Healthy Life Ad
Life Style

ကိုယ်ဝန်ဆောင်ကာလ ကျန်းမာရေး (၅)

ဒေါက်တာစိုးလွင်(သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး)

ယခင်တစ်ပတ်မှအဆက်

ကိုယ်ဝန်ဆောင်မိခင် ဘယ်အချိန် ဆေးရုံတက်မလဲ . . .
ကိုယ်ဝန်ဆောင်မိခင်တွေက ကိုယ့်အသက်ကို ရဲရဲဝံ့ဝံ့အပ်နှံထားနိုင်တဲ့ ဆရာဝန်နဲ့ အပ်ပြီး ကလေး မွေးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင် မွေးတော့မယ်၊ ဖွားတော့မယ်ဆိုရင် ဆေးရုံဘယ်အချိန်တက်ရမလဲဆိုတာ အရေးကြီးပါတယ်။ ဗိုက်နာ၊ သွေးဆင်း၊ ရေဆင်း၊ ဖောရောင်ခြင်း၊ သွေးတိုးခြင်း စတဲ့ အခြေအနေတွေဟာ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်အတွက် ဆေးရုံမြန်မြန်ရောက်ဖို့ အလွန်အရေးကြီးပါတယ်။ ဗိုက်နာတဲ့အချိန်မှာ စိတ်ကို ဖြေလျှော့ပြီး လမ်းလျှောက်ပေးသင့်ပါတယ်။ တချို့ ကိုယ်ဝန်ဆောင်တွေကျတော့ ဗိုက်နာတယ်ဆိုတာနဲ့ အရမ်းကာရော စွတ်ညှစ်တော့တာပဲ . . အဲဒီအခါ ဘာဖြစ်တတ်လဲဆိုတော့ တကယ်မမွေးချင်သေးဘဲနဲ့ ဗိုက်စနာပြီဆို ရောစွတ်ညှစ်လိုက်တဲ့အခါမှာ အားကုန်သွားရော၊ ကလေးခေါင်းလေး မြင်နေရတဲ့အချိန်မှာ ဆရာဝန်တွေ၊ သူနာပြုတွေက “ညှစ်”လို့ ပြောတဲ့အခါ ကိုယ်ဝန်ဆောင်မိခင်က မညှစ်နိုင်တော့ဘူး။ အားကုန်သွားရော။ အဲဒီအချိန်မှာ ဘေးနားက ဆရာဝန်တွေကဝိုင်းကူပြီး ညှစ်ချင်စိတ် ပေါက်သွားတတ်တယ်။

တချို့ကျတော့လည်း “ညှစ်”ဆိုပြီး ပြောလိုက် တဲ့အခါ ဗိုက်မညှစ်ဘဲ လည်ပင်းမှာ သွားညှစ်နေတတ်တယ်။ ဒါကြောင့် ကလေးမွေးတဲ့အခါ သဘာဝနည်းနဲ့ မွေးမယ်ဆိုရင် ဘယ်လိုညှစ်ရမယ်ဆိုတာ ကြိုပြီး ဆရာဝန်နဲ့ သင်ကြားလေ့ကျင့်ခန်းလုပ်ထားဖို့လိုပါတယ်။

အဲဒီလို မညှစ်တတ်တဲ့အခါ ဘာတွေ ဖြစ်တတ်သလဲဆိုတော့ မလိုအပ်ဘဲနဲ

့ အောက်ကနေ ညှပ်တွေဆွဲ၊ လေတွေစုပ်ပြီး မွေးရတာမျိုးတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ ကလေးမွေးရတာကလည်း လွယ်တော့ မလွယ်ဘူး၊ တော်တော့်ကို ညှစ်ရပါတယ်။

ကိုယ်ဝန်ဆောင်မိခင် ကလေးမွေးပြီးတဲ့အခါ . .
ရိုးရိုးပဲ မွေးမွေး၊ ခွဲပြီးပဲ မွေးမွေး ကိုယ်ဝန်ဆောင်မိခင် ကလေးမွေးပြီးပြီဆိုရင် သွေးနုသားနုလို့ခေါ်တဲ့ မီးတွင်းကာလကို ရောက်လာပါတယ်။ မီးတွင်းကာလဆိုတာ သိပ်ကို အရေးကြီးတဲ့ ကာလပဲ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ မိခင်ဟာ ကလေးလေးတစ်ယောက်ကို မွေးပြီး ခြေပစ်လက်ပစ်ဖြစ်သွားပြီ၊ အားအင်တွေ အကုန် ကုန်ခမ်းသွားပြီ . .ခန္ဓာကိုယ်မှာလည်း အပြောင်းအလဲတွေ အများကြီး ဖြစ်သွားတယ်။ ညဘက်ဆိုရင် ကောင်းကောင်း အိပ်မပျော်တော့ဘူး။ ကလေးကငို၊ သေးကစိုနဲ့ စိတ်ကော လူပါပင်ပန်းလွန်းလို့ အဆင်မသင့်ရင် ရူးသွားနိုင်တယ်။ သွေးနုသားနုဆိုတဲ့ ဗမာစကားပုံက သိပ်မှန်ပါတယ်။ ဒီအချိန်မှာ အမှားမခံဘူး။ ဒီအချိန်မှာ မိခင်ကို ခင်ပွန်းသည်က အထူးဂရုစိုက်ပေးရမယ်၊ ဆွေမျိုးမိဘတွေကလည်း ဝိုင်းပြီး ကူညီဖေးမစောင့်ရှောက်ပေးရပါမယ်၊ အစားအသောက်တွေကို အာဟာရရှိတာတွေ ကျွေးရပါမယ်၊ အိပ်ရေးဝ၀ အိပ်ပျော်အောင် ထားပေးရပါမယ်၊ ကြင်နာယုယမှုတွေ များများပေးရပါမယ်။ မိသားစုနဲ့ ခင်ပွန်းသည်က နားလည်မှုတွေ အများကြီးပေးရပါမယ်။

အယူအဆမှားတွေ သတိထား . . .
တချို့တွေ မီးတွင်းမှာ ဆပ်ပြာမကိုင်ရဘူး၊ ရေမချိုးရဘူး၊ ခေါင်းမလျှော်ရဘူး ဆိုပြီး မိဘတွေက အယူအဆမှားတွေရှိတတ်တယ်။ အဲဒီအခါ မီးတွင်းမှာ ကလေးမိခင်က ညစ်ပတ်နေတတ်ပါတယ်။ တကယ်တော့ ဒီအချိန်ဟာ သန့်ရှင်းအောင်နေရမယ့် အချိန်ဖြစ်ပါတယ်။ ဒါကို ညစ်ပတ်နံစော်နေတော့ မီးတွင်းမှာ သူ့နားမှာ တခြားသူမပြောနဲ့ . .သူတောင်မနေချင်ဘူး။ တစ်ခါတလေ ပြောတာရှိတယ်။ “နံလိုက်တာ၊ ဘယ်နားသွားနေရမလဲမသိဘူး”ဆိုပြီး တကယ်တော့နံတာက သူ့နေရာ၊ သူပဲလေ .. အဲဒီလိုမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါတွေက အယူအဆမှားတွေကြောင့်ပါ။ မီးတွင်းမှာ သန့်ရှင်းရမယ်၊ ဆပ်ပြာနဲ့ ရေကို ကိုင်လို့ရပါတယ်။

နောက်တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top