Healthy Life Ad
Life Style

ကိုယ်ဝန်ဆောင်စဉ် တစ်နေ့ ကြက်ဥ ၉လုံးစားခြင်းက မွေးလာသည့် ကလေး ဉာဏ်ရည်မြင့်မားနိုင်ဟု လေ့လာမှုအသစ်တွေ့ရှိ

၊ ကိုထက် ၊

ကိုယ်ဝန်ဆောင်စဉ် ကာလအတွင်း နေ့စဉ် တစ်နေ့ကို ကြက်ဥ ၉လုံးနဲ့အထက်စားပေးပါက မွေးလာတဲ့ ကလေး ဉာဏ်ရည် မြင့်မားနိုင်တယ်လို့ လေ့လာသူတွေက ပြောကြားခဲ့ပါတယ်။

ကြက်ဥမှာ ကိုလင်းဓာတ်အများအပြားပါဝင်ပြီး ကိုလင်းဓာတ်ဟာ ဦးနှောက်လုပ်ငန်းဆောင်တာတွေနဲ့ မှတ်သားနိုင်စွမ်းတွေကို များစွာ အထောက်အကူပြုတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ကြက်ဥ ၉ လုံးမှာ အလွန်များပြားတဲ့ ကိုလတ်စထရော ပမာဏလည်း ပါဝင်နေတဲ့အတွက် ဂရုစိုက်ပြီး စားသင့်ကြောင်း အမေရိကန်ကျန်းမာရေးဌာနမှ ပြောကြားခဲ့ပါတယ်။

“ကိုယ်ဝန်ဆောင်တွေအတွက် သီးသန့် စားသောက်မှုပုံစံဆိုတာမရှိပါဘူး၊ အစားမျိုးစုံကို မျှတအောင်စားပေးမှ အာဟာရမျှတပြည့်စုံစွာရရှိမှာ ဖြစ်ပါတယ်၊ အဓိကစားသင့်တဲ့ အစားအစာတွေထဲမှာ ကြက်ဥကလည်း တစ်ခုအပါအဝင်ပါပဲ၊ ဒါပေမဲ့ ကြက်ဥကို ကျက်အောင်ချက်ပြုတ်ပြီးမှသာ စားသင့်ပါတယ်။ အစိမ်း ဒါမှမဟုတ် မကျက်တကျက် စားတာမျိုးရှောင်သင့်ပါတယ်”လို့ အမေရိကန်နိုင်ငံ ကျန်းမာရေးအဖွဲ့အစည်းမှ မှတ်ချက်ပေးထားပါတယ်။

ကြက်ဥမှမဟုတ်ဘဲ တခြားဥတွေဖြစ်တဲ့ ဘဲဥ၊ ငုံးဥ အစရှိတဲ့ ဥမှန်သမျှကို အနှစ်ရောအကာပါ မာပြီး ကျက်သွားတဲ့အထိ ချက်ပြုတ်ပြီးမှသာ စားသုံးသင့်ပြီး အစိမ်းနဲ့ မကျက်တကျက်စားသုံးပါက မလိုလားအပ်တဲ့နောက်ဆက်တွဲ ရောဂါပိုးတွေဝင်ရောက်တတ်ပါတယ်လို့ ဆိုထားပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ တစ်နေ့ကို ကိုလင်းဓာတ် ၄၈၀ မီလီဂရမ်စားသင့်တယ်လို့ အရင်ကထုတ်ပြန်ထားပြီး အခုလေ့လာသူတွေကတော့ ဒီ့ထက် နှစ်ဆ စားပေးပါက ပိုကောင်းမွန်တဲ့ ရလဒ်တွေရှိလာမယ်လို့ ဆိုပါတယ်။ ကိုယ်ဝန်ဆောင် အများစုဟာ ကိုလင်းဓာတ် စားသုံးမှုလျော့နည်းနေကြပါတယ်။ အကြောင်းကတော့ ကိုလင်းဓာတ်အများဆုံးပါဝင်တဲ့ ကြက်ဥဟာ ကိုလက်စထရောများတဲ့အတွက် ရှောင်နေကြလို့ဖြစ်ပါတယ်။ ကြက်ဥ အနှစ်တစ်ခုမှာ ကိုလင်းဓာတ် ၁၁၅ မီလီဂရမ်ပါရှိပြီး အနီရောင်အသား၊ ငါး၊ ကြက်၊ ဘဲ၊ ပဲသီးတောင့်နဲ့ အခွံမာအစေ့တွေမှာလည်း အနည်းငယ်ပါဝင်တယ်လို့ဆိုပါတယ်။

နယူးရော့ရှိ ကောနီးလ် တက္ကသိုလ်မှ လေ့လာသူတွေက ကိုယ်ဝန်ဆောင်ကာလ တတိယပတ်ရှိတဲ့ ကိုယ်ဝန်ဆောင် ၂၆ ယောက်ကို လေ့လာမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ကိုယ်ဝန်ဆောင်တစ်ဝက်ကို နေ့စဉ် ကိုလင်းဓာတ် ၄၈၀ မီလီဂရမ်နေ့စဉ် မှီဝဲစေပြီး ကျန်တစ်ဝက်ကို ၉၃၀ မီလီဂရမ် မှီဝဲစေခဲ့ပါတယ်။ အဲဒီနောက် မွေးဖွားလာတဲ့ ကလေးငယ်တွေကို လေးလ၊ ခုနှစ်လ၊ ၁၀ လနဲ့ ၁၃လအရွယ်တွေမှာ အသီးသီး လေ့လာမှု စစ်တမ်းတွေပြုလုပ်ခဲ့ကြပါတယ်။ လေ့လာမှုအရ ကိုလင်းဓာတ်နှစ်ဆစားသုံးခဲ့တဲ့ မိခင်တွေရဲ့ ကလေးတွေဟာ ပိုမိုစောစီးစွာ မိခင်အပေါ်တုန့်ပြန်မှုတွေရှိပြီး မှတ်သားနိုင်စွမ်းလည်း သိသိသာသာ ပိုမိုကောင်းမွန်နေကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ကိုလင်းဓာတ်ပြည့်ဝစွာ စားသုံးတာက ဉာဏ်ရည်မြင့်မားစေကြောင်းကို ထောက်ပြနိုင်တဲ့ တခြားလေ့လာမှုတွေလည်း ရှိပါသေးတယ်လို့ လေ့လာသူတွေက ပြောကြားခဲ့ပါသေးတယ်။

(Ref;DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top