Healthy Life Ad
Life Style

မကောင်းသော ရလဒ်ထွက်နိုင်သည့် စိတ်ဖိစီးမှု လျော့ကျရေးနည်းလမ်းများ

၊ ငွေကြယ်စင်ယံ ၊

လေ့လာမှုတွေအရ စိတ်ဖိစီးမှုများတဲ့နေ့တွေမှာ ပြန်လည်သက်သာရာရစေဖို့ လူတွေ လုပ်လေ့ရှိတဲ့နည်းတွေက စိတ်ဖိစီးမှုကို ပိုတိုးစေကာ ရလဒ်မှားတွေကိုပဲ ရစေတယ်လို့ သိရပါတယ်။

တီဗီအကြည့်များခြင်း
တစ်နေ့လုံး စိတ်ဖိစီးမှုများခဲ့ပြီးတဲ့နောက် တီဗီ ဒါမှမဟုတ် ဗီဒီယိုဂိမ်းတွေကို အကြာကြီး ကြည့်တာကြောင့် စိတ်ခံစားမှု ပိုကောင်းလာမယ် ထင်ပါသလား။ အလုပ်ပြီးချိန်မှာ ပင်ပန်းနွမ်းနယ်နေတဲ့သူတွေဟာ တီဗီအကြည့်များတာနဲ့ ဂိမ်းတွေ ကစားတာကြောင့် ပိုပြီးစွမ်းအင်ကုန်ဆုံးစေတယ်လို့ ဂျာမန်နဲ့ ဒတ်ချ်လေ့လာသူတွေက လတ်တလောမှာ တွေ့ရှိထားပါတယ်။

အလွန်အမင်း တွေးလွန်းခြင်း
အလုပ်ကိစ္စ အဆင်မပြေတာကိုပဲဖြစ်ဖြစ် အလွန်အမင်း တွေးလွန်းတာကြောင့် အဖြေမထွက်ဘဲ စိတ်ဖိစီးမှု ပိုများလာတတ်ပါတယ်။ အလွန်အမင်း တွေးခေါ်တာက ပြဿနာဖြေရှင်းနည်းလို့ လူတွေထင်ပေမယ့် တကယ်တော့မဟုတ်ပါဘူး။ စိတ်ဖိစီးမှု လွတ်မြောက်ချင်တယ်ဆိုရင် လေ့ကျင့်ခန်းလုပ်ပါ ဒါမှမဟုတ် တေးဂီတနားဆင်ပါ။

မိတ်ဆွေသူငယ်ချင်းများနှင့် စကားစမြည်ပြောခြင်း
အမျိုးသမီးတွေ အချင်းချင်း ကိုယ့်အခက်အခဲ ပြဿနာတွေ ပြောဆိုကြတဲ့အခါ စိတ်ဖိစီးမှုဟော်မုန်း အဆင့် မြင့်တက်မှုရှိတယ်လို့ အော်ပရာလေ့လာမှုအရ သိရပါတယ်။ အကြောင်းကတော့ လူတွေဟာ ပြဿနာပေါင်းစုံ၊ အခက်အခဲမျိုးစုံကြား မပြေလည်မှုတွေကြုံရပြီး ပူပန်မှုကူးစက်တာကြောင့် ဖြစ်ပါတယ်။

စိတ်အလိုရှိရာ စားသုံးခြင်း
စိတ်ညစ်တဲ့အခါ လက်လှမ်းမီရာ အဆင်သင့် အစာတွေကို စားတာက စိတ်ဖိစီးမှုကို တွန်းလှန်နိုင်တဲ့ နည်းလမ်းကောင်း မဟုတ်ပါဘူး။ အစာတွေကို များများစားလေလေ၊ စိတ်ဖိစီးမှုဟော်မုန်းတွေ မြင့်တက်လာလေလေ ဖြစ်ပြီး အစာကြေညက်မှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ မလိုအပ်ဘဲစားသုံးတဲ့ ကယ်လိုရီတွေက စွမ်းအင်အဖြစ် အသုံးမပြုဘဲ အဆီအဖြစ် သိုလှောင်နိုင်ခြေ ပိုများသွားပါတယ်။

ဖေ့စ်ဘွတ်ခ် အသုံးများခြင်း
လုပ်ငန်းခွင် ပရော့ဂျက် လုပ်ဆောင်တာ ဒါမှမဟုတ် အိမ်အလုပ်လုပ်တာတို့ကို ခဏရပ်ပြီး ဖေ့စ်ဘွတ်ခ်လို လူမှုမီဒီယာကို အချိန် ၁၀ မိနစ်လောက် သုံးတာက စိတ်အပန်းပြေစေပါတယ်။ ဒါပေမဲ့ ဖေ့စ်ဘွတ်ခ်အသုံးများပြီး အဆိုးမြင်တဲ့ Post တွေနဲ့ မင်္ဂလာမရှိတဲ့ သတင်းတွေကို ဖတ်ရှုလွန်းရင်တော့ သင်ခံစားနေရတဲ့ စိတ်ဖိစီးမှုကို ပိုဆိုးစေနိုင်ပါတယ်။ လေ့လာသူတွေက ဖေ့စ်ဘွတ်ခ်အသုံးပြုသူ သန်း ၁၀ဝ ကျော်ရဲ့ သတင်းတွေကို သုံးနှစ်ကျော်ကြာ လေ့လာခဲ့တဲ့အခါ ဖေ့စ်ဘွတ်ခ်မှာတင်တဲ့အကြောင်းအရာတွေက ကူးစက်မြန်စေတာကို တွေ့ရပါတယ်။ ဆိုလိုတာက အဆိုးမြင်တဲ့ အကြောင်းအရာကို တင်လေ့ရှိသူတွေမှာ အဆိုးမြင်တဲ့ သူငယ်ချင်းတွေများစွာ ရှိနေတာကို တွေ့ရပါတယ်။ သင့် ဖေ့စ်ဘွတ်ခ် သူငယ်ချင်းတွေက ပျော်စရာ၊ တက်ကြွစရာ သတင်းအချက်အလက်တွေကို မျှဝေပေးတယ်ဆိုရင် သင့်စိတ်ခံစားမှုကလည်း ကောင်းမွန်နေပါလိမ့်မယ်။

(Ref;RD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top