Healthy Life Ad
Life Style

သွေးတိုးရောဂါရှိသူ မျက်စိမှုန်လျှင်

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး) ပါမောက္ခ၊ ဌာနမှူး ရန်ကုန် မျက်စိဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ သွေးတိုးရောဂါရှိတဲ့သူတွေ မျက်စိမှုန်ပြီဆိုရင် ဘယ်လိုစမ်းသပ်စစ်ဆေးပေးရလေ့ရှိပါသလဲ ဆရာ။
ဖြေ ။ သွေးတိုးကြောင့်ဖြစ်တဲ့ မျက်စိရောဂါသည် လူနာတွေကို ဆရာတို့မျက်စိဆေးရုံမှာ မကြာခဏတွေ့ရပါတယ်။ ဒါကို လူနာတော်တော်များများက မျက်စိမှုန်တယ်ဆိုရင်မျက်မှန်စမ်းပြီး မျက်မှန်တပ်ဖို့ပဲ လိုတယ်လို့ ထင်နေကြပါတယ်။ ဆရာဝန်က လူနာကို အလိုလိုက်ပြီး မျက်မှန်ကိုပဲ အလွယ်တကူ လုပ်ပေးလိုက်ပြီး မျက်စိမှုန်ရတဲ့ အဓိကအကြောင်းရင်းကို မရှာလိုက်ဘူးဆိုရင် လူနာအတွက် အရမ်းနစ်နာတယ်။ မျက်စိအထူးကုဆရာဝန်တွေက မျက်စိမှုန်တဲ့ လူနာတစ်ဦးကို တွေ့တဲ့အခါ လူနာဟာ ဘာကြောင့် မျက်စိမှုန်တာလဲ၊ ဘယ်လိုကုသပေးရမလဲဆိုတာ အချိန်ယူဆန်းစစ်အဖြေရှာပေးပါတယ်။ အဲဒီလိုမှသာ လူနာအနေနဲ့လည်း အကျိုးရှိတယ်။ တချို့လူနာတွေဆိုရင် မျက်စိမှုန်တယ်ဆိုပြီး လမ်းဘေးက မျက်မှန်ကို အလွယ်တကူတပ်လိုက်တာ၊ တစ်နှစ်တည်းမှာ မျက်မှန်ပါဝါမကိုက်လို့ ခြောက်ခါလောက် ပြောင်းလုပ်ပြီး ရောဂါဇစ်မြစ်မရှာဘဲ နေတာတွေဟာ မကောင်းပါဘူး။

ဒါကြောင့် ဆီးချိုရောဂါ၊ သွေးတိုး ရောဂါစတဲ့ ရောဂါတွေရှိတဲ့ လူနာတွေအနေနဲ့မျက်စိမှုန်တယ်ဆိုရင် ရောဂါရှိကြောင်း ဆရာဝန်ကို ပြောပြသင့်ပါတယ်။ ဒါမှသာ ဆရာဝန်အနေနဲ့ ရောဂါဇစ်မြစ်ကိုရှာဖွေပြီး ပျောက်ကင်းနိုင်တဲ့ရာခိုင်နှုန်းနဲ့ မပျောက်ကင်းနိုင်တဲ့ ရာခိုင်နှုန်းတွေကို ဆွေးနွေးပြောပြပါလိမ့်မယ်။ ဒီလိုအပြန်အလှန်ဆွေးနွေးမှုခံယူပြီး ကုသတာက အကောင်းဆုံးပဲလို့ လူနာတွေကို ပြောပြချင်ပါတယ်။

မေး ။ သွေးတိုးရောဂါကို သေချာထိန်းချုပ်ကုသမှု မခံယူရင် မျက်စိမှာ နောက်ဆက်တွဲဘယ်လိုကျန်းမာရေးပြဿနာတွေ ဖြစ်တတ်ပါသလဲ ဆရာ။
ဖြေ ။ သွေးတိုးရောဂါရှိသူ လူနာတွေ သိထားသင့်တာက သွေးတိုးရောဂါကို သေချာကုသမှုမခံယူဘူးဆိုရင် မျက်စိအမြင်အာရုံကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သွေးတိုး တဲ့အတွက် မျက်စိသွေးကြောလေးတွေ မာလာပြီး ကျဉ်းလာပါတယ်။ CRAO ဆိုတဲ့ ရောဂါဖြစ်လာပါတယ်။ ဒါဟာ မျက်စိက သွေးလွှတ်ကြောမှာဖြစ်တာပါ။ မျက်စိသွေးပြန်ကြောမှာပိတ်ပြီး မျက်ကြောလွှာ မှာသွေးကြောတွေနီရဲနေတာကိုတော့ CRVO ရောဂါလို့ခေါ်ပါတယ်။ ဒီလိုဖြစ်ရင် လူနာရဲ့မျက်လုံးက တော်တော်လေးမှုန်လာပါတယ်။ ဒါကို မကုသရင် မျက်လုံးထဲမှာ သွေးခဲတွေနဲ့ပြည့်လာပြီး လုံးဝမမြင်ရတော့ပါဘူး။ မျက်စိကိုခွဲစိတ်ပြီး သွေးခဲတွေကို ထုတ်ယူရတဲ့အထိ ဖြစ်လာပါတယ်။ သွေးခဲတွေကို ထုတ်ပြီးသွားရင်တောင် မျက်စိဟာဘယ်လောက်အတိုင်းအတာအထိ ပြန်မြင်ရမယ်ဆိုတဲ့ ခန့်မှန်းချက်ကို ဆရာတို့ ပေးလို့မရတော့ပါဘူး။

မေး ။ သွေးတိုးခြင်းနဲ့ မျက်စိကျန်းမာရေး ဆက်စပ်ပုံကို သိပါရစေ ဆရာ။
ဖြေ ။ သွေးတိုးရင် ခန္ဓာကိုယ်တစ်ခုလုံးက သွေးကြောတွေအပေါ် သက်ရောက်မှုရှိနေတဲ့အတွက် မျက်စိကျန်းမာရေးနဲ့ ဆက်စပ်နေတာပါ။ သွေးတိုးတဲ့အခါ မျက်လုံးမှာရှိတဲ့ သွေးကြောအများစုအနက် Retina လို့ခေါ်တဲ့ မျက်ကြောလွှာမှာရှိတဲ့ သွေးကြောလေးတွေမှာ ပိုပြီး ထိခိုက်မှုရှိပါတယ်။ ဒါကြောင့် သွေးတိုးကြောင့် မျက်ကြောလွှာရောဂါ၊ မျက်ကြောလွှာရှိ သွေးကြောတွေမှာဖြစ်ပေါ်တဲ့ Hypertensive Retinopathy ဟာ ဖြစ်လာတာပါ။

Hypertensive Retinopathy ဖြစ်ရင်အစဆုံးကနဦးအဆင့်မှာ သွေးကြောလေးတွေက မာလာပါတယ်။ ဒုတိယအဆင့်မှာ မာလာတဲ့ သွေးကြောလေးတွေကနေ သွေးသွားလာမှုက နည်းသွားပါတယ်။ သွေးသွားလာမှုနည်းသွားပြီး မျက်လုံးက သွေးကြောလေးတွေ ပိတ်သွားရင် အဲဒီဧရိယာကို သွေးသွားလာမှု မရှိတော့ဘူး။ အဲဒီအခါ လူနာအနေနဲ့ မျက်စိမှုန်လာမယ်။ မြင်ကွင်းတစ်ခြမ်း ကျဉ်းသွားမယ်။ အဲဒီလိုတွေ ခံစားရတတ်ပါတယ်။ အဓိကကတော့ သွေးတိုးရောဂါဖြစ်တာ နှစ်အရမ်းကြာပြီဆိုတဲ့ လူနာတွေနဲ့ သွေးတိုးရောဂါကိုထိန်းချုပ်နိုင်မှုမကောင်းတဲ့၊ ဆရာဝန်နဲ့ မှန်မှန် မပြတဲ့လူနာတွေမှာ အဓိက ဖြစ်ပေါ်ခံစားရတတ်ပါတယ်။

မေး ။ သွေးတိုးရောဂါရှိသူတွေက မျက်စိကျန်းမာရေး ကောင်းမွန်ဖို့ ဘယ်လိုလိုက်နာနေထိုင်စားသောက် ဖို့ လိုအပ်ပါသလဲ ဆရာ။
ဖြေ ။ သွေးတိုးရောဂါရှိတဲ့ လူနာတွေအနေနဲ့ မျက်စိအတွက်ဆိုပြီး သီးသန့်ကာကွယ်ဖို့တော့ မလိုပါဘူး။ သွေးတိုးရောဂါရှိတဲ့သူတွေဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက် လိုက်နာရမယ့် သတ်မှတ်ချက်တွေကို လိုက်နာရုံပါပဲ။ အငန်လျှော့စားတာ၊ အဆီလျှော့စားတာ၊ စိတ်ဖိစီးမှုလျှော့ချနေထိုင်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ သွေးတိုးထိန်းကုသဆေး မှန်မှန်မှီဝဲတာ၊ ဆရာဝန်နဲ့မှန်မှန်ပြသပြီး ဆရာဝန်ရဲ့လမ်းညွှန်ချက်ကိုလိုက်နာတာ စတဲ့ သွေးတိုးရောဂါသည်တွေ လိုက်နာသင့်တဲ့ ဘဝနေထိုင်စားသောက်မှုပုံစံအတိုင်း လိုက်နာနေထိုင်ဖို့ပဲ လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top