Healthy Life Ad
Life Style

မျက်စိကိုက်နေလျှင်

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး)
ပါမောက္ခ၊ ဌာနမှူး ရန်ကုန် မျက်စိဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. မျက်စိကိုက်ရတဲ့ အကြောင်းရင်းတွေကို သိပါရစေ ဆရာ။

ဖြေ. မျက်စိကိုက်တာက အကြောင်းအမျိုးမျိုး ရှိပါတယ်။ ဒီပြဿနာဟာ ဆရာတို့မျက်စိအထူးကု ဆရာဝန်တွေ နေ့တိုင်းကြုံတွေ့နေရတဲ့ ပြဿနာလည်းဖြစ်ပါတယ်။ မျက်စိကိုက်တာက တကယ်ရောဂါမရှိဘဲ Strain ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တကယ်ရောဂါရှိပြီးတော့ မျက်စိကိုက်တာလည်း ဖြစ်နိုင်ပါတယ်။

မေး. ရောဂါကြောင့် မျက်စိကိုက်တဲ့ အခြေအနေမှာ ဘယ်လိုရောဂါတွေကြောင့် မျက်စိကိုက်တတ်ပါ သလဲဆရာ။

ဖြေ. ရောဂါကြောင့် မျက်စိကိုက်ရတယ်ဆိုရင် ရှိနိုင်တဲ့ ရောဂါတွေက ရေတိမ်ရောဂါ (Glaucoma)၊ မျက်ကြည်လွှာရောဂါ (Corneal Disease)နဲ့ Intraocular Disease တွေကြောင့် ဖြစ်တတ်ပါတယ်။

မေး. ရောဂါကြောင့်မဟုတ်ဘဲ မျက်စိကိုက်ရတဲ့ အခြေအနေတွေကိုလည်း သိပါရစေ ဆရာ။

ဖြေ. ရောဂါမရှိဘဲ မျက်စိကိုက်တတ်တဲ့ အခြေအနေတွေကတော့ –

(၁) မျက်နှာပြင် နာကျင်ကိုက်ခဲမှု (Facial Pain)

မျက်လုံးက မျက်နှာရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့အတွက် မျက်နှာနာကျင်မှုဖြစ်ရင် Referred Pain အနေနဲ့ မျက်စိကိုက်ခဲမှု ဖြစ်တတ်ပါတယ်။ ဆိုလိုတာက ထိပ်ကပ်နာ (Sinusitis)ဖြစ်ရင် လူနာက မျက်စိနာတယ်လို့ ထင်ကြပါတယ်။ Trigeminal Neuralgis ဆိုတဲ့ Trigeminal Nerve တွေ နာကျင်ရင်လည်း မျက်စိနာတယ်လို့ ထင်တတ်ပါတယ်။ နောက်တစ်ခုက သွားကိုက်ရင်လည်း မျက်စိကိုက်တယ်လို့ ထင်တတ်ပါတယ်။

(၂) ခေါင်းကိုက်ခြင်း (Headache)

ခေါင်းကိုက်ရင်လည်း မျက်စိကိုက်တယ်လို့ တချို့လူတွေက ပြောကြပါတယ်။ ခေါင်းကိုက်တာကိုမသိဘဲ မျက်စိကိုက်တယ်လို့ ထင်ကြတဲ့ လူနာတွေလည်းရှိပါတယ်။ နောက်တစ်ခုက ခေါင်းတစ်ခြမ်းကိုက်တဲ့ရောဂါ (Migraine) ကြောင့်လည်း မျက်စိနာတယ်လို့ တချို့က ထင်ကြပါတယ်။

(၃) စိတ်ပိုင်းဆိုင်ရာ အခြေအနေ

ဘာရောဂါမှမရှိဘဲ ဇက်ကြောတက်၊ ခေါင်းကိုက်တဲ့ Strain ကြောင့်လည်း မျက်စိကိုက်တယ်လို့ ထင်ကြပါတယ်။

မေး. မျက်စိကိုက်ခဲမှုကို ဘယ်နှမျိုးခွဲခြားလို့ ရပါသလဲ ဆရာ။

ဖြေ. မျက်စိနာကျင်ကိုက်ခဲမှုကို နှစ်ပိုင်းခွဲလိုက်ရင် Organic Lesion နဲ့ Functional Lesion ဆိုပြီး နှစ်မျိုးရှိပါတယ်။ တကယ် မျက်စိရောဂါရှိတာက Organic Lesion ဖြစ်သလို ထိပ်ကပ်နာ၊ သွားကိုက်တာ၊ နာ့ဗ်ကြောရောင်တာတွေကလည်း Organic Lesion ဖြစ်ပါတယ်။ ဇက်ကြောတက်ပြီး ခေါင်းကိုက်ရာက မျက်စိကိုက်တာက စိတ်ပိုင်းဆိုင်ရာအခြေအနေဖြစ်လို့ Functional Lesion ဖြစ်ပါတယ်။

မေး. ခေါင်းကိုက်တာကြောင့် မျက်စိကိုက်တဲ့အကြောင်းကို သိပါရစေ ဆရာ။

ဖြေ. ခေါင်းကိုက်တာက နှစ်မျိုးရှိပါတယ်။ တင်းအား (Tension)ကြောင့် ခေါင်းကိုက်တာကလည်း Functional Lesion အပိုင်းဖြစ်ပါတယ်။ ဦးနှောက်ထဲမှာ ရောဂါတစ်ခုခုကြောင့် ခေါင်းကိုက်တယ်၊ ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migrain) ကြောင့် မျက်စိကိုက်တယ်ဆိုရင် Organic Lesion ဖြစ်ပါတယ်။

မေး. မျက်စိကိုက်လို့ရောက်လာရင် မျက်စိဆရာဝန်တွေအနေနဲ့ ဘယ်လိုစစ်ဆေးရပါသလဲ ဆရာ။

ဖြေ. ဆရာတို့တာဝန်က လူနာတစ်ဦးမျက်စိကိုက်ပြီး ရောက်လာပြီဆိုရင် Organic Lesion ကြောင့်လားဆိုတာနဲ့ Functional Lesion ကြောင့်လားဆိုတာကို ခွဲခြားရပါတယ်။ Organic Lesion ကြောင့် မျက်စိကိုက်တယ်ဆိုရင် ဖြစ်တဲ့အခြေခံရောဂါအပေါ် မူတည်ပြီး သက်ဆိုင်ရာ အထူးကု ဆရာဝန်ဆီကို လွှဲပေးရပါတယ်။ အထူးသဖြင့် နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု ဆရာဝန်တွေ၊ ဦးနှောက်နှင့် အာရုံကြောအထူးကု ဆရာဝန်တွေဆီကို လွှဲပေးရတတ်ပါတယ်။

မေး. မျက်စိကိုက်တဲ့ လူနာတွေက တခြား ဆရာဝန်တွေဆီကို သွားပြတာမျိုး ဖြစ်တတ်ပါသလား ဆရာ။

ဖြေ. တစ်ခါတလေကျတော့ လူနာက ဘာအကြောင်းမှမရှိဘဲ ဇက်ကြောတက်၊ ခေါင်းကိုက်ရာက မျက်စိကိုက်တာတွေ ရှိပါတယ်။ ဒါက Functional Lesion အပိုင်း ဖြစ်ပါတယ်။ ဒါဆိုရင် လူနာတွေကို နှစ်သိမ့်ဆွေးနွေးရပါတယ်။ မျက်စိကိုက်တယ်ဆိုတဲ့အကြောင်းက တကယ်တော့ ကျယ်ပြန့်ပါတယ်။ ဆရာတို့ဆီကိုလည်း ဒီလို မျက်စိကိုက်ပြီး ရောက်လာတဲ့ လူနာတွေများသလို ဦးနှောက်နှင့် အာရုံကြောအထူးကု ဆရာဝန်တွေဆီကိုလည်း အများကြီး လာပြကြပါတယ်။

မေး. ဘယ်လို အခြေအနေတွေကြောင့် မျက်စိကိုက်တဲ့ လူနာတွေကို အတွေ့ရများပါသလဲ ဆရာ။

ဖြေ. ဆရာတို့ တွေ့ရတဲ့ လူနာအများစုက ဇက်ကြောတက်၊ ခေါင်းကိုက်ရာက မျက်စိကိုက်တဲ့သူတွေ များပါတယ်။ လူနာအများစု အဓိက Strain ရရတဲ့ အကြောင်းက ကွန်ပျူတာသုံးတဲ့အခါ မျက်စိကို အနားမပေးဘဲ တရစပ်အသုံးပြုလို့ပဲ ဖြစ်ပါတယ်။ ဒီလို မျက်စိကိုက်ရတာက အင်မတန်လွယ်ကူတဲ့နည်းဖြစ်တဲ့ ကွန်ပျူတာသုံးချိန် မိနစ် ၂၀ ကြာတိုင်း ပေ ၂၀ အကွာကို စက္ကန့် ၂၀ ကြာ ငေးကြည့်ပါဆိုတဲ့ ၂၀-၂၀-၂၀ ဆိုတဲ့ စည်းမျဉ်းကို မလိုက်နာကြလို့ ဖြစ်ရတာပဲ ဖြစ်ပါတယ်။ ကွန်ပျူတာသုံးသူအများစုက အလုပ်ကို ဇောနဲ့လုပ်ကြတဲ့အခါမှာ ဒီလိုပြတ်တောင်း ပြတ်တောင်းအနားယူရမှာကို မသိကြတာကြောင့်ရော၊ အချိန်မပေးနိုင်တာကြောင့်ရော မနားဖြစ်ကြတာများပါတယ်။ ဒီလို မနားတဲ့အတွက် မျက်စိကိုက်ပြီး ဆရာဝန်ဆီလာပြကြတဲ့အခါ ကွန်ပျူတာသုံးလို့ မျက်မှန်တပ်ဖို့ လိုနေတာကြောင့် မျက်စိကိုက်တယ်ထင်ပြီး မျက်မှန်ပေးဖို့ ဆရာတို့ကို ပြောကြတယ်။

မျက်စိကိုက်တဲ့ လူနာအများစုက မျက်စိအနားပေးရင် သက်သာတယ်ဆိုတာကို သဘောမကျဘဲ မျက်မှန်တပ်လိုက်ရင် ခံစားမှုကတစ်မျိုးပြောင်းပြီး မျက်စိကိုက်တာ သက်သာတယ်လို့ထင်သွားကြတာဖြစ်ပါတယ်။ ကွန်ပျူတာသမားတွေမှာ အလုပ်ကိုနင်းကန်လုပ်လို့ မျက်စိကိုက်တာပါ . . .

မေး. မျက်စိကိုက်တာနဲ့ပတ်သက်ပြီး လွဲမှားနေတဲ့ အယူအဆတွေရှိရင် သိပါရစေ ဆရာ။

ဖြေ. နောက်တစ်ခု လွဲမှားနေတဲ့ အယူအဆတစ်ခုက ကွန်ပျူတာဆိုတာ ဓာတ်ရောင်ခြည် (Radiation) ထွက်တယ်၊ ဒီတော့ မျက်စိမထိခိုက်အောင် မျက်မှန်တစ်လက်တပ်ထားရင် ကောင်းတယ်လို့ ထင်ကြတယ်။ ဒါက လွဲမှားနေတဲ့ အယူအဆပါ။ နောက်တစ်ခုက ဆေးမျက်မှန်ဆိုပြီး ခေတ်စားနေတာလည်း ရှိပါတယ်။ ဒါက ဆလင်ဒါပါဝါ ၂၅ ထည့်ထားတဲ့ မျက်မှန်ပဲ ဖြစ်ပါတယ်။ ဒါကလည်း မလိုပါဘူး။ ဒါပေမဲ့ မျက်စိကိုက်တဲ့ လူနာအများစုက မျက်စိအနားပေးရင် သက်သာတယ်ဆိုတာကို သဘောမကျဘဲ မျက်မှန်တပ်လိုက်ရင် ခံစားမှုက တစ်မျိုးပြောင်းပြီး မျက်စိကိုက်တာ သက်သာတယ်လို့ ထင်သွားကြတာဖြစ်ပါတယ်။ ကွန်ပျူတာသမားတွေမှာ အလုပ်ကိုနင်းကန်လုပ်လို့ မျက်စိကိုက်တာပါ။ မျက်စိကို နားသင့်တဲ့အချိန်မှာ နားပေးလိုက်ရင် Strain ကြောင့် မျက်စိကိုက်တဲ့ပြဿနာ ဖြစ်စရာအကြောင်း မရှိတော့ပါဘူး။

မေး. မျက်စိကိုက်တာ သက်သာတယ်ဆိုတဲ့ မျက်စဉ်းဆေးတွေကရော ထိရောက်မှုရှိပါသလား ဆရာ။

ဖြေ. မျက်စဉ်းဆေးအများစုက မျက်စိကို စုံမှိတ်ပြီး အနားပေးအောင်လုပ်လိုက်တဲ့သဘောပါပဲ။ မျက်စိကိုက်စေတဲ့ အရင်းအမြစ်ကိုတော့ မပျောက်စေနိုင်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top