Healthy Life Ad
Women

ပိုကြည့်ကောင်းဖို့ ချသင့်တဲ့ အလှအပသန္နိဌာန်များ

၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊

နှစ်သစ်ထဲ ချည်းနင်းဝင်ရောက်လာတာနဲ့ အသက်တစ်နှစ်ကြီးလာပြီဖြစ်လို့ အသားအရေနဲ့ ဆံပင်အလှအပကို ထိခိုက်စေတဲ့ အကျင့်ဆိုးတွေပြောင်းလဲဖို့ အချိန်တန်နေပါပြီ။ ဒါကြောင့် မဖြစ်မနေချမှတ်သင့်တဲ့ အလှအပထိန်းသိမ်းနည်း သန္နိဌာန်တွေကို အကြံပြုလိုက်ပါတယ်။


မျက်နှာကို လက်နဲ့ပွတ်သပ်တာ ရှောင်မယ်

ပါးပြင်၊ နဖူး စတဲ့ သင့်မျက်နှာတစ်ပြင်လုံးက ဝက်ခြံဖုတွေကို လက်နဲ့ ခဏခဏဆိတ်တတ်တဲ့အကျင့်၊ တစ်ခုခုစဉ်းစားတိုင်း မျက်နှာကို လက်နဲ့ထိတတ်၊ ကိုင်တတ်တဲ့အကျင့် ရှိနေသလား။ ဒါဆိုရင် မျက်နှာမှာ အဖုတွေ၊ အမာရွတ်တွေနဲ့ ကြည့်ရဆိုးနေနိုင်ပါတယ်။ ဝက်ခြံဖုတွေကို လက်နဲ့ညှစ်တာ၊ ဆိတ်တာတွေကြောင့် ရောင်ရမ်းစေပြီး အရင်ထက် ဝက်ခြံတွေ ပိုမြင်သာသလို ပိုနာကျင်ရပါလိမ့်မယ်။ ဝက်ခြံကို ညှစ်လွန်းတာကြောင့် သွေးထွက်များသလို အနာဖေးတွေလည်း ရှိနေတတ်ပါတယ်။ အဲဒီအခါ ဝက်ခြံပျံ့နှုန်းများတတ်သလို ဝက်ခြံပျောက်သွားရင်တောင် အမာရွတ်ထင်ကျန်နိုင်ခြေများပါတယ်။ ဒါကြောင့် ဝက်ခြံပေါက်ရင် လက်နဲ့မဆိတ်တော့ဘူးဆိုတဲ့ သန္နိဌာန်ချထားပြီး ဝက်ခြံဖုပေါ်မှာ ဝက်ခြံပျောက်ဆေးကိုပဲ တို့ထားလိုက်ပါ။ တကယ်လို့ ဝက်ခြံ ပြည်ဖုဖြစ်လာလို့ ညှစ်ထုတ်ချင်ရင် လက်ကို စင်ကြယ်အောင်ဆေးကြောပြီး ပြည်တွေစင်တဲ့အထိ ညှစ်ထုတ်ပေးပါ။


ညတိုင်း မျက်နှာမသစ်ဘဲ အိပ်ရာမဝင်ဘူး

တစ်နေ့လုံး မိတ်ကပ်တွေ၊ ဖုန်တွေ၊ အညစ်အကြေးတွေနဲ့ ညစ်ပတ်နေတဲ့ မျက်နှာကို ညတိုင်း မှန်မှန် သန့်စင်ပေးဖို့ လိုပါတယ်။ အိပ်ချင်လွန်းလို့ တစ်ခါတလေပဲလေဆိုပြီး မျက်နှာမသစ်ဘဲ မနေလိုက်ပါနဲ့။ မိတ်ကပ်မလိမ်းရင်တောင် သင့်မျက်နှာမှာ အညစ်အကြေးနဲ့ ဖုန်မှုန့်တွေ ကပ်နေနိုင်တဲ့အတွက် ညအိပ်ရာမဝင်ခင် မျက်နှာသစ်ဖြစ်အောင် သစ်လိုက်ပါ။ မိတ်ကပ်တွေကို မိတ်ကပ်ဖျက်ဆေးနဲ့ သေချာဖျက်ပြီး အိုင်းလိုင်နာကို သံလွင်ဆီစွတ်ထားတဲ့ ဂွမ်းစနဲ့သုတ်ကာ မျက်နှာသစ်တဲ့အကျင့်ကို သန္နိဌာန်တစ်ရပ်အဖြစ် ချမှတ်လိုက်ပါ။


ဓာတ်ပုံရိုက်တိုင်း ပြုံးမယ်

Selfie ရိုက်တဲ့အခါ ဘယ်လောက်ပဲ တည်တည်နေတတ်သူ ဖြစ်ပါစေ၊ ပြုံးယောင်သမ်းသွားတတ်ပါတယ်။ ဒါက စိတ်ကြည်နူးမှုဖြစ်စေတဲ့ အချက်တစ်ခုပါပဲ။ နှုတ်ခမ်းစူတာ၊ မျက်မှောင်ကြုတ်တာ စတဲ့ မျက်နှာအမူအရာတွေလုပ်ပြီး Selfie မရိုက်ပါနဲ့။ မျက်နှာပေါ်မှာ အရေးကြောင်း ထင်နိုင်ခြေများတဲ့အပြင် စိတ်ဆိုးတာကြောင့် မျက်နှာအသားအရေကိုလည်း ညစ်နွမ်းစေနိုင်ပါတယ်။ ဒါကြောင့် ဓာတ်ပုံရိုက်တိုင်း ပြုံးမယ်ဆိုတဲ့အချက်ကို မဖြစ်မနေလုပ်ရမယ့် အချက်အဖြစ် ချမှတ်ထားလိုက်ပါ။


ငါ့မှာ တမူထူးခြားတဲ့အလှရှိတယ်

Facebook၊ Instragram၊ Twitter အစရှိတဲ့ လူမှုကွန်ယက်တွေမှာ မိန်းကလေးတွေက သူ့ထက်ငါ အပြိုင်အဆိုင်ပုံတွေတင်တာ အားကျနေပြီလား။ သူတို့ပုံတွေက သိပ်လှလို့ အားငယ်စရာမလိုပါဘူး။ လူတိုင်းမှာ အလှကိုယ်စီရှိတာကြောင့် “ငါ့မှာလည်း တမူထူးခြားတဲ့အလှရှိတယ်”ဆိုပြီး ယုံကြည်မှုအပြည့်နဲ့ နေလိုက်ပါ။


ကိုယ့်အသားအရေနဲ့ သင့်တော်တဲ့ အသားအရေ ထိန်းပစ္စည်းတွေကိုပဲ ရွေးသုံးမယ်

ဖေ့စ်ဘွတ်ခ်မှာ သူများညွှန်းတိုင်း သုံးတာ၊ သူများ ကောင်းတယ်ပြောတိုင်း ကိုယ့်အတွက် အဆင်ပြေမယ်ထင်ပြီး လိုက်သုံးတာမျိုးတွေကို ဆင်ခြင် လိုက်ပါတော့။ ဒီအကျင့်ကြောင့် ကိုယ့်မျက်နှာဟာ နုပျိုသင့်သလောက် မနုပျိုဘဲ ရှိနိုင်သလို ငွေကုန် ကြေးကျလည်း များတတ်ပါတယ်။ ဒါကြောင့် ကိုယ့်အသားအရေအမျိုးအစားအတိုင်း သင့်တော်တဲ့ အသားအရေထိန်းပစ္စည်းနဲ့ မိတ်ကပ်တွေကိုပဲ စွဲစွဲမြဲမြဲ သုံးသင့်ပါတယ်။


နေကာခရင်မ်မလိမ်းဘဲ ဘယ်တော့မှ အပြင်မထွက်ဘူး

နေပူပူ၊ တိမ်ထူထူ အပြင်သွားရင် နေကာခရင်မ်လိမ်းပေးမှသာ အသားအရေကို ကျန်းမာလှပစေမှာပါ။ နေပူပြင်းချိန်မှာ ကျရောက်တဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အသားအရေ ထိခိုက်တာ၊ အရေးကြောင်းထင်တာ၊ အမည်းစက် တင်းတိပ်ဖြစ်တာနဲ့ အရေပြားကင်ဆာဖြစ်တာအထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အခုကစပြီး နေ့တိုင်း နေကာခရင်မ်မလိမ်းဘဲ အပြင်မထွက်ဘူးလို့ ဆုံးဖြတ်ထားသင့်ပါတယ်။


ဆံပင်အလှ ထိန်းသိမ်းမယ်

တဒင်္ဂစိတ်ခံစားမှုလိုက်ပြီး ဆံပင်ကို ဆေးအရောင်တစ်မျိုးဆိုးလိုက်၊ သိပ်မကြာခင် နောက်တစ်မျိုး ပြောင်းဆိုးလိုက်လုပ်တာ၊ ဆံပင်ကောက်လိုက်၊ ဖြောင့်လိုက်လုပ်တာတွေကြောင့် သင့်ဆံပင်တွေထိခိုက် ပျက်စီးနေနိုင်ပါတယ်။ ဆံပင်ကို ဓာတုပစ္စည်းနဲ့ တစ်ကြိမ်ထိတွေ့ပြီးရင် အနည်းဆုံး လေးလ-ခြောက်လလောက်စောင့်ပြီးမှ နောက်ထပ်အပြောင်းအလဲ လုပ်သင့်ပါတယ်။ ဒီကြားထဲမှာလည်း ဆံပင်ကိုပေါင်းတင်တာ၊ ခေါင်းလျှော်တိုင်း ကွန်ဒီရှင်နာပျော့ဆေးလိမ်းတာတို့ လုပ်ဆောင်ပေးဖို့လိုပါတယ်။ ဒီလို ဆံပင်ထိန်းသိမ်းတဲ့နည်းကို အခုကစပြီး ကျင့်သုံးလိုက်ပါတော့။


အသားအရေထိခိုက်စေတဲ့ အကျင့်ဆိုးတွေကို ရှောင်ကြဉ်မယ်

ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ နေပူထဲ အချိန်ကြာကြာနေတာ၊ အိပ်ရေးဝ၀ မအိပ်စက်တာ၊ ရေအလုံအလောက် မသောက်တာ စတဲ့ အကျင့်ဆိုးတွေက အသားအရေကို ထိခိုက်စေနိုင်တဲ့ အကျင့်ဆိုးတွေပါ။ ဒီအကျင့်တွေကြောင့် အထွေထွေကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ကျန်းမာမှ လှပမှာဖြစ်သလို လှပမှ စိတ်ခံစားမှုကောင်းပြီး ကျန်းမာနေမှာပါ။ ဒါကြောင့် ကျန်းမာလှပရေးကို ထိခိုက်စေနိုင်တဲ့ အကျင့်ဆိုးကို အခုကစပြီး မေ့ပစ်လိုက်ဖို့လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top