Healthy Life Ad
Life Style

“မြန်မာနိုင်ငံသားများ ဘယ်မှာနေနေ ကျန်းမာစေရမည်”ဆိုသည့်ဒေါက်တာတင့်ဆွေနှင့်တွေ့ဆုံခြင်း

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

မြန်မာလူမျိုးများ အတွက် အွန်လိုင်းမှ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသော ဒေါက်တာတင့်ဆွေနှင့်တွေ့ဆုံ မေးမြန်းခဲ့သမျှ ကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါသည်။

မေး ။ ဆရာ့အနေနဲ့ အွန်လိုင်းကနေမြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေကို ကျန်းမာရေးအသိတွေ စတင်ဖြန့်ဝေ နေတာ ဘယ်လောက်ကြာပါပြီလဲရှင့်။

ဖြေ ။ ၂၀ဝ၇ လောက်က ဘလော့ဂ်(blog)စပေါ်တဲ့အချိန်မှာ ကျွန်တော် စရေးခဲ့ပါတယ်။ စစချင်း ဒေလီမှာ ကျွန်တော် ဖွင့်တဲ့ ဆေးခန်းလေး ‘ယမုံနာ’ဆေးခန်း ကိုအခြေခံပြီးရေးဖြစ်ခဲ့တယ်။ ဘလော့ဂ်ရေးရင်း တ ဖြည်းဖြည်းနဲ့ မေးခွန်းဆိုတာလေးတွေ တက်လာတာနဲ့ ဒါလေးတွေ ဖြေပေးရင် ကောင်းမယ်ဆိုပြီး စဖြေ ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက မြန်မာပြည်မှာ အီးမေးကလည်း မထွန်းကားသေးဘူး၊ ဘလော့ဂ်ဖွင့်တဲ့သူကလည်း တော်တော်နည်းတယ်၊ လုပ်ရင်းလုပ်ရင်း ဖေ့စ်ဘွတ်ခ်ပေါ်လာမှ နည်းနည်းကျယ်လာတယ်။ ဘလော့ဂ်မှာ Q and A ကို ပိတ်ထားတယ်၊ အီးမေးကလာတာလောက်ကိုပဲ ဖြေဖြစ်တယ်။ မြန်မာပြည်မှာ ဖေ့စ်ဘွတ်ခ်ပေါ်လာချိန်ကစပြီး ကျန်းမာရေးအသိတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေဖြစ်တယ်လို့ ပြောရမယ်။

မေး ။ ဒီလိုမျိုး အစဉ်တစိုက်ကျန်းမာရေးအသိတွေ ဖြန့်ဝေပေးနေတဲ့အခါမှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေ ရဲ့ ကျန်းမာရေးအသိကမြင့်တက်လာတယ်လို့ ဆရာ ထင်ပါသလား။

ဖြေ ။ ဒါကို တိုင်းတာဖို့ ခက်တယ်။ ကျွန်တော်တို့ ငယ်ငယ် ဆရာဝန်ဖြစ်စကလည်း ကျန်းမာရေးအသိနဲ့ ပတ်သက်တဲ့ အခက်အခဲတွေရှိသလို အခုလည်း ဆက်ရှိနေတာပဲ။ ဘာလိုလဲဆိုတာ မသုံးသပ်သေးဘူး။ ဘာကို သိချင်လို့ ဘယ်ကို မေးရမလဲဆိုတာ သူတို့ မသိကြသေးဘူး။ ဥပမာ ဖေ့စ်ဘွတ်ခ်မှာ ကျွန်တော့် နာမည်နဲ့ အကောင့်တုတွေ အခုထိ ရှိနေတုန်းပဲ။ ဒါကတော့ သိပ်တော့ မဆန်းဘူး။ ဆန်းတာက အဲဒီအကောင့်တုမှာ အမေးအဖြေတွေ လုပ်နေကြတာပဲ။ ဖြေတဲ့သူကလည်း ဖြေတယ်။ အခုတောင်မှ ရှိသေးတယ်ထင်တယ်။ ပြောလိုတာက ဒါကို ကြည့်ခြင်းအားဖြင့် ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်သူ့ကို မေးရမလဲဆိုတာ မသိတဲ့သူတွေ ရှိသေးတယ်။

ဒါက မေးတာပဲ ရှိသေးတယ်။ ဆေးကုတာကလည်း ဒီအတိုင်းပဲဖြစ်နိုင်တယ်။ ဘယ်ကို သွားကုရင် ငါ့ရောဂါ ပျောက်မလဲဆိုတာလည်း ခက်နေလိမ့်မယ်။ ပြီးတော့ ဗမာလူမျိုးတွေက အာဟာရကိစ္စကို တော်တော်အစွဲကြီးတယ်။ ကျွန်တော်တို့မိဘတွေလက်ထက်ကတည်းက အခုထိပဲ . . အစာရှောင်ရင် ပျောက်မယ်လို့ ထင်တယ်။ တကယ်ကို ကျကျနနကုရမယ့်ရောဂါတောင်မှ အစာရှောင်တာနဲ့ ပျောက်မယ် ထင်တဲ့ အယူအဆက ဒီကနေ့အထိ ရှိနေပါသေးတယ်။ အဲဒီလူတွေက ပညာမတတ်တာလည်း မဟုတ်ဘူး။ ဖေ့စ်ဘွတ်ခ်နဲ့ iPad သုံးနိုင်ရင်တော့ အခြေခံပညာတော့ တတ်ကြမယ်ထင်တယ်။ ဒီလိုလူတွေက တောင်မှ မသိတော့ အရင်နဲ့ ပုံစံသာ ကွာတာ၊ အသိ ရေချိန်(Level)ကတော့သိပ်မကွာဘူးလို့ ထင်တယ်။

မေး ။ လူနာက သိချင်တာတွေကို မေးချင်တယ်၊ ဆရာဝန်က အချိန်မပေးနိုင်ဘူး။ ဒီတော့ ဆရာဝန်နဲ့ လူနာကြား တစ်ခါတစ်ရံမှာ အထင်အမြင်လွဲတာလေးတွေ ရှိတတ်ကြတယ်။ ဒါနဲ့ ပတ်သက်ပြီး ဆရာဝန်-လူနာ ဆက်ဆံရေးကောင်းအောင် ဘယ်လို အကြံပြုချက်လေးတွေ ပေးချင်ပါသလဲ ဆရာ။

ဖြေ ။ ဒီမေးခွန်းက တကယ်ကောင်းတဲ့ မေးခွန်းပဲ။ မေးခွန်းတွေထဲမှာ ဒါမျိုးတွေ ပါလာရာကနေ ဆရာဝန်- လူနာ ဆက်ဆံရေးဆိုပြီး ဆောင်းပါး ၃ ခုရေးထားတယ်။ ရန်ကုန်ရောက်နေတဲ့ အချိန်မှာ နီးစပ်တဲ့ သူတွေကို ပြောဖြစ်တာက ကျွန်တော် အမေရိကားရောက်တာ လေးနှစ်ထဲ ရှိပြီ။ အဲရောက်ပြီး ကျွန်တော်ကိုယ်တိုင် လူနာအဖြစ်သွားတဲ့အခါ မြန်မာပြည်ရဲ့ အနေအထားနဲ့ အတော်ကို ကွာတာ သွားတွေ့တယ်။ တွေ့တာက စက်ကြီးတွေ ကောင်းတာ၊ ဆရာဝန်ကြီးတွေ တော်တာ မဟုတ်ဘူး။ ဆရာဝန်-လူနာဆက်ဆံရေး မှာ သိသိသာသာကွာတာ။ ဟိုမှာက ဆေးခန်းသွားလိုက်ရင်တာဝန်ရှိတဲ့သူအကုန်လုံး၊ အထူးသဖြင့် အများဆုံးက သူနာပြုတွေက လူနာနဲ့ အဆက်ဆံရဆုံးပဲ။ ဘယ်သူပဲဖြစ်ဖြစ်၊ Register လုပ်တဲ့နေရာက တာဝန်ရှိသူပဲဖြစ်ဖြစ်၊ သူနာပြုပဲဖြစ်ဖြစ်၊ အာထရာဆောင်း၊ ဓာတ်မှန်ရိုက်တဲ့နေရာက Technician ပဲ ဖြစ်ဖြစ်၊ နောက်ဆုံး

ဆရာဝန်ပဲဖြစ်ဖြစ် လူနာနဲ့တွေ့ ပြီးရင် သူတိုရဲ့နောက်ဆုံးစကားကတော့ “ဘာမေးစရာရှိသေးလဲ”… အဲဒါနဲ့အဆုံးသတ်တယ်။ ဆိုတော့ မြန်မာပြည်နဲ့ အဲဒါ လုံးဝဆန့်ကျင်တယ်။ အမေရိကန်နိုင်ငံကြီး တိုးတက်နေလို့ ကွာတာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ဆင်းရဲလွန်းလို့ ကွာတာတော့ မဟုတ်ဘူး။ ကျွန်တော်ထင်တယ်။ culture(ယဉ်ကျေးမှု)လို့ ပြောရမှာပေါ့။

ဆရာဝန်-လူနာ ဆက်ဆံရေး ယဉ်ကျေးမှုကိုက တော်တော်ကို ကွာခြားလွန်းနေတယ်။ ဒါက သိပ်မဖြစ်သင့်ဘူး။ ပြင်ရင်လည်း သိပ်မခက်ဘူးလို့ ကျွန်တော်ထင်တယ်။ “ဘာမေးစရာရှိသေးလဲ” ဒါမှမဟုတ် ပြုံးပြတာက ဘာမှကုန်တာမဟုတ်ဘူးလေ။ အချိန်ကုန်တာတော့ ရှိနိုင်တယ်။

ကျွန်တော့်မေးခွန်းထဲမှာ အထူးကုပြတာ သုံးမိနစ်တည်းနဲ့ ပြီးလာတယ်ဆိုတာမျိုး။ ဒါပြင်ဖို့ကတော့ culture လောက်နဲ့မရဘူး။ စနစ်ပါ လိုလာပြီ။ ဆရာဝန်ကြီးတွေ၊ ဆေးခန်းကြီးတွေ အားကိုးရမှုထက် သာမန်လူတွေ Access ဖြစ်တဲ့ ဆရာဝန်တွေ ပိုများလာမှ ဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ဆေးပညာကို စီးပွားရေးတစ်ခုလို အသုံးချနေတဲ့ culture ကြီးဖြစ်နေတယ်လို့ ကျွန်တော် ထင်တယ်။ ဒါပြင်ဖို့ကလည်း ပညာပေးရုံနဲ့ မရဘူး။ ကျန်းမာရေး စောင့်ရှောက်မှုအနေအထား တိုးတက်လာမှ ရမယ်လို့ ကျွန်တော် ထင်တယ်။

မေး ။ အခုနောက်ပိုင်းမှာ မြန်မာလူမျိုးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ ကင်ဆာဖြစ်နှုန်းကလည်း များလာတယ်လို့ ဆိုကြတယ်။ ဒီတော့ မြန်မာလူမျိုးတွေ ကင်ဆာကင်းဝေးပြီး သက်ရှည်ကျန်းမာဖို့ ဘယ်လိုအခြေခံအချက်တွေကို လိုက်နာသင့်တယ်လို့ အကြံပြုချင်ပါသလဲ ဆရာ။

ဖြေ ။ ပညာရှင်အနေနဲ့ ဖြေရမယ်ဆိုရင် ကင်ဆာဖြစ်နှုန်းက များလာသလား၊ မများဘူးလားဆိုတာ ယှဉ်ဖို့အရင်ကိန်းဂဏန်းရှိမှ အခုကိန်းဂဏန်းနဲ့ ယှဉ်ရမှာကိုး။ ဒီတော့ များ၊ မများ သေချာ ကျွန်တော်မပြောနိုင်ဘူး။ ဒါပေမဲ့ ကင်ဆာအပါအဝင် ကူးစက်ရောဂါ မဟုတ်တဲ့ ရောဂါများပြားမှုမှာ မြန်မာပြည်ကလည်း ဆိုးတဲ့အထဲ ပါတာတော့ အမှန်ပဲ။ ကင်ဆာလို့ ကောက်ပြောလိုက်ရင် ကင်ဆာဖြစ်စေတဲ့အကြောင်းကလည်း ဘယ်ဆရာဝန်မှ၊ ဘယ်သူမှ သေချာမသိဘူး။ နီးစပ်တဲ့ဟာတွေက အစားအသောက်လည်းဖြစ်နိုင်တယ်၊ မျိုးဗီဇအရ ဖြစ်နိုင်တယ်။ မျိုးဗီဇအရ ဖြစ်နေရင် သူ့မျိုးဆက်တွေ အကုန်လိုက်ဖြစ်တော့မှာပဲ။ ဥပမာ- ရင်သားကင်ဆာပဲ ဆိုဆို၊ မျိုးဥအိမ်ကင်ဆာပဲဆိုဆို ဖြစ်နိုင်တယ်။ မြန်မာပြည်မှာ အဖြစ်များတဲ့ ရောဂါတွေက အသည်းနဲ့ ပတ်သက်တဲ့ ရောဂါ။ ဒါက အစားရော အသောက်ရောနဲ့ ဆိုင်တယ်။ မြန်မာနိုင်ငံမှာအစားအသောက်ရဲ့အရည်အသွေးကို ပွင့်ပွင့်လင်းလင်းပြောရရင် တော်တော်ညံ့သေးတယ်။ အရက်နဲ့ မူးယစ်ဆေးဝါးမှာ မူးယစ်ဆေးဝါးက ကင်ဆာအထိတော့ မဖြစ်ပါဘူး။ အရက်ကတော့ ဖြစ်တယ်။ အရက်သောက်တာများတာရယ်၊ အရက်ရဲ့ အရည်အသွေး ညံ့တာရယ်နှစ်ခုကြောင့် အသည်း ရောဂါ ဖြစ်တတ်တယ်၊ အဲဒီကနေ နောက်ဆက်တွဲအနေနဲ့ ကင်ဆာဖြစ်တတ်တယ်။ အစားအသောက် နဲ့ပတ်သက်ပြီး အားနည်းနေတယ်၊ ဒါကို မီဒီယာတွေကလည်း ဝိုင်းပြီး ပညာပေးနေတာကို တွေ့ရတော့ ကျွန်တော် တော်တော် သဘောကျပါတယ်၊ အားပေးပါတယ်။ နောက်တစ်ခုက ဆေးလိပ်ပေါ့။ အခုခေတ်တော့ မသိဘူး၊ ကျွန်တော်တို့ငယ်ငယ်ကတော့ လူပျိုပေါက်ရင် ဆေးလိပ်သောက်ကြတာပဲ။ အခုနည်းလာသလားတော့ မသိဘူး။ ကွမ်းစားတာလည်း နည်းလာသလားတော့ မသိဘူး။ ဆေးလိပ်နဲ့ ကွမ်းယဉ်ကျေးမှုကနေကင်ဆာကို ဆက်နွှယ်တာတော့ အမှန်ပဲ။ အဆုတ်ကင်ဆာနဲ့ ခံတွင်းကင်ဆာပေါ့။ ဒီယဉ်ကျေးမှုကြီးကို လျှော့ဖို့က တော်တော်ခက်တယ်။ ဒီတော့ ခြုံလိုက်ရင် အစားအသောက် (အသောက်မှာ နှစ်မျိုး)ရယ်၊ မျိုးရိုးကိစ္စကတော့ မတတ်နိုင်ဘူး။
ကင်ဆာကုတာကလည်း ကျွန်တော်သိသလောက် တတ်နိုင်ရင် သူများနိုင်ငံ သွားကုနေကြတဲ့ အနေအထားရှိတယ်။ ကင်ဆာဆေးသွင်းကုထုံး (Chemotherapy)ပေးချင်ရင် ကီမိုစက်မလုံလောက်ဘူး၊ တန်းစီရတယ်ဆိုတာတွေ ရှိနေတော့ ပိုက်ဆံရှိတဲ့သူတွေ ရင်းနှီးမြှုပ်နှံမှုမှာ ကီမိုစက်လိုဟာမျိုး မြှုပ်နှံမှုလုပ်စေချင်တယ်။ Mammogram Machine ဆိုတာကလည်း ဘယ်လောက်ရှိသလဲ မသိဘူး။ USA မှာဆိုရင် အမျိုးသမီးတွေ ဒီအရွယ်ရောက်ရင် ဘယ်လောက်တစ်ခါ Mammogram ရိုက်ရမယ်ဆိုတာတွေရှိတယ်။ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အခမဲ့တော့ ရိုက်ရတာပေါ့။ သူတို့ဆီမှာ သိပ်လွယ်လွယ်ကူကူ ရိုက်လို့ရတော့ ဒီလို စက်ပစ္စည်းတွေအပေါ်မှာ ရင်းနှီးမြှုပ်နှံမှုလုပ်သင့်တယ်လို့ ကျွန်တော် မြင်တယ်။ ဒါက တကယ့်ကို အသက်ကယ်တဲ့ အရာပဲ။ Mammogram ရိုက်လို့ ရင်သားကင်ဆာကို စောစောစီးစီးတွေ့ရင် ကုသပျောက်ကင်းတာဆိုတော့ ဒီအပေါ်မှာInvest လုပ်နိုင်ရင်ကို အမျိုးသမီးကြီးငယ်တော်တော်များများရဲ့ အသက်ကို ကယ်နိုင်မယ်လို့ ထင်တယ်။

မေး ။ မြန်မာပြည်လူထုရဲ့ ကျန်းမာရေးအဆင့်အတန်း မြင့်တက်လာဖို့နဲ့ ပတ်သက်ပြီး ဘာများ ဖြည့်စွက်ပြီး ပြောချင်ပါသလဲဆရာ။

ဖြေ ။ ကျွန်တော်တို့ လူထုကျန်းမာရေးကောင်းဖို့ကတော့ အကြီးအကျယ်နဲ့ အများကြီး လုပ်ဖို့ လိုသေးတယ်၊ လုပ်လို့လည်း ရနိုင်တယ်လို့ ကျွန်တော်ထင်တယ်။ ပိုက်ဆံတစ်ခုတည်းတင်မကဘူး။ တာဝန်ရှိတဲ့ အစိုးရ၊ NGO ၊ မီဒီယာ၊ ဆိုရှယ်မီဒီယာ၊ ပြည်သူလူထု . . အကုန်ဝိုင်းလုပ်မှ ရမယ်လို့ ကျွန်တော် ထင်တယ်။ ဒီအစိုးရ ကျွန်တော့်ပါတီက အစိုးရပါပဲ။ ဒါပေမဲ့ ပြောစရာရှိရင် ပြောဖို့ ဝန်မလေးပါဘူး။

မဖြစ်နိုင်တဲ့ ကိစ္စအကြီးကြီးတွေထက် ဖြစ်နိုင်တာတွေကို ကိုင်ရင်၊ ဒီအပေါ်မှာ အချိန်ရော လူရောပေးရင်တော့ ပြောရရင် ကျန်းမာရေးနဲ့ ပညာရေးကို ဦးစားပေးလုပ်ဆောင်မယ်ဆိုရင် မြန်မာပြည်လူထုရဲ့ ကျန်းမာရေး အဆင့်အတန်းတိုးလာနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ် ခင်ဗျ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Most Popular

Healthy Life Ad
To Top