂)မျိုးရှိတယ်။ Atypical changes ဆဲလ်တွေမူမမှန်ဖြစ်တာပါရှိတာနဲ့ အဲလိုမရှိတာ။ ရှိနေရင် တချိန်မှာ သားအိမ်ကင်ဆာဖြစ်လားအထိ စဉ်းစားရတယ်။ ၁၀-၂၀% ရှိနိုင်တယ်။ သွေးဆုံးပြီးချိန်မှာ အလားအလာပိုတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top