Healthy Life Ad
Health Tips

သမီးမိန်းကလေးတိုင်း အားကစား လုပ်သင့်သည့် အချက်ငါးရပ်

၊ ငွေကြယ်စင်ယံ ၊
အားကစားဆိုတာ သားယောကျာ်းလေးတွေနဲ့ပဲဆိုင်တဲ့ အရာမဟုတ်ပါဘူး။ သမီးမိန်းကလေးတွေနဲ့လည်း သက်ဆိုင်ပါတယ်။ မိန်းကလေးတွေအနေနဲ့ အားကစားပြုလုပ်တာကြောင့် ခန္ဓာကိုယ်သန်စွမ်းကြံ့ခိုင်စေရုံထက်ပိုပြီး အောက်ပါအကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

(၁) ကျောင်းတွင်းအဆင့် ကောင်းမွန်စေခြင်း
အားကစားသမားတွေအနေနဲ့ သင်ခန်းစာ လေ့လာတဲ့ အချိန်ယုတ်လျော့နိုင်တယ်လို့ ထင်ရပေမယ့် လေ့လာမှုအရ အားကစားပြုလုပ်တဲ့ မိန်းကလေးတွေကမလုပ်သူတွေထက် ကျောင်းတွင်းအဆင့် ပိုမိုကောင်းမွန်မှုရှိကြောင်း သိရပါတယ်။ အားကစားလုပ်တာကြောင့် သင်ခန်းစာတွေကို လေ့လာနိုင်စွမ်း၊ မှတ်Óဏ်နဲ့ အာရုံစူးစိုက်မှု ပိုမိုကောင်းမွန်လာတဲ့အတွက် ကျောင်းတွင်းအဆင့် တိုးတက်မှုရှိတာ ဖြစ်ပါတယ်။

(၂) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးစေခြင်း
အားကစားပြုလုပ်တာကြောင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကိုတိုးစေပါတယ်။ အားကစားပြုလုပ်တဲ့ မိန်းကလေးတွေက စိတ်ခံစားမှုသိသိသာသာကောင်းမွန်နေတတ်ပါတယ်။ အကြောင်းကတော့ အားကစား ပြုလုပ်နိုင်တဲ့အခါနဲ့ ပန်းတိုင်ရောက်တဲ့အထိ စွမ်းဆောင်နိုင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ်ယုံ ကြည်မှုပိုရှိလာလို့ပါ။ အားကစားတွေက စိတ်ခံစားမှု ကောင်းမွန်စေတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ အကြောင်းကတော့ အားကစားလုပ်တဲ့ မိန်းကလေးတွေက ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်သလို မိတ်ဆွေသူငယ်ချင်းသစ်တွေလည်း ရရှိစေလို့ ဖြစ်ပါတယ်။

(၃) အသင်းအဖွဲ့စိတ်ဓာတ်ရှိပြီး ပန်းတိုင်ချမှတ်နိုင်စွမ်းရှိခြင်း
အားကစားပြုလုပ်တဲ့ မိန်းကလေးတွေက အသင်းအဖွဲ့စိတ်ဓာတ်ရှိလာသလို ဘဝရဲ့ တန်ဖိုးရှိတဲ့ အရည်အသွေးတွေကို သိနားလည်လာစေပါတယ်။ နည်းပြ၊ အသင်းသားတွေနဲ့အတူ ပူးပေါင်းပြီးပန်း တိုင်ရောက်ဖို့၊ အောင်မြင်မှုရဖို့ ကြိုးစားတတ်ကြပါတယ်။ ဘဝခရီးမှာလည်း အလုပ်နဲ့ မိသားစုဘဝ အောင်မြင်ဖို့ အရည်အသွေးကောင်းတွေ ပိုင်ဆိုင်လာစေပါတယ်။

(၄) မိန်းကလေး ကျန်းမာရေး ကောင်းမွန်စေခြင်း
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ရရှိပြီး သန်စွမ်းကြံ့ခိုင်စေတဲ့အပြင် အားကစားလုပ်တဲ့ မိန်းကလေးတိုင်း ဆေးလိပ်သောက်နှုန်း လျော့နည်းလာပါတယ်။ ဘဝနောက်ပိုင်းအချိန်မှာ အားကစားလုပ်တဲ့ မိန်းကလေးတွေက ရင်သားကင်ဆာနဲ့ အရိုးပါးရောဂါဖြစ်နှုန်း လျော့ကျစေပါတယ်။

(၅) ဖိအားဒဏ် ခံနိုင်ရည်ရှိခြင်း
အားကစား လေ့ကျင့်တာက စိတ်ဖိစီးမှုကို လျော့ကျစေပြီး ပျော်ရွှင်မှုကို ပိုမိုရရှိစေပါတယ်။ အကြောင်းကတော့ လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း ထွက်လာတဲ့ ဦးနှောက်ထဲက ဓာတ်တွေဟာ စိတ်ခံစားမှုကို သိသိသာသာ ကောင်းမွန်စေလို့ပါ။ အသင်းအဖွဲ့နဲ့အတူ အလုပ်လုပ်တာကြောင့် မိတ်ဆွေသူငယ်ချင်းတွေအကြား ခိုင်မြဲတဲ့ သံယောဇဉ်ကို ဖြစ်ပေါ်စေပြီး ဘေးပတ်ဝန်းကျင်ရဲ့ ဖိအားဒဏ်ကို ခံနိုင်ရည်ရှိစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top