Healthy Life Ad
Health Tips

အလုပ်လုပ်ရင်း အညောင်းပြေစေမည့် လေ့ကျင့်ခန်း

၊ လရိပ်မေ ၊

လုပ်ငန်းခွင်မှာအချိန်ကြာကြာနေရတဲ့အတွက် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းမလုပ်ဖြစ်သူတို့အတွက် အလုပ်လုပ်ရင်း တစ်ကိုယ်လုံးအကြောပြေလျော့ကာ အညောင်းပြေစေမယ့်နည်းတွေရှိပါတယ်။


(၁) လည်ပင်း ဆွဲဆန့်လေ့ကျင့်ခန်း

ကွန်ပျူတာစကရင်ရှေ့မှာ ထိုင်တာနဲ့လည်ပင်းကို အပေါ်အောက် မကြာခဏ ရွေ့လျားတာကြောင့် လည်ပင်းမှာ ဒဏ်ဖြစ်စေနိုင်ပါတယ်။ လည်ပင်းဒဏ်မဖြစ်အောင်ကာကွယ်ဖို့ ထိုင်ရင်း လေ့ကျင့်ခန်းလုပ်ပေးပါ။ ထိုင်ခုံမှာထိုင်ရင်း ဘယ်လက်နဲ့ခေါင်းပေါ်မှာ အုပ်မိုးပြီး ညာဘက်နားရွက်ကိုထိတွေ့တာ၊ ညာလက်နဲ့ ခေါင်းပေါ်မှာ အုပ်မိုးပြီး ဘယ်ဘက်နားရွက်ကို ကိုင်တွယ်တာတို့ကို လုပ်ဆောင်ပေးပါ။ ဒီအကြောဆွဲဆန့်နည်းဟာ တစ်နေ့လုံးထိုင်ရတဲ့ သင့်ကို လည်ပင်းနာကျင် တောင့်တင်းမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။


(၂) ပေါင်သန်စွမ်းစေရန် ဆွဲဆန့်လေ့ ကျင့်ခန်း

မတ်မတ်ထိုင်ရင်း ထိုင်ခုံနောက်ဘက်ကိုမှီကာ ခြေထောက်တစ်ချောင်းကိုရှေ့ထုတ်ရင်း ဝမ်းဗိုက်ကြွက်သားတွေကိုမြှင့်လိုက်၊ ပြန်နှိမ့်လိုက်လုပ်ပေးပါ။


(၃) နေရာမှာတင် ပြေးသည့်လေ့ကျင့်ခန်း

အထိုင်များတာ၊ မတ်တပ်ရပ်နှုန်းများတာတွေကြောင့် ခြေထောက်နဲ့ တံကောက်ကြောကို နာကျင်မှုဖြစ်စေနိုင်ပါတယ်။ အလုပ်ထဲမှာထိုင်ရင် ပြေးသလိုဖြစ်အောင် ခြေထောက်တွေကိုမြှင့်လိုက်၊ ပြန်နှိမ့်လိုက်၊ နားလိုက်လုပ်ပေးပါ။ နှလုံးခုန်နှုန်းမြန်စေပြီး ကယ်လိုရီလောင်ကျွမ်းစေနိုင်ပါတယ်။


(၄) ခြေဖနောင့် မြှင့်တင်လေ့ကျင့်ခန်း

တစ်နေ့လုံး ထိုင်ခုံမှာ ထိုင်ရတဲ့အခါ ခြေဖနောင့်တွေက တောင့်တင်းကိုက်ခဲနေတတ်ပါတယ်။ ခြေဖဝါးတွေ သွေးလှည့်ပတ်မှုကောင်းစေဖို့ မတ်မတ်ထိုင်ပြီး ကြမ်းပြင်ကနေ ခြေဖနောင့်တွေကို မြှင့်နိုင်သမျှမြှင့်ပေးပါ။ ခြေဖနောင့်မြှင့်တင်တာကြောင့် ခြေသလုံးကြွက်သားတွေကို သန်စွမ်းစေပါတယ်။


(၅) ခါးဆွဲဆန့်လေ့ကျင့်ခန်း

ကွန်ပျူတာရှေ့မှာ နေ့စဉ် နာရီပေါင်းများစွာ ထိုင်တာကြောင့် ခါးနာစေပါတယ်။ ရုံးထိုင်ခုံမှာ တစ်ချိန်လုံးငြိမ်နေရတဲ့ အနေအထားဟာ ခါးကြွက်သားတွေပေါ်မှာ ဖိအားသက်ရောက်စေပါတယ်။ ဒါကြောင့် မတ်မတ်ထိုင်ပြီး ထိုင်ခုံနောက်မှီကာ ခန္ဓာကိုယ်အပေါ်ပိုင်းကို တစ်ဘက်သို့လှည့်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top