Healthy Life Ad
Life Style

အူမကြီးကင်ဆာအဆင့်(၄) ကုသအောင်မြင်တာ ၈ နှစ်ရှိပြီဖြစ်တဲ့ မခင်သွယ်ဦး

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

ပုံမှန်အတိုင်း ကျန်းမာနေသော မခင်သွယ်ဦးသည် အသက် ၂၉ နှစ်အရွယ် ၂၀ဝ၉ ခုနှစ် ဒီဇင်ဘာလတွင် ဝမ်းသွားရင်း သွေးပါလာသဖြင့် ဆေးခန်းသွားပြခဲ့ရာမှာ အူမကြီးကင်ဆာ အဆင့် (၄)ရှိမှန်း သိရှိခဲ့ရသူ ဖြစ်သည်။

“ဝမ်းသွားရင်း သွေးပါတယ်။ တခြားတော့ ဘာမှမဖြစ်ဘူး။ ဝမ်းသွားရင်း သွေးပါတာနဲ့ ပထမတော့ လိပ်ခေါင်းဖြစ်တယ်ထင်ပြီး လိပ်ခေါင်းဆေးတွေ သောက်လိုက်ရသေးတယ်။ နောက်ကျတော့ မဟုတ်ဘူးဆိုတာ သိခဲ့ရတယ်။ ဘယ်လို သိသွားသလဲဆိုတော့ မှန်ပြောင်းကြည့်လိုက်မှ အကျိတ်က အူမှာပိတ်နေပြီဆိုတာ သိလိုက်ရတယ်။ အဲဒါနဲ့ အသားစ စစ်ကြည့်လိုက်တော့ အူမကြီးကင်ဆာ အဆင့်(၄)လို့ သိလိုက်ရပါတယ်”ဟု မခင်သွယ်ဦးက ဆိုသည်။

ထိုအချိန်က မခင်သွယ်ဦးသည် ကျန်းမာစွာ သွားလာလှုပ်ရှား နေထိုင်စားသောက်ရင်း ဝမ်းထဲသွေးပါ၍ စစ်ဆေးကြည့်ရာမှ အူမကြီးကင်ဆာ အဆင့်(၄)ဟု သိရှိလိုက်ရရာ စစချင်း ယုံပင်မယုံနိုင်ခဲ့ပေ။

အစ်မက ယုံတောင်မယုံပါဘူး။ ကိုယ်က လူကောင်းအတိုင်းပဲလေ၊ ဝမ်းထဲသွေးပါလို့သာ ဆရာဝန်နဲ့ သွားပြလိုက်တာ ဆိုတော့ ကင်ဆာ အဆင့် (၄)လို့လည်း သိရောမယုံနိုင်ခဲ့ဘူး။ စအိုထဲထည့်ကြည့်တဲ့ မှန်ပြောင်းနဲ့ကြည့်တော့ အကျိတ်က အူကို ပိတ်တော့မယ်၊ နည်းနည်းလေးပဲ လိုတော့တယ်လို့ သိခဲ့ရတယ် . . .

“အစ်မက ယုံတောင်မယုံပါဘူး။ ကိုယ်က လူကောင်းအတိုင်းပဲလေ၊ ဝမ်းထဲသွေးပါလို့သာ ဆရာဝန်နဲ့ သွားပြလိုက်တာဆိုတော့ ကင်ဆာအဆင့်(၄)လို့လည်းသိရော မယုံနိုင်ခဲ့ဘူး။ စအိုထဲထည့်ကြည့်တဲ့ မှန်ပြောင်းနဲ့ကြည့်တော့ အကျိတ်က အူကိုပိတ်တော့မယ်၊ နည်းနည်းလေးပဲ လိုတော့တယ်လို့ သိခဲ့ရတယ်” ဆရာဝန်က ခွဲစိတ်ကုသရန် လိုအပ်ကြောင်း အကြံပြုခဲ့သဖြင့် ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလတွင် နေပြည်တော် ခုတင် ၁၀ဝ၀ ဆေးရုံသို့ တက်ရောက်ကာ ခွဲစိတ်ကုသမှု ခံယူခဲ့ရသည်။

“အဲဒီအချိန်တုန်းက နေပြည်တော် ခုတင် ၁၀ဝ၀ ဆေးရုံမှာ နိုင်ငံခြားကပညာရှင်တွေလာတာနဲ့ ကြုံသွားတော့ စက်လေးနဲ့ပဲ ခွဲပေးတာပါ။ အကျိတ်ရှိတဲ့အပိုင်း အူကို ဖြတ်ထုတ်ရပါတယ်။ ခွဲပြီးတော့ နာတာလောက်ပဲဖြစ်ပါတယ်။ တခြား ဘာမှထွေထွေ ထူးထူးမခံစားရပါဘူး”ဟု မခင်သွယ်ဦးက အူမကြီး ကင်ဆာအကျိတ် ခွဲထုတ်ခဲ့သည့် အတွေ့အကြုံကို ပြောပြခဲ့သည်။

အူမကြီးကင်ဆာအကျိတ် ခွဲထုတ်ခဲ့ပြီးနောက် ကင်ဆာဆေးကို ခြောက်ကြိမ်သွင်းခဲ့ရကြောင်း သိရသည်။

“ကင်ဆာဆေးသွင်းတဲ့ အချိန်မှာတော့ တော်တော်ခံစားရတယ်။ အန်တာ၊ ပျို့တာ၊ အစားအသောက် မစားသောက်ချင်တာ၊ ဆံပင်ကျွတ်တာတွေကတော့ဖြစ်တယ်။ ဆံပင်ကို တိုတိုလေးညှပ်လိုက်ရတယ်။

ဆေးသွင်းတာကို တစ်လတစ်ခါ သွင်းရတယ်။ တစ်ခါသွင်းရင် လေးရက်ကြာတယ်။ ကင်ဆာဆေးသွင်းပြီး ၂ ရက်-၃ ရက်လောက်ကတော့ မစားချင်မသောက်ချင် ဖြစ်ခဲ့တယ်။ လေး-ငါးရက်လောက် ကြာရင်တော့ အကုန်စားတယ်။ အစားအသောက်ကို ရှောင်တယ်လို့တော့ ဘာမှမရှိပါဘူး။ ဆရာဝန်ကတော့ အပူအစပ်တွေမစားနဲ့၊ အချိုရည်မသောက်နဲ့ဆိုပြီး မှာတယ်။ နဂိုကတည်းက အချိုရည်မကြိုက်တော့ မသောက်ဖြစ်ပါဘူး။ အပူအစပ်ကိုလည်း ရှောင်ပါတယ်။ ဒါပေမဲ့ ငရုတ်သီးနည်းနည်းတော့ စားပါတယ်”

ဆေးကုသမှု ခံယူချိန်တွင် မိဘ၊ ခင်ပွန်း၊ ဆွေမျိုး၊ မိတ်ဆွေအပေါင်းအသင်းများ၏ ပံ့ပိုးကူညီအားပေး စောင့်ရှောက်မှုကို ရရှိခဲ့ကြောင်း မခင်သွယ်ဦးက ဆိုသည်။ ကင်ဆာဖြစ်ရခြင်းအကြောင်းရင်းကိုမူ မခင်သွယ်ဦးက ယခင်ကခေါင်ဆွဲခြောက်ထုပ်ချဉ်စပ်များကို များစွာစားခဲ့သဖြင့်ဟု ထင်မြင်လက်ခံထားသည်။

အစ်မက အဆင်သင့် ချဉ်စပ်ခေါက်ဆွဲခြောက်ထုပ်တွေကို တစ်နေ့ လေးထုပ် -ငါးထုပ်လောက် စားခဲ့တာ။ အဲဒီမှာ ဝမ်းပျက်သွားတယ်။ အဲဒါကြောင့် ဖြစ်တယ်လို့ထင်တာပဲ . . .

“အစ်မက အဆင်သင့် ချဉ်စပ်ခေါက်ဆွဲခြောက်ထုပ်တွေကို တစ်နေ့ လေးထုပ်-ငါးထုပ်လောက် စားခဲ့တာ။ အဲဒီမှာဝမ်းပျက်သွားတယ်။ အဲဒါကြောင့် ဖြစ်တယ်လို့ထင်တာပဲ”ဟု မခင်သွယ်ဦးက ဆိုသည်။ ကင်ဆာကုသအောင်မြင်ပြီးနောက်ပိုင်းတွင် အစားအသောက်ကို ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်မှန်သမျှ စားသောက်လေ့ရှိပြီး ကိုယ့်ကိုယ်ကိုယ် လူနာဟုခံယူမထားဘဲ ပျော်ပျော်ရွှင်ရွှင်နေထိုင်ကြောင်း မခင်သွယ်ဦးက ပြောသည်။

“ကင်ဆာဆေးသွင်းပြီးနောက်ပိုင်းမှာလည်း ဆေးကို ခြောက်လတစ်ခါ ပုံမှန်စစ်ဖြစ်ပါတယ်။ ကျန်းမာရေးကလည်း ကောင်းနေတာနဲ့ အခုဒီနှစ်ထဲကျမှ တစ်နှစ်တစ်ခါပဲ ပုံမှန်စစ်ဖို့ဆရာဝန်က ပြောပါတယ်”ဟု မခင်သွယ်ဦးက ဆိုသည်။ ယခုအခါ ပဲခူး၊ အင်းတကော်တွင် အစိုးရကျောင်းစာရေးမအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် အသက် ၃၇ နှစ်အရွယ် မခင်သွယ်ဦးသည် မိသားစုနှင့်အတူ ကျန်းမာစွာနေထိုင်လျက်ရှိကြောင်း သိရသည်။

“ကင်ဆာကုတုန်းက အဓိက ဘုရား တရားကို ဦးစားပေးလုပ်ဖြစ်ပါတယ်။ ပဌာန်းရွတ်တယ်။ ဘုရား တရားပဲ အားကိုးစရာရှိတယ်ဆိုပြီး ဘုရား တရားအလုပ်ပဲ အဓိက လုပ်ဖြစ်ပါတယ်။ ကျန်တဲ့ နေထိုင်စားသောက်တာ၊ ဆေးကုတာတွေကို ဆရာဝန်ညွှန်တဲ့အတိုင်း လိုက်နာဖြစ်ပါတယ်။ ငယ်ကလည်း ငယ်သေးတော့ သိပ်မကြောက်တတ်ခဲ့ဘူး။ အဲဒါတွေကပဲ ကင်ဆာကုသအောင်မြင်ခဲ့တယ်လို့ ထင်ပါတယ်။

ကင်ဆာဖြစ်လာရင်လည်း ကြောက်မနေဘဲနဲ့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ပြသပြီး ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သေချာလိုက်နာပေးပါ၊ ဒါဆိုရင် သက်သာပျောက်ကင်းပါတယ်”ဟု မခင်သွယ်ဦးက အခြားကင်ဆာဝေဒနာရှင်များ၊ ကင်ဆာကုသနေသူများအားလုံးကို အားပေးစကား ပြောကြားလိုက်ပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top