Healthy Life Ad
Life Style

ဆီးချို ဆေးသစ်များ (၁)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါအတွက် နှစ်ပေါင်းများစွာ အသုံးပြုလာခဲ့ပြီး အခုတိုင်လည်း အများဆုံးသုံးနေဆဲဖြစ်တဲ့ မူလဆေးဟောင်းတွေကတော့ မက်ဖော်မင် (Metformin)နဲ့ ဆာလ်ဖော် နိုင်းယူရရီးယား (Sulphonylurea) ဆေးအုပ်စု နှစ်ခုပဲဖြစ်ပါတယ်။ အစွမ်းထက်တဲ့ သုံးစရာ ဆီးချိုဆေးတွေရှိနေပေမယ့် ဆေးသစ်တွေဘာလို့ လိုက်ရှာနေရတာလဲ။ ဘာလို့ ငွေကုန်ကျခံပြီး အသစ်ထုတ်ဖော်နေကြရတာလဲ။

မက်ဖော်မင်ကတော့ အမျိုးအစား(၂) ဆီးချိုသွေးချို လူနာတွေအတွက် ပထမဦးစားပေးသုံးရမယ့် ဆေးတစ်ခုပဲဖြစ်ပါတယ်။ ယခုနှစ်ပေါင်း ၆၀ ကြာခဲ့ပြီဖြစ်ပေမယ့် ကြာလေကြာလေ မက်ဖော်မင်ရဲ့ ကောင်းကျိုးတွေ ပိုပြီးတွေ့ရှိလာတဲ့အတွက် လူတိုင်းသုံးသင့်တဲ့ ဆေးဖြစ်ပါတယ်။

မက်ဖော်မင်ကတော့ အမျိုးအစား(၂) ဆီးချို သွေးချိုလူနာတွေအတွက် ပထမဦးစားပေး သုံးရမယ့်ဆေးတစ်ခုပဲဖြစ်ပါတယ်။ ယခုနှစ်ပေါင်း ၆၀ ကြာခဲ့ပြီဖြစ်ပေမယ့် ကြာလေကြာလေ မက်ဖော်မင်ရဲ့ ကောင်းကျိုးတွေ ပိုပြီးတွေ့ရှိလာတဲ့အတွက် လူတိုင်းသုံးသင့်တဲ့ ဆေးဖြစ်ပါတယ်။ နှလုံး၊ အသည်းနဲ့ ကျောက်ကပ်တွေအတွက် ကောင်းကျိုးရှိတာတွေလည်း တွေ့လာပါပြီ။

ဆာဖွန်နိုင်းယူရီးယား အုပ်စု (SU)မှာ အရင် ဦးဆုံးပေါ်ပေါက်ခဲ့တဲ့ တော်ဗြူးတမိုဒ် (Tolbutamide)နဲ့ ဂလိုင်ဘင်ကလာမိုဒ် Glibenclamide (Daonil) တွေကို ယခုအခါမှာ သုံးတာထုတ်လုပ်တာ မရှိတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီဆေးတွေမှာ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ အထူးသဖြင့် သွေးအချိုဓာတ်အကျလွန်တဲ့ ပြဿနာတွေပိုဖြစ်တတ်လို့ဖြစ်ပါတယ်။ သက်ကြီးရွယ်အိုတွေမှာ ဒီဆေးကို အထူးရှောင်ကြဉ်ရပါမယ်။ သွေးချိုဓာတ်ကိုထိန်းတာ ထိရောက်တယ်၊ ကောင်းတယ်ဆိုပေမယ့် သွေးချိုကျရင်သတိလစ်ပြီး ချက်ချင်းပြဿနာတက်နိုင်တယ်။ အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ဖြစ်နိုင်တယ်။ သွေးချိုအကျလွန်ရင် ပထမဦးဆုံးထိခိုက်တာက ဦးနှောက်ပါပဲ။ ချက်ချင်းအချိုဓာတ်ပြန်ဖြည့်ရမယ်။

နှောင့်နှေးသွားရင် ပြန်ကောင်းမလာဘဲ လေဖြတ်သလို ဘဝဆုံးရတတ်ပါတယ်။ သွေးချိုအကျလွန်ခြင်းရဲ့နောက်ကွယ်မှာ နောက်ထပ်ပြီး ဖြစ်လာတတ်တဲ့ ပြဿနာတွေကတော့ နှလုံးသွေးကြောရုတ်တရက်ပိတ်ခြင်း (Cardiovascular events)၊ ဦးနှောက် သွေးကြောပိတ်ခြင်း/ပေါက်ခြင်းတွေ ဆင့်ပွား ထပ်ဖြစ်လာခြင်းကြောင့်ပဲ ဖြစ်ပါတယ်။

ဒီဆေးအုပ်စုထဲက နောက်ထပ်ရှာဖွေ ဖော်ထုတ်လိုက်တဲ့ modernized sulphonylurea ခေတ်သစ် SU ဆေး ဆေးသစ်တွေကတော့ Gliclazide ဂလီကလာဇိုက်ဖြစ်ပြီး ပင်ရင်းဆေး Diamicron MR အမည်နဲ့ ဈေးကွက်မှာရှိပါတယ်။ ၄င်းနဲ့တူအောင် ဖော်ထုတ်ထားတဲ့ အလားတူဆေးတွေဖြစ်တဲ့ Diaband MR, Reclide MR,Remicron MR Sunglizide,Clibite စတဲ့ အမည်မျိုးစုံဖြင့် ဝယ်ယူနိုင်ပါတယ်။ နောက်အသုံးအများဆုံးဖြစ်တဲ့ ခေတ်သစ် SU ကတော့ Glimepride ဂလီမီပရိုက်ဖြစ်ပါတယ်။ မူလပင်ရင်းဆေးအမည်ကတော့ Amaryl ဖြစ်ပြီး အလားတူဆေးအမည်တွေကတော့ Glypride, Diaglim, Euglim,Orinase,glimepride Denk စတဲ့ အမည်တွေနဲ့ ဝယ်နိုင်ပါတယ်။

နောက်ဆေးတစ်မျိုးကတော့ Glipizide ဂလီပီဇိုက်ဖြစ်ပြီး Minidiab က ပင်ရင်းဆေးအမည် ဖြစ်ပါတယ်။ အထက်ပါ ခေတ်သစ် SU ဆေးအုပ်စုတွေကတော့ ယခင်ဆေးဟောင်းတွေလို သွေးချိုကျလွန်ခြင်းရှိနိုင်ပေမယ့် သိပ်မပြင်းထန်ပါဘူး။ ထိရောက်မှုရှိပြီး နှလုံးပေါ်မှာ ကျရောက်နိုင်တဲ့ ဆိုးကျိုးလည်း ပိုနည်းတာကြောင့် ဆက်လက်သုံးနေဆဲဖြစ်ပြီး အသုံးအများဆုံးဆေးလည်းဖြစ်ဆဲပါပဲ။ သွေးချိုကျတဲ့အန္တရာယ်ကတော့ သွေးချိုမှန်မှန်စစ်နေဖို့လိုပါတယ်။ အကောင်းဆုံး ဆီးချိုဆေးဖြစ်ဖို့ လိုအပ်တာတွေရှိနေဆဲဖြစ်ပါတယ်။ အဓိက အကြောင်းရင်းကတော့ ဆီးချိုသက်ကြာလာတာနဲ့အမျှ ဘီတာဆဲလ်မှ အင်ဆူလင်ထုတ်လုပ်အားတွေ ကျလာတာကို တားဆီးမပေးနိုင်ပါဘူး။

မတားနိုင်တဲ့အပြင် SU ဆေးတွေက အင်ဆူလင်ကို ပိုထုတ်ဖို့ မုန့်ချိုအိတ်ရှိ ဘီတာဆဲလ်ကို တွန်းအားဆက်တိုက်ပေးနေတဲ့ဆေးဖြစ်လို့ ကြာရင် ဘီတာဆဲလ်အားတွေကျတာ (Beta cell exhaustion) မြန်စေတယ်လို့လည်း ယူဆကြပါတယ်။ ဒါကြောင့် အင်ဆူလင်ဆေးထိုးရမယ့် အခြေအနေကို မလွဲမသွေကြုံရမှာဖြစ်ပါတယ်။ ဒီဆေးတွေရဲ့ နောက်ဆိုးကျိုးတစ်ခုကတော့ ကိုယ်အလေးချိန်တိုးလာခြင်း၊ ဝလာခြင်းပင်ဖြစ်ပါတယ်။ အမျိုးအစား(၂) ဆီးချိုသွေးချိုတွေရဲ့ အခြေခံဇစ်မြစ်က အဝလွန်ခြင်းကြောင့်ဖြစ်တဲ့အတွက် သွေးချိုကျနေပေမယ့် ဆီးချိုသွေးချိုရောဂါအဆင့် ပိုပြီး ဆိုးလာစေနိုင်ပါတယ်။

နောက်ပိုင်းပေါ်လာတဲ့ ဆေးတစ်မျိုးကတော့ Rosiglitazone နဲ့ Pioglitazone စတဲ့ ဂလစ်တာ ဇုန်းဆေးတွေဖြစ်ပါတယ်။ ဒီဆေးတွေရဲ့ အားသာချက်ကတော့ အင်ဆူလင်တွန်းခံမှုကို လျော့စေပြီး သွေးချိုကျစေခြင်းဖြစ်တယ်။ အင်ဆူလင် တွန်းထုတ်တာမဟုတ်လို့ အင်ဆူလင်များပြီး သွေးချိုအကျလွန်တဲ့ အန္တရာယ်မရှိပါဘူး။ အင်ဆူလင်ထုတ်တဲ့ ဘီတာ ဆဲလ်ကလာပ်စည်းတွေကို မပျက်သုဉ်းအောင် ထိန်းသိမ်းကာကွယ်နိုင်တာကိုလည်း တွေ့ရှိရပါတယ်။ Beta cell preservation လုပ်ပေးပါတယ်။ ဒါကြောင့် အင်ဆူလင်ထိုးရမယ့် အခြေအနေမရောက်အောင် တာရှည်ထိန်းထားပေးပါတယ်။ ဒါက လိုလားတဲ့ ကောင်းကျိုးတွေရှိတဲ့ဆေးလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ မလိုလားအပ်တဲ့ အချက်တွေရှိနေပြန်ပါတယ်။ အဝလွန်တာ၊ ဖောတောတောပုံဖြစ်တာတွေက မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နေပြန်ပါတယ်။

တခြားလက်မခံနိုင်တဲ့ ဆိုးကျိုးလေးတွေကို လက်တွေ့သုံးနေတာ ကြာတော့တွေ့လာပါတယ်။ ရိုစီဂလစ်တာဇုန်းပေးထားတဲ့ လူနာတချို့မှာ နှလုံးပြဿနာဖြစ်တာ၊ နှလုံးမောတာ (Heart failure) ပိုဖြစ်တာ တွေ့ရှိလာတယ်၊ ဒါကြောင့် USFDA မှထုတ်လုပ်မှုကို ပြန်ပြီးပိတ်ပင်လိုက်ပါတယ်။ ဈေးကွက်မှ ပြန်ပျောက်သွားပါပြီ။ ဒါပေမဲ့ အုပ်စုတူတဲ့ ပိုင်အိုဂလစ်တာဇုန်းကိုတော့ ဆက်လက်သုံးစွဲခွင့်ရရှိနေဆဲပါတယ်။ ရိုစီဂလစ်လိုတော့ ဆိုးကျိုးသိပ်မတွေ့ပေမယ့် သတိထားပြီးသုံးရမယ့် ဆေးတစ်ခုအနေနဲ့ ခွင့်ပြုထားဆဲဖြစ်ပါတယ်။ ဒါကြောင့် ဒီဆေးအုပ်စုဟာ ရေပန်းမစားတော့ပါဘူး။ ရှေ့တန်းတင် ဦးစားပေးဆေးတစ်ခု မဟုတ်တော့ပြန်ပါဘူး။ အကောင်းဆုံးဆီးချိုဆေး Ideal anti hyperglycemic drug တစ်ခုရဲ့ အရည်အချင်းပြည့်ဝဖို့အတွက် လိုအပ်နေသေးတဲ့ ကွက်လပ်ကိုတော့ မဖြည့်နိုင်ခဲ့သေးပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top