Healthy Life Ad
Life Style

ရာသီအလိုက် ဖြစ်တတ်တဲ့ မျက်စိရောဂါရှိသလား

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး) ပါမောက္ခ၊ ဌာနမှူး ရန်ကုန် မျက်စိဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ ရာသီအလိုက် ဖြစ်တတ်တဲ့ မျက်စိရောဂါတွေ ရှိပါသလား ဆရာ။
ဖြေ ။ မြန်မာနိုင်ငံအရတော့ ရာသီဥတုအလိုက်ဖြစ်တဲ့ မျက်စိရောဂါ (Seasonal eye disorder) ဆိုတာ မရှိပါဘူး။ ဒီရာသီမှာ မျက်ကြည်နာဖြစ်တယ်၊ ဒီရာသီမှာ မျက်စိနာကြတယ်လို့ ပြောနိုင်တာမရှိပါဘူး။

တစ်ခုရှိတာက မျက်စိနာတယ်လို့ ပြောကြတဲ့ မျက်မြှေးရောင်ရမ်းနာ (Conjunctivitis) ကတော့ ဗိုင်းရပ်စ်ကြောင့်ဖြစ်တယ်။ ဒါပေမဲ့ တချို့ရာသီမှာ ထူးထူးခြားခြား လူအများကြီး ဖြစ်ကြတယ်။ တချို့ ရာသီမှာတော့ ကြိုကျားကြိုကျား ဖြစ်တာတွေ့ရတယ်။ အထူးသဖြင့် ရာသီအကူးအပြောင်းတွေမှာ ဖြစ်တတ်ပါတယ်။ ဒါကလည်း

ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ မျက်စိနာတာ (Viral Conjunctivitis) ဖြစ်လို့ ဗိုင်းရပ်စ်ကြောင့် နှာစေး၊ ချောင်းဆိုး၊ အအေးမိ၊ တုပ်ကွေးအဖြစ်များတဲ့ ရာသီအကူးအပြောင်းကာလတွေ မှာအဖြစ်များပါတယ်။

မိုးအကုန် ဆောင်းအကူးမှာထက်နွေအကုန် မိုးအကူးကာလတွေမှာ အဖြစ်များပါတယ်။ ဒါကလည်း ဗိုင်းရပ်စ်ကြောင့် ဖြစ်တာဖြစ်လို့ရာသီအလိုက်ဖြစ်တာမဟုတ်ဘူးလို့ ပြောလို့ရသလို ရာသီအကူးအပြောင်းတွေမှာ ဗိုင်းရပ်စ်က ပိုများတာကြောင့်ဖြစ်လို့ ရာသီအလိုက် ဖြစ်တယ်လို့လည်း ပြောလို့ ရပြန်ပါတယ်။

မေး ။ မျက်စိယားတာကကော ရာသီအလိုက် ဖြစ်တတ်တာမျိုးလား ဆရာ။
ဖြေ ။ ဆောင်းရာသီမှာ အဖြစ်များတဲ့ မျက်စိရောဂါက အနောက်နိုင်ငံတွေမှာ အဖြစ်များပါတယ်။ အနောက် နိုင်ငံတွေမှာ ပန်းဝတ်မှုန်(Pollen)တွေ များတာကြောင့် ဒီအချိန်မှာ ဝတ်မှုန်ကြောင့် ရင်ကျပ်ပန်းနာတာ၊ ချောင်းဆိုးတာတွေ အဖြစ်များသလိုပဲ မျက်စိယားတာတွေလည်း ဖြစ်တတ်ပါတယ်။ မေမြို့လို ပန်းပင်တွေ ပေါများတဲ့ နေရာမှာ ဆောင်းရာသီဆိုရင် ဝတ်မှုန်ကြောင့် ဓာတ်မတည့်မှုတွေ ဖြစ်ကြတယ်။ မျက်စိယားကြတယ်။ ဒါက အနောက်နိုင်ငံတွေမှာ အဖြစ်များပါတယ်။ မြန်မာနိုင်ငံမှာတော့ ပန်းဝတ်မှုန်တွေကြောင့် ဓာတ်မတည့်မှုဖြစ်တာက မရှိသလောက်ရှားပါတယ်။ ပန်းဝတ်မှုန်ကြောင့် ဓာတ်မတည့်မှုဖြစ်တဲ့ အထောက်အထားက သူတို့ဆီမှာ အတိအကျရှိပါတယ်။ ဆောင်းရာသီက ရာသီဥတု ကောင်းပါတယ်။ နွေရာသီလို ဖုန်မပေါဘဲ မိုးရာသီလို စွတ်စိုထိုင်းမှိုင်းပြီး သန့်ရှင်းမှု မရှိတာမျိုး မရှိပါဘူး။ ဒါပေမဲ့ ဆောင်းရာသီမှာ ရာသီဥတုအခြေအနေနဲ့ မတည့်တာကြောင့်နဲ့ ပန်းဝတ်မှုန်တွေနဲ့ မတည့်တာကြောင့် မျက်စိယားတာ ဖြစ်တတ်ပါတယ်။

ဒီလို ဖြစ်လာရင် ဓာတ်မတည့်မှု ပျောက်ဆေး (Anti-Allergy)ဖြစ်တဲ့ သောက်ဆေး ဘာမီတွန် (Burmeton)လို H2 receptor Blocker တွေ ဖြစ်တဲ့ Cetrine လို ဆေးတွေ သောက်လိုက်ရင်သက်သာသွားပါတယ်။ ဒါမှမဟုတ် မျက်စိထဲကို ခတ်လို့ ရတဲ့ Mass Cell Stabilizer ဖြစ်တဲ့ မျက်စဉ်းဆေး (ဥပမာ- Cromal)ကို ခတ်လိုက်ရင် သက်သာသွားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top