Healthy Life Ad
Life Style

ကိုယ်ဝန်ဆောင်ကာလ ကျန်းမာရေး (၄)

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး)

ကိုယ်ဝန်ဆောင်မိခင် ခရီးသွားလို့ရလား

ကိုယ်ဝန်ဆောင်မိခင်တွေက မကြာခဏ မေးလေ့ရှိတယ်။ “ခရီးသွားလို့ရလား”ဆိုတဲ့ မေးခွန်းမေးပြီးချိန်မှာ အဖြေမပေးခင် “ဘာနဲ့သွားမှာလဲ၊ ဘယ်ကိုသွားမှာလဲ၊ ဘာသွားလုပ်မှာလဲ”ဆိုပြီး မေးရပါတယ်။ တစ်ခါတစ်ခါကျရင် ဖြစ်တတ်တယ်။ “အိမ်ဘေးက သူငယ်ချင်းတွေနဲ့ မြန်မာတစ်ပြည်လုံး ဘုရားဖူးထွက်မလို့၊ မွေးပြီးသွားရင် ထွက်ဖြစ်မှာမဟုတ်ဘူး”ဆိုပြီး ပြောတတ်တယ်။ မြန်မာတစ်ပြည်လုံး ခရီးသွားဖို့ကိစ္စဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး။ မြန်မာတစ်ပြည်လုံးဆိုတာ သိတဲ့အတိုင်း ရောဂါပိုးမျိုးစုံရှိတတ်တယ်။ ငှက်ဖျားဧရိယာတွေရှိတယ်၊ ငှက်ဖျားကို သတိထားရတယ်။ ခြင်တစ်ကောင်ကိုက်လိုက်ရင် အဆင်မသင့်တဲ့အခါ ငှက်ဖျားဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင်မိခင် ငှက်ဖျားဖြစ်ရင် ဆေးကုရ အရမ်းခက်ပါတယ်။ ခရီးသွားတယ်ဆိုတဲ့ကိစ္စက မသွားမဖြစ်ဆိုရင်တော့ တစ်မျိုးပေါ့။

တစ်ခါတလေကျတော့ သူငယ်ချင်းတွေကခေါ်တော့ လိုက်သွားတယ်။ ငွေဆောင်ရောက်သွားတယ်။ ငွေဆောင်ရောက်ပြီး ရေထဲဆင်းမယ်လည်းလုပ်ရော . . သွေးတွေဆင်းလာပါလေရော။ ဆရာဝန်ကလည်းမရှိ၊ အဲဒီမှာဘယ်လိုဖြစ်သလဲဆိုတော့ သွေးဆင်းတဲ့သူတစ်ယောက်ကြောင့် သူငယ်ချင်းတွေလည်း မပျော်ရတော့ဘူး။ ပြန်ပြေးလာရတယ် . . .

တစ်ခါတလေကျတော့ သူငယ်ချင်းတွေကခေါ်တော့ လိုက်သွားတယ်။ ငွေဆောင်ရောက်သွားတယ်။ ငွေဆောင်ရောက်ပြီး ရေထဲဆင်းမယ်လည်းလုပ်ရော . .သွေးတွေ ဆင်းလာပါလေရော။ ဆရာဝန်ကလည်း မရှိ၊ အဲဒီမှာ ဘယ်လိုဖြစ်သလဲဆိုတော့ သွေးဆင်းတဲ့သူတစ်ယောက်ကြောင့် သူငယ်ချင်းတွေလည်း မပျော်ရတော့ဘူး။ ပြန်ပြေးလာရတယ်။ သွေးတွေ ဒလဟောသွန်လို့ လမ်းမှာတွေ့တဲ့ ဆေးရုံ၊ ဆရာဝန်နဲ့ ပြရတယ်။ တစ်ခါတလေ ကိုယ်ဝန်ဆောင်မှာ အချင်းက အောက်မှာပိတ်နေတာရှိတတ်တယ်။ အဲဒီအခါကျရင် အချိန်မရွေး သွေးဆင်းနိုင်တယ်။ ခရီးသွားမယ်ဆိုရင် ကိုယ်သွားမယ့်နေရာမှာ ဆရာဝန်ရှိသလား၊ ငှက်ဖျားဖြစ်နိုင်သလား၊ အစားအသောက် သန့်ရှင်းသလား စတာတွေ ဆန်းစစ်ရမယ်။ ညစ်ပတ်တဲ့ လမ်းဘေးအစားအသောက်တွေစားမိရင် အန္တရာယ်ရှိပါတယ်။

ကိုယ်ဝန်ဆိပ်တက်ခြင်း

ကိုယ်ဝန်ဆိပ်တက်တာက ကိုယ်ဝန်ဆောင်ချိန်မှာ ကြောက်စရာကောင်းတဲ့ အခြေအနေဖြစ်တယ်။ မတ်တပ်ရပ်နေရာကနေ ဒိုင်းဆိုပစ်လဲပြီး ဆန့်ငင်ဆန့်ငင်တက်၊ အမြှုပ်တွေတစီစီနဲ့ မိခင်ရောကလေးပါ အသက်အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆိပ်မတက်အောင် ဆရာဝန်နဲ့ ပုံမှန်ပြဖို့လိုပါတယ်။ သွေးပေါင်မှန်မှန်ချိန်ဖို့ လိုပါတယ်။ တစ်ခါတလေ သွေးတိုးပေမယ့် လုံးဝမသိဘူး၊ သွေးတိုးပေမယ့် လူကနေကောင်းနေတယ်။ ကိုယ်ဝန်ဆိပ်တက်ပြီး ဒိုင်းဆိုပစ်လဲမှ တိုင်းကြည့်လိုက်တော့ သွေးပေါင်တွေတက်နေတာ၊ အဲဒီအချိန်ကျ နောက်ကျသွားပြီ။ ဒါကြောင့် ဆရာဝန်တွေဆီသွားပြရင် သွေးပေါင်ကို သေချာချိန်ဖို့ လိုပါတယ်။ သွေးတိုးနေရင် ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ သိပ်ငန်တဲ့ အစားအသောက် စတာတွေကို ရှောင်ရမယ်။ နားနားနေနေ နေရမယ်။ တကယ်လို့ အမြင်တွေမှုန်ဝါးတယ်၊ ခေါင်းကိုက်တယ်၊ အောင့်တယ်၊ မျက်စိကြည့်ရတာ အလင်းရောင်တွေမြင်တယ် . .ဆိုရင် သတိထားရမယ်။ ဒါက ကိုယ်ဝန်ဆိပ်တက်တဲ့ လက္ခဏာတွေ ဖြစ်နိုင်လို့ ဆရာဝန်ဆီ အမြန်ဆုံးပြသင့်ပါတယ်။

ဘယ်တော့၊ ဘယ်မှာ၊ ဘယ်သူနဲ့၊ ဘယ်လိုမွေးမလဲ

ကလေးလေးကို ၉ လလွယ်လို့ ၁၀ လထဲ ရောက်လာပြီဆိုရင် ဘယ်တော့၊ ဘယ်မှာ၊ ဘယ်သူနဲ့၊ ဘယ်လိုမွေးမလဲဆိုတဲ့ အပိုင်းက အရေးကြီးပါတယ်။ စိတ်ချရတဲ့ သားဖွားမီးယပ်အထူးကု ဆရာဝန်နဲ့ အပ်နှံထားဖို့ လိုအပ်ပါတယ်။ ဆရာတို့နိုင်ငံမှာ ရမ်းကုတွေများတယ်၊ ဆေးရုံ၊ ဆေးခန်းကို သေကောင်ပေါင်းလဲအချိန်ကျမှ ရောက်လာတာများတယ်။ တချို့တွေများ ကလေးမွေးတာကို အိမ်သာတက်သလောက်ပဲ သဘောထားတယ်။ ဗိုက်နာမှ အိမ်သာလိုက်ရှာသလိုပဲ အိမ်မှာပဲညှစ်ပြီး ဆက်မမွေးနိုင်တော့မှ ဆေးရုံရောက်လာတာတွေတောင် ရှိပါတယ်။ တကယ်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်သူနဲ့ မွေးမှာလဲ၊ ဘယ်လိုမွေးမှာလဲ . .ဗိုက်ခွဲမွေးမှာလား၊ ရိုးရိုးမွေးမှာလား၊ ဘယ်မှာမွေးမှာလဲ . .စသဖြင့် သေချာပြင်ဆင်ပြီးမှ မွေးဖွားသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top