Healthy Life Ad
Life Style

ဆီးချို ဆေးသစ်များ (၂)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

ဒါကြောင့် ပိန်အောင်လုပ်ပေးနိုင်တဲ့ အစွမ်းလည်းရှိမယ်၊ သွေးချိုလည်း ချပေးနိုင်တဲ့ဆေး၊ သွေးချိုအကျမလွန်နိုင်ဘဲ ပုံမှန်အထိကျပြီးရင် ထပ်မကျတော့တဲ့ ဆေးသစ်တွေ လိုပါတယ်။ ဒါ့အပြင် အပိုဆောင်းပြီး နှလုံးနဲ့ သွေးကြောတွေ မထိခိုက်ဘဲ ပိုကောင်းစေတဲ့ ဆေးမျိုး၊ ကျောက်ကပ်တွေ မပျက်အောင် ကာကွယ်တဲ့ ဆေးမျိုးသာရမယ်ဆိုရင် အကောင်းဆုံး ဖြစ်ပါမယ်။ အရင်ဆေးတွေရဲ့ လိုအပ်ချက်တွေပေါ်မူတည်ပြီး အဲဒီလိုအပ်ချက်တွေကို ပြန်လည်ပြုပြင်နိုင်တဲ့ ဆေးသစ်တွေကို ဖော်ထုတ်ဖို့ ကြိုး စားလာကြပါတယ်။ ကြိုးစားလို့လည်း ဆေးသစ်တွေ ပေါ်ပေါက်လာရတာ ဖြစ်ပါတယ်။

စာဖတ်သူတွေ ပိုပြီးနားလည်လွယ်အောင် ဆီးချိုသွေးချိုရောဂါရဲ့ အခြေခံရောဂါ ဖြစ်စဉ်တွေအကြောင်း အနည်းငယ်ရှင်းပြလိုပါတယ်။ အရင်က အများနားလည်တဲ့ ဆီးချိုသွေးချိုဆိုတာ အင်ဆူလင် မရှိလို့၊ အင်ဆူလင် မလုံလောက်လို့ ဖြစ်တာ။ ဒါကြောင့် အင်ဆူလင်ကို မုန့်ချိုအိတ်က ပိုထွက်စေတဲ့ ဆေးမျိုးရှာဖွေကြတယ်၊ ရှာတွေ့လာကြတယ်၊ သုံးလည်းသုံးနေကြတယ်။ ဒါပေမဲ့ အရှိန်လွန်သွားရင် သွေးချိုကျလွန်တဲ့ အန္တရာယ်ကို မရှောင်ရှားနိုင်ဘူး။

ဒုတိယတွေ့လာတာက အင်ဆူလင်နည်းတာ မဟုတ်ဘဲ အင်ဆူလင်ရဲ့ လုပ်ဆောင်ချက်တွေကို ခုခံတွန်းလှန်နေတဲ့ Insulin resistance ဖြစ်ခြင်းဆိုတဲ့ ပြစ်ချက်ဖြစ်ပါတယ်။ ခန္ဓာကိုယ်အဝလွန်တာ၊ ဝမ်းတွင်းအဆီများတာ၊ ကိုယ်လက်လှုပ်ရှားမှုနည်းတာ စတာတွေကြောင့် ဖြစ်ရတာပါ။ Metformin ရဲ့ အာနိသင်မှာ Insulin resistance ကို ချပေးနိုင်တဲ့ အစွမ်းရှိတာ တွေ့ရပါတယ်။

အသစ်တွေ့ရှိချက်တွေကတော့ အင်ခရီတင် (Incretin)လို့ ခေါ်တဲ့ အူမှထုတ်တဲ့ ဟော်မုန်းဓာတ် (Gut hormone)တွေ ဖြစ်ပါတယ်။ ဒီဟော်မုန်းဓာတ်တွေက ပုံမှန်အားဖြင့် အစာစားလိုက်တဲ့အခါ အစာအိမ်နဲ့ အူတွေက ထွက်လာပြီး မုန့်ချိုအိတ်က အင်ဆူလင်ထုတ်ဖို့ သွားရောက်နှိုးဆော်ပေးပါတယ်။ ဒီ့အပြင် အင်ဆူလင်နဲ့ ဆန့်ကျင်နေတဲ့ ဂလူကာဂွန် (Glucagon)ဆိုတဲ့ ဟော်မုန်းကို ဆက်မထုတ်ဘဲ ပြန်နှိမ့်စေပါတယ်။ ပြီးတော့ ဦးနှောက်မှာ ဗိုက်ပြည့်နေပြီး အစာစားတာရပ်ဖို့ သတင်းပေးတဲ့ ဟော်မုန်းတစ်ခု ဖြစ်ပါတယ်။

အမျိုးအစား(၂) ဆီးချိုသွေးချိုတွေမှာ အင်ခရီတင် (Incretin)တွေချို့တဲ့နေတာ တွေ့ရှိလာပါတယ်။ ဒါကြောင့်လည်း အစားမရပ်ဘဲ ပိုစားနေကြတာဖြစ်ပါတယ်။ ဒါကို ပြုပြင်နိုင်ရင် အကျိုးရှိမယ့် ဆေးတစ်ခွက်ရလာပါတယ်။ အင်ခရီတင် (Incretin)တစ်ခုဖြစ်တဲ့ GLP1 ကိုများအောင် လုပ်မယ့်ဆေးသစ်တွေလိုက်ရှာကြရာ နောက်ဆုံးတော့ရရှိလာပါတယ်။ GLP1 လုပ်ဆောင်ချက်ရှိတဲ့ ဆေးတွေဖော်ထုတ်လို့ ရခဲ့ပါတယ်။ ဒီဆေးကတော့ . . .

(၁) DPP4 Inhibitor (Sitagliptin Lengliptin,Vildagliptin) သိပ်မသစ်တော့ပေမယ့် လူနာတွေ သိပ်မသိသေးတဲ့ဆေးသစ်

ဆေးသစ်ဖြစ်တဲ့ DPP4 Inhibitors တွေဟာ စားဆေးတွေဖြစ်ပြီး အခုဈေးကွက်မှာ ဂျနူးဗီးရား (Januvia)၊ ထရီးဗီးရား (Trevia)၊ စစ်တာဂလစ် (Sitaglit)၊ စီတာ (Sita)စသဖြင့် ရရှိနိုင်ပါတယ်။ ဂျနူးဗီးရား(Januvia)ဆိုတဲ့ ဆေးကို တော်တော်များများ သုံးလာကြပါတယ်။ သွေးချိုကျစေတဲ့အပြင် မဝအောင်တားဆီးနိုင်တယ်။ ပိန်စေတဲ့ အာနိသင်က အရမ်းမစွမ်းပေမယ့် အနည်းဆုံးတော့ မဝစေပါဘူး။ စားဆေးဖြစ်လို့ လူတိုင်း အလွယ်တကူ သောက်နိုင်ပါတယ်။ တခြားဆေးတွေနဲ့တွဲပြီး သုံးနိုင်ပါတယ်။ ဒီအုပ်စုက တခြားဆေးအမယ်တွေကတော့ ဂေါ်လ်ဗတ်စ် (Galvas)နဲ့ လီနာဂလစ်ပ် (Linaglip) စတဲ့ ဆေးတွေကလည်း ဒီအုပ်စုကပါပဲ။

(၂) GLP1 receptor agonist

ဒီဆေးအုပ်စုက ဂျနူးဗီးယားအုပ်စုထက် GLP1 လို လုပ်ဆောင်ပြီး သိသိသာသာ ပိန်သွားစေနိုင်လို့ ဝိတ်ချလိုတဲ့ ရည်ရွယ်ချက်လည်းရှိရင် တော်တော်အသုံးဝင်ပါတယ်။ အခု ဈေးကွက်မှာ Lyraglutide ကို ဗစ်တိုဇာ (Victoza) အမည်နဲ့ ဝယ်လို့ရပါတယ်။ တစ်နေ့တစ်ကြိမ် ထိုးရပေမယ့် အင်ဆူလင်လို မရှုပ်ထွေးပါဘူး။ အစာလည်း လျှော့လို့ လွယ်ကူသွားပါတယ်။ အင်ဆူလင်နဲ့ တွဲဖက်သုံးရင် အင်ဆူလင်ကြောင့် ဝတာကို တားဆီးနိုင်ပြီး ထိုးရတဲ့ အင်ဆူလင်ပမာဏလည်း လျော့သွားစေပါတယ်။ ဂျနူးဗီးယားအုပ်စုထက် များစွာ ပိုမိုစွမ်းပါတယ်။

(၃) SGLT2 Inhibitor

နောက်ထပ်အသုံးများပြီး ကောင်းသတင်းတွေ ဝေဆာနေတဲ့ ဆေးသစ်တစ်ခုကတော့ အက်စ်ဂျီ အယ်လ်တီ ၂ရဲ့အလုပ်ကို တားတဲ့ဆေးတစ်ခု ဖြစ်ပါတယ်။ အလွယ်တကူ နားလည်အောင်ရှင်းပြရရင် ဒီဆေးသောက်လိုက်ရင် သွေးထဲက သကြားဓာတ်တွေကို ဆီးထဲကနေ ပြန်ပြီးစွန့်ထုတ်ပစ်နိုင်တဲ့ ဆေးဖြစ်ပါတယ်။ ခန္ဓာကိုယ်မှ အဆိပ်အတောက်သဖွယ် သွေးကြောနံရံတွေ လိုက်ပြီး ဖျက်ဆီးနေတဲ့ ပိုလျှံသကြားတွေကို စွန့်ထုတ်ပစ်နိုင်တဲ့နည်းဟာ အကောင်းဆုံးနည်းတစ်ခုပါပဲ။ သွေးချိုကျမယ်၊ သွေးပေါင်လည်း ချပေးနိုင်တယ်၊ နှလုံးနဲ့ကျောက်ကပ်အတွက် အကျိုးကျေးဇူးအပိုတွေလည်း ထပ်ရနိုင်တဲ့အတွက် နှလုံးဖြစ်နိုင်ခြေရှိသူတွေမှာ ဒီဆေးကို ဦးစားပေးသင့်ကြောင်း များစွာပြောလာကြပါတယ်။ ဒါကြောင့်လည်း လမ်းညွှန် (Guideline) တွေမှာ တခြားဆေးတွေထက်ဦးအောင် ရှေ့တန်းတင်လာကြပါတယ်။ ဒီအုပ်စုမှာ အထူးနာမည်ရတဲ့ ဆေးကတော့ Empag-liflozin or Jadiance ဂျားဒီးယန်စ်ဆိုတဲ့ ဆေးပဲဖြစ်ပါတယ်။

ဆီးချိုသွေးချိုရောဂါကို ပျောက်ကင်းနိုင်တဲ့ဆေးကို ရှာဖွေနေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအစီအစဉ်ကတော့ အိပ်မက်မှာပဲ ရှိနိုင်မှာဖြစ်ပါတယ်။ ဆီးချိုသွေးချိုအတွက် အကောင်းတကာ့ အကောင်းဆုံးဆေးတွေ ရှာဖွေနေရဆဲဖြစ်ပြီး အခုရေပန်းစားနေတဲ့ ဆေးသစ်တွေအကြောင်း တစေ့တစောင်း အသိပေးရတာဖြစ်ပါတယ်။ ဒီဆေးတွေမှာလည်း အပြည့်အဝစိတ်ချရတာမရှိပါဘူး။ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေ အမြဲဒွန်တွဲနေကြဆဲဖြစ်ပါတယ်။

နိဂုံးချုပ်ပြောရရင် ဆီးချိုသွေးချိုရောဂါကို ပျောက်ကင်းနိုင်တဲ့ဆေးကို ရှာဖွေနေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအစီအစဉ်ကတော့ အိပ်မက်မှာပဲရှိနိုင်မှာ ဖြစ်ပါတယ်။ ဆီးချိုသွေးချိုအတွက် အကောင်းတကာ့ အကောင်းဆုံးဆေးတွေ ရှာဖွေနေရဆဲဖြစ်ပြီး အခု ရေပန်းစားနေတဲ့ ဆေးသစ်တွေအကြောင်း တစေ့တစောင်းအသိပေးရတာ ဖြစ်ပါတယ်။ ဒီဆေးတွေမှာလည်း အပြည့်အဝ စိတ်ချရတာ မရှိပါဘူး။ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေ အမြဲဒွန်တွဲနေကြဆဲဖြစ်ပါတယ်။ ကောင်းကျိုးများပြီး ဆိုးကျိုးက မသိမသာ အနည်းငယ်သာရှိဖို့ အရေးကြီးပါတယ်။ ဒီဆေးသစ်တွေ ရဲ့ ဈေးနှုန်းက အလွန်ကြီးလို့ အများသုံးဖို့မှာ ဒါကလည်း အဟန့်အတားတစ်ခု ဖြစ်နေပါတယ်။ ဆီးချိုသွေးချိုရောဂါတွေဟာ ကမ္ဘာနဲ့အဝှမ်း များနေဆဲဖြစ်သလို အကောင်းတကာ့ အကောင်းဆုံးဆေးတွေကို လူတိုင်းသုံးစွဲနိုင်တဲ့အထိ ဈေးနှုန်းလည်း ချိုသာမယ်ဆိုရင် အတိုင်းထက်အလွန် ကောင်းပါမယ်ဆိုတဲ့ ဆန္ဒမွန်နဲ့ နိဂုံးချုပ်အပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top