Healthy Life Ad
Life Style

အင်ဆူလင်ထိုးပြီး အသက်ဆက်ပါ (၁)

ပါမောက္ခဒေါ်သန်းသန်းအေး(ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

အင်ဆူလင်ထိုးရင် အသက်တိုမယ်၊ သက်တမ်း ကုန်တော့မယ် ဆိုတဲ့ အယူအဆဟာ ဆီးချိုလူနာနဲ့ သူတို့မိသားစုတွေရဲ့ အသည်းနှလုံးထဲမှာ စွဲနေတတ်တဲ့ အယူအဆတစ်ခု ဖြစ်ပါတယ်။ ဒီယူဆချက်တွေ ကို လေပင့်သလို ပိုဆိုးသွားစေတာကတော့ နားမလည်တဲ့ အသိမိတ်ဆွေတွေရဲ့ အားပေးစကားတွေပဲ ဖြစ်ပါတယ်။ ဘယ်လို အားပေးလေ့ရှိသလဲဆိုတော့ “အို . .အင်ဆူလင်တောင် ထိုးနေရပြီလား၊ ဒါဆိုရင် နောက်ဆုံးအဆင့် ရောက်သွားပြီပေါ့နော်၊ စိတ်တောင် မကောင်းပါဘူး။ အိမ်သားတွေ သူ့ကို ဂရုစိုက်ကြဦး နော်”လို့ပြောလေ့ရှိကြသလို တချို့ကလည်း “အင်ဆူလင်ကြီး ဘာလို့ ထိုးရတာလဲ၊ တခြားနည်းတွေနဲ့ စမ်းကြည့်ပါဦး၊ ဟို တိုင်းရင်းဆေးလေး စမ်းကြည့်ပါလား . .အသိမိတ်ဆွေတစ်ယောက်တောင် အဲဒီတိုင်းရင်းဆေးနဲ့ဆီးချိုပျောက်သွားပြီ၊ ဆေးထိုးရင်နောက်ဆုံးအဆင့် ရောက်သွားဦးမယ်” စသဖြင့် အားပေးတာကြောင့်စိတ်ဓာတ်ကျတာ၊ ဝမ်းနည်းပြီး ငိုယိုနေရတာ၊ ဆေးမထိုးတော့ဘဲ ရှောင်ရှားသွားတာ၊ တခြား ဆေးမျိုးစုံကိုသွားရောက်စမ်းသုံးရင်း တစ်နှစ်လောက် အချိန်ဖြုန်းပြီး နောက်ဆက်တွဲရောဂါအများကြီး ဖြစ်လာတော့မှ အထူးကုဆရာဝန်မျိုးစုံ ချည်းကပ်ရတော့တာပါပဲ။ ဆေးပညာဗဟုသုတနည်းတဲ့ ဒီပတ်ဝန်းကျင်မှာ အခုလို ယူဆချက်တွေရှိနေတာ မဆန်းလှပါဘူး။ ခေတ်မီတဲ့ တခြားနိုင်ငံတွေက တခြားလူမျိုးတွေမှာလည်း ဒီလိုယူဆချက်တွေ အများကြီး ရှိနေသေးတာတွေ့ရပါတယ်။ အင်ဆူလင်ထိုးဖို့ လိုနေတဲ့အဆင့်မှာဆေးထိုးဖို့ ညွှန်ကြားသူနဲ့ ဆုံတွေ့ရပြီး ဆေးထိုးဖြစ်သွားတာက တကယ်တော့ ကံကောင်းတယ်လို့ဆိုရမှာပါ။ ဒီအတိုင်းနေတာနဲ့စာရင် အများကြီး အသက်ပိုရှည်လာမှာဖြစ်လို့ တကယ်တော့ ဝမ်းသာရမှာဖြစ်ပါတယ်။ ဝမ်းနည်းစရာ၊ စိတ်ဓာတ်ကျစရာ မဟုတ်ပါဘူး။ အင်ဆူလင်ရဲ့ကောင်းကျိုးကို လက်တွေ့ ခံယူရရှိသူ လူနာအမျိုးသမီးတစ်ဦးရဲ့ ရင်ဖွင့်စကားလေးကို ပြန်လည်မျှဝေပေးပါရစေ။

သူက ရန်ကုန်မှ ဝေးလံတဲ့နယ်မှာ နေတဲ့သူ တစ်ဦးဖြစ်ပါတယ်။ သူတို့ရွာမှာ ဆီးချိုကို တိတိကျကျသွေးစစ်ပြီး ကုတာ မရှိသလို ဆရာဝန်ပြပြီး ကုသလေ့လည်း မရှိပါဘူး။ ကြုံရာဆေးတွေ သောက်နေကြတာ များပါတယ်။ သူ့ကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က အင်ဆူလင်ကို အကြိမ်ကြိမ် ရှင်းပြပြီး စထိုးဖို့ တိုက်တွန်းပြီးမှ စထိုးခဲ့ပါတယ်။ အင်ဆူလင်နဲ့ ကျန်းမာလာပြီးနောက် နယ်ဝေးမှာ နေလို့ မှန်မှန်မပြဖြစ်ခဲ့ပါဘူး။ ဆေးတော့ မှန်မှန်ထိုးနေတယ်လို့ ပြောပါတယ်။ ပြန်ပေါ်လာတုန်း ကျန်းမာရေးစစ်ဆေးကြည့်တော့ သွေးချိုက အကောင်းကြီး မဟုတ်ပေမယ့် နောက်ဆက်တွဲရောဂါတော့မရှိသေးဘဲ ကျန်းမာလျက် ရှိပါသေးတယ်။ သူမရဲ့ရင်ဖွင့်သံကတော့ ဒီလိုပါ။

“ဆရာမရေ . . ကျွန်မတော့ အင်ဆူလင်စထိုးပြီးနောက်ပိုင်း အိမ်အလုပ်တွေ အားလုံး ပြန်လုပ်နိုင်တယ်။ အခုဆို ဆေးထိုးတာ ၁၀ နှစ်လောက်ရှိပြီ၊ ကျန်းမာနေတုန်းပဲ။ ြ

ပန်တွေးကြည့်တော့ ၁၀ နှစ်အရင်က ကျွန်မ အင်ဆူလင်ထိုးရတုန်းက ကျွန်မကိုရွာက ဆီးချိုသူငယ်ချင်းတွေက နောက်ဆုံးအဆင့် ရောက်လို့ဆိုပြီး လာအားပေးရင်း နှုတ်ဆက်ခဲ့ကြတဲ့သူတွေ ဒီနေ့မှာ တစ်ယောက်မှ မရှိတော့ဘူး။ အားလုံးတစ်မျိုးမျိုးဖြစ်ပြီး သေကုန်ကြပြီ။ ကျွန်မ ဘာလို့ အသက်ပိုရှည်နေတာလဲလို့ တွေးကြည့်မိတယ်။ ဆရာမ ပြောခဲ့တဲ့ အင်ဆူလင်ထိုးမှ အသက်ရှည်နိုင်မယ်ဆိုတာ ပြန်သတိရနေမိတယ်။

အဲဒီတုန်းက ဆရာမက ‘ရှင် . . အင်ဆူလင်ထိုးတဲ့ အပ်ကို ထမ်းပြီး ၁၀ နှစ်-နှစ်၂၀လောက် ဆက်လျှောက်မလား . .ဒါမှမဟုတ် ဒီအတိုင်း ဆေးမထိုးရဘဲ ၅ နှစ်အလွန်ဆုံးနေမလား’လို့ ပြောခဲ့တာလည်း သတိရနေမိတယ်။ ကျွန်မကို အင်ဆူလင် ညွှန်ကြားပေးတာ ကျေးဇူးတင်ပါတယ် ဆရာမ”လို့ ပြောခဲ့ဖူးပါတယ်။

အင်ဆူလင်က အသက်ပိုရှည်မယ့် ဆေးတစ်မျိုး ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ မပျက်စီးခင် စောစောစထိုးရင် ဒီအတိုင်းနေတာနဲ့ စာရင် တကယ်ပဲ အသက်ကို အရှည်ဆုံး ဆွဲဆန့်ပေးမှာ ဖြစ်ပါတယ်။

နောက်တစ်ပတ်ဆက်လက်ဖတ်ရှုပါရန်

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top