Healthy Life Ad
International

ဖုံးကွယ်နေသည့် အမြွှာကလေးငယ်ကြောင့် ကင်ဆာဖြစ်သွားခဲ့သူ မိခင်

၊ ကိုထက် ၊

အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ လန်နီကလော်ဟာ သားသမီး ၄ ယောက်တို့ရဲ့ မိခင်ဖြစ်ပါတယ်။ သူရဲ့ နောက်ဆုံး သားလေးဖြစ်တဲ့ လိုယူးကို မွေးပြီး တစ်လကျော်လောက်အကြာမှာ ဒီလိုထူးဆန်းတဲ့ အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ခဲ့တာဖြစ်ပါတယ်။

လန်နီဟာ သူရဲ့ နောက်ဆုံးသားငယ်လေးမွေးပြီး ၆ ပတ်ခန့်အကြာမှာ နေမကောင်းလို့ ဆေးရုံကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ စစ်ဆေးမှုတွေပြုလုပ်ပြီးနောက်မှ သူရဲ့နောက်ဆုံးကိုယ်ဝန်ဟာ အမြွှာကိုယ်ဝန်ဖြစ်ပြီး တစ်ယောက်က ဖုံးကွယ်နေတာဖြစ်ကြောင်း သိလိုက်ရပါတယ်။ ဖုံးကွယ်နေတဲ့ အမြွှာကလေးငယ်လေးဟာ မဖွံ့ဖြိုးဘဲ အလုံးအကျိတ်လိုဖြစ်နေပြီး မူမမှန်တဲ့ ဆဲလ်တချို့ကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒီဆဲလ်တွေဟာ အလျင်အမြန်ပြန့်ပွားပြီး မိခင်ဖြစ်သူရဲ့ အဆုတ်ထဲကို ရောက်သွားခဲ့ရာက အဆုတ်ကင်ဆာစတင် ဖြစ်ပေါ်လာခဲ့ပါတယ်။ ကျန်ခဲ့တဲ့အမြွှာကလေးငယ်ကို ခွဲစိတ်ဖယ်ရှားခဲ့ပါတယ်။

လန်နီဟာ ဆေးရုံမှာ လနဲ့ချီကြာအောင် တက်ရောက်ခဲ့ရပြီး ပြင်းထန်နဲ့ ကင်ဆာဆေးသွင်း ကုသမှုတွေကို ၅ လဆက်တိုက် ကုသမှုခံယူခဲ့ရပါတယ်။ အကြိမ် ၂၀ ခန့် သွေးသွင်းကုသမှုတွေ ခံယူခဲ့ရတယ်လို့ သိရပါတယ်။ “ထူးဆန်းတာတွေကို ဆိုက်တိုက်ဆိုသလိုကြုံလိုက်ရတယ်၊ မွေးပြီးကြာမှ အမြွှာဆိုတာ သိတယ်၊ အဲ့အမြွှာကြောင့် ကင်ဆာဖြစ်တယ်.. ကင်ဆာကုသရတာ အရမ်းကို ပင်ပန်းလွန်းပေမယ့် အဖြစ်အပျက်တွေက မြန်လွန်းလို့ မယုံကြည်နိုင်လောက်အောင်ပါပဲ.. ကျွန်မကိုယ်ကျွန်မ ကင်ဆာဖြစ်ခဲ့တဲ့သူပါလားလို့ ခုထိ မယုံကြည်နိုင်သေးဘူး ဖြစ်နေတယ်”လို့ လန်နီကပြောပြခဲ့ပါတယ်။

“ကြိုတင်မပြင်ဆင်ထားတာတွေ ဖြစ်ခဲ့ပေမယ့် ကျွန်မအောင်မြင်စွာ ရင်ဆိုင်နိုင်ခဲ့လို့ တော်ပါသေးတယ်”လို့ လန်နီကပြောပြခဲ့ပါသေးတယ်။ ကလေးမမွေးခင် စစ်ဆေးချက်တွေမှာ အားလုံးပုံမှန်ပဲလို့ ဆရာဝန်တွေက တွေ့ရှိခဲ့ကြပါတယ်။ ဒါပေမဲ့ ကလေးမီးဖွားပြီးချိန်မှာ သွေးထွက်များတဲ့အတွက် ရက်အတန်ကြာအောင် အထူးကြပ်မတ်ဆောင်မှာ နေခဲ့ရပါတယ်။ သက်သာလာပြီးနောက် အိမ်ပြန်ခဲ့ပေမယ့် သွေးတွေခဏခဏသွန်တဲ့အတွက် ဆေးရုံကို ပြန်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကင်ဆာကုသမှုတွေကိုခံယူပြီးတဲ့ လန်နီကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်း စစ်ဆေးမှုပြီးနောက် ကင်ဆာလုံးဝကင်းရှင်းသွားပြီဖြစ်တယ်လို့ ဆရာဝန်တွေက ပြောခဲ့ပါတယ်။ ဒါပေမဲ့ ပြင်းထန်တဲ့ ကုသမှုတွေကို ခံယူခဲ့ရတဲ့အတွက် ပုံမှန်အတိုင်း နာလန်ထူနိုင်ဖို့အတွက်တော့ အချိန်ယူရဦးမယ်လို့ သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top