Healthy Life Ad
Child

အိပ်ရာထဲ ဆီးမသွားတော့တဲ့ကလေး ဆီးသွားတာကို တွေ့တဲ့အခါ

၊ ငွေကြယ်စင်ယံ ၊

အိပ်ရာထဲဆီးသွားတာက ရောဂါမဟုတ်ပါဘူး။ ကလေးတွေရဲ့ ဦးနှောက်ဆီကို ဆီးအိတ်ပြည့်တဲ့အခါ အိပ်ရာကထဖို့ နှိုးဆော်တဲ့ သင်္ကေတမရောက်ရှိလို့ဖြစ်ရတာပါ။ ဒါက ကလေးရဲ့အပြစ် မဟုတ်ပါဘူး။ လေ့လာမှုတွေအရ ကလေးတွေကို ဆူပူကြိမ်းမောင်းတာ၊ ဝမ်းနည်းအောင် အော်ဟစ်ရိုက်နှက်တာ စတဲ့အပြုအမူတွေ လုပ်တဲ့အခါ ညဘက်မှာ ဆီးသွားတာမျိုးဖြစ်တတ်တယ်လို့သိရပါတယ်။ ဒါကြောင့် ကလေးတွေအိပ်ရာထဲ ဆီးသွားအောင် အောက်ပါတို့ကို ဆောင်ရွက်ပေးသင့်ပါတယ်။

ညအိပ်ရာဝင်ခါနီး အရည်လျှော့သောက်ခိုင်းပါ
ညအိပ်ရာဝင်ခါနီးမှာ ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာ၊ ချောကလက် စတာတွေကို လုံးဝမကျွေးပါနဲ့။ ရေနဲ့တခြား အရည်တွေကိုလည်း လျှော့သောက်ခိုင်းပါ။

မလှောင်ပြောင်ပါနှင့်
တချို့လူကြီးမိဘတွေက ကလေးတွေ အိပ်ရာထဲ ဆီးသွားတဲ့အခါ နာမည်ပြောင်တွေပေးပြီး လှောင်ပြောင်တတ်ကြပါတယ်။ အဲဒီလို လုပ်တာကြောင့် ကလေးရဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို ထိခိုက်ရတတ်ပါတယ်။ ကလေးက အသက်ငါးနှစ်ကျော်တဲ့အချိန်မှာ ညစဉ်လိုလိုအိပ်ရာထဲ ဆီးသွားနေရင် ဆီးချိုရောဂါ၊ ဆီးလမ်းကြောင်း ပိုးဝင်တာ စတဲ့ ရောဂါဝေဒနာရှိ၊ မရှိ စစ်ဆေးသင့်ပါတယ်။

အပြစ်မပြောပါနှင့်
ကလေးက အိပ်ရာထဲ ဆီးသွားတဲ့အခါ ဆူပူကြိမ်းမောင်းတာကိုမလုပ်ပါနဲ့။ ကလေးကို ခြောက်သွေ့တဲ့အဝတ်အစားလဲပေးပြီး ပျော်ပျော်ရွှင်ရွှင်နေခိုင်းပါ။

ဆီးသွားပြီးမှ အိပ်ရာဝင်သော အလေ့အထထားရှိပါ
ကလေးကို အိပ်ရာဝင်ခါနီးတိုင်း ဆီးသွားပြီးမှ အိပ်ရာဝင်တဲ့ အကျင့်ကျင့်ပေးပါ။ တကယ်လို့ ဆီးမသွားဘဲ အိပ်ပျော်သွားရင် ကလေးကိုနှိုးပြီး ဆီးသွားခိုင်းပါ။

ဝမ်းမှန်မှန် သွားပါစေ
ကလေးတွေက ဝမ်းချုပ်တဲ့အခါ ဆီးမကြာခဏသွားတတ်ပါတယ်။ ဒါကြောင့် ဝမ်းမှန်မှန် သွားတတ်တဲ့ အကျင့်ကို ကျင့်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top