Healthy Life Ad
Q & A

အတွင်းတိမ်ခွဲစိတ်ရင် ရာနှုန်းပြည့်အောင် မြင်နိုင်သလား . . .

မေး ။ ကျွန်တော်မျက်စိမှာ အတွင်းတိမ်ဖြစ်တယ်လို့ သိရပါတယ်။ အဲဒါ ခွဲရမှာ စိုးရိမ်လို့ပါ။ အတွင်းတိမ်ခွဲ စိတ်ရင် ရာနှုန်းပြည့်အောင်မြင်မှု ရရှိနိုင်ပါသလား။
ဦးထွေး၊ မြောင်းမြ။

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။
ဖြေ ။ အသက်ကြီးတာကြောင့် အတွင်းတိမ်ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အများစုက အသက်အရွယ်ကြောင့် ဖြစ်တဲ့ အတွင်းတိမ်ကို မခွဲစိတ်ချင်ကြပါဘူး။ အသက်ကြီးလာပြီပဲ၊ မျက်စိက ဒီလောက်တော့မှုန်မှာပေါ့လို့ လက်ခံထားလိုက်ကြတယ်။ အသက်ကြီးလာလို့ ဘာမှလုပ်မှာမှ မဟုတ်တော့တာ၊ အိမ်မှာ မြေးတွေကိုထိန်းပေးနိုင်ရင် တော်ပါပြီလို့ တွေးကြတဲ့သူ များတယ်။ ဒီထက်ပိုဆင်းရဲတဲ့ မိသားစုက အသက်ကြီးသူတွေဆိုရင် မီးဖိုချောင်မှာ တောက်တိုမယ်ရလေးဝင်လုပ်ရုံနဲ့ ကျေနပ်နေကြတယ်။ ခွဲစိတ်မှုကို စွန့်စားခန်းတစ်ရပ်လို့ ထင်နေကြတယ်။ မခွဲစိတ်ချင်ကြဘူး။ တချို့လူနာတွေကျတော့လည်း ဆရာတို့ဆီ ရောက်လာတဲ့အခါမှာ “ဆရာ အာမခံလား”လို့ မေးလေ့ရှိတယ်။ ဆရာတို့က “ရာနှုန်းပြည့်အာမခံတယ်” လို့ ပြောလိုက်ပေမယ့် အိမ်ပြန်ရောက်တဲ့အခါမှာ သားသမီးတွေက “အဖေက အခု အသက် ၇၀ ရှိနေပြီ။ ဘာများလှချင်နေသေးသလဲ၊ ဘာလိုသေးလို့လဲ”လို့ ပြောလိုက်တဲ့အခါ အတွင်းတိမ်ကို မခွဲတော့ပြန်ဘူး။ ဘာကြောင့်လဲဆိုတော့ အတွင်းတိမ်ဖြစ်လာရင် ခွဲစိတ်ကုသမှုခံယူရမယ်ဆိုတာကို လူအများစုက နားမလည်ကြဘူး။ ခွဲစိတ်တာကို စွန့်စားခန်းကြီးတစ်ခုလို့ ထင်နေကြတယ်။ အတွင်းတိမ်ကို ခွဲစိတ်ကုသရမှာကြောက်ရတဲ့ နောက်အကြောင်းရင်း တစ်ခုက အရင်တုန်းက ခွဲစိတ်တဲ့ ကိရိယာတွေ မပြည့်စုံခဲ့တော့ အတွင်းတိမ်ခွဲစိတ်မှုက ရာနှုန်းပြည့် မအောင်မြင်ခဲ့ပါဘူး။ ဒီလိုရလဒ်တွေကို သိပြီး မခွဲချင်ကြဘူး။ လူအများစုကို သိစေလိုတာက အခုအခါမှာ အတွင်းတိမ်ခွဲစိတ်မှုရဲ့ အောင်မြင်မှုက ရာနှုန်းပြည့်ရှိပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top