Healthy Life Ad
Health Tips

ကိုယ်ခံအားနည်းနေသော လက္ခဏာများ

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

ကိုယ်ခံအားဆိုတာ ခန္ဓာကိုယ်ထဲ ဝင်လာတဲ့ အဆိပ်အတောက်၊ ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုး၊ ဖန်းဂတ်စ်ပိုး၊ ကပ်ပါးပိုး စတာတွေကို တွန်းလှန်တဲ့ နည်းလမ်းကောင်းဖြစ်ပါတယ်။ ကိုယ်ခံအားကောင်းနေသူတွေက အအေးမိဝေဒနာနဲ့ ချောင်းဆိုးတာတွေ မဖြစ်စေရုံသာမက အဆုတ်ပိုးဝင်တာ၊ ကျောက်ကပ်ပိုးဝင်တာ စတာတွေကိုပါ ကာကွယ်နိုင်ပါတယ်။ ကိုယ်ခံအားနည်းသူတွေကတော့ ရောဂါဝေဒနာရ လွယ်တဲ့အတွက် ကိုယ်ခံအားမြင့်တက်လာအောင် စားသောက်နေထိုင်ပေးရပါမယ်။ ကိုယ်ခံအားနည်းနေရင် ဘယ်လိုလက္ခဏာတွေ ဖြစ်တတ်သလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

(၁) မကြာခဏ ကူးစက်ပိုးဝင်ခြင်း/ဓာတ်မတည့်မှုဖြစ်ခြင်း

သင်က တခြားသူတွေထက် မကြာခဏ ကူးစက်ပိုးဝင်လွယ်ပြီး အအေးမိတာ၊ နှာစေးတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ အရေပြားယားယံတာတွေ အဖြစ်များတယ်ဆိုရင် သင့်ကိုယ်ခံအားစနစ်ကို မြှင့်တင်ဖို့လိုအပ်နေပါပြီ။ မကြာခဏ ဆီးလမ်းကြောင်း ပိုးဝင်တာ၊ ဝမ်းပျက်ဝမ်းလျှောတာ၊ သွားဖုံးရောင်ရမ်းတာ၊ ခံတွင်းနာတာ၊ သားငံရည်ကျိတ်တွေရောင်ရမ်းတာ၊ မိန်းမကိုယ်မှိုစွဲတာ စတာတွေ ဖြစ်နေရင်လည်း ကိုယ်ခံအားနည်းတဲ့ လက္ခဏာပဲဖြစ်ပါတယ်။

တချို့လူတွေဆိုရင် ရာသီဥတုနည်းနည်းလေး ပြောင်းလိုက်တာနဲ့ နာမကျန်းဖြစ်လွယ်တတ်ပါတယ်။ ဒါက ကိုယ်အပူချိန်ကျတာကြောင့်ပါ။ ပုံမှန်ကိုယ်အပူချိန်ရှိတာက ကိုယ်ခံအားစနစ်ကို သန်စွမ်းအောင် ပံ့ပိုးပေးနိုင်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်တာက ကိုယ်အပူချိန်ကို ပုံမှန်ရှိစေပြီး ကူးစက်ပိုးတွေကို တွန်းလှန်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကြက်သွန်ဖြူ၊ ချင်း(ဂျင်း)၊ သစ်ကြံပိုးခေါက်၊ လေးညင်းစတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို စားပေးရပါမယ်။

(၂) မကြာခဏ ဖျားခြင်း

ကိုယ်ခံအားစနစ်လျော့ကျတဲ့ အဓိက လက္ခဏာက မကြာခဏ ဖျားတာပါပဲ။ ဖျားတယ်ဆိုတာ ကိုယ်ခန္ဓာကရောဂါကို တွန်းလှန်နေတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒါပေမဲ့ ဖျားတဲ့အခါ လူတွေက ဆေးတွေနဲ့ အဖျားကို နှိမ်နင်းကြတဲ့အတွက် ကိုယ်ခံအားစနစ်ကပါ အလိုလိုကျဆင်းလာပြီး နောက်ပိုင်းမကြာခဏ ဖျားတတ်တာပါ။

(၃) အူလမ်းကြောင်း ကျန်းမာရေးမကောင်းခြင်း

ကိုယ်ခံအားစနစ်ရဲ့ ၈၀ ရာခိုင်နှုန်းက အူလမ်းကြောင်းနဲ့ ဆက်စပ်နေပါတယ်။ နာတာရှည်ဝမ်းချုပ်တာ၊ အစာမကြေတာ၊ အက်စစ်များတာ၊ လေပွတာ၊ လေထတာ စတာတွေက အူလမ်းကြောင်း ကျန်းမာရေးမကောင်းတဲ့ လက္ခဏာဖြစ်သလို ကိုယ်ခံအားထိခိုက်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ အူလမ်းကြောင်း ကျန်းမာရေးမကောင်းတာက မကောင်းတဲ့ အူဘက်တီးရီးယားနဲ့ ကောင်းတဲ့ အူဘက်တီးရီးယားအကြား ဟန်ချက်မညီမျှတာကို ဆိုလိုရာရောက်ပါတယ်။ အကျိုးပြုဘက်တီးရီးယားတွေ မှီဝဲသင့်ပါတယ်။

(၄) ဗီတာမင်ဒီသရီးနည်းပါးခြင်း

ဗီတာမင်ဒီနည်းရင်ကိုယ်ခံအားစနစ် အားနည်းပြီး အဆက်မပြတ်မောပန်းတာ၊ နုံးနယ်တာ၊ ထိခိုက်ဒဏ်ရာရလွယ်တာ၊ စိတ်ဓာတ်ကျတာ၊ အနာကျက်နှေးတာ၊ အိပ်မပျော်တာ၊ မျက်ကွင်းညိုတာတို့ ဖြစ်နိုင်ပါတယ်။ ဗီတာမင်ဒီရရှိအောင် နေခြည်နုနု ခံယူသင့်ပါတယ်။ အချွဲအထွက်များတာကလည်း ကိုယ်ခံအား စနစ်လျော့ကျစေပါတယ်။ သကြား၊ ဆား၊ ပြုပြင်ထားတဲ့ အစာတို့ကို ရှောင်ရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top