Healthy Life Ad
International

ကိုယ်ဝန်ဆောင်မိခင်များ မီးဖွားရလွယ်စေရန် အတူတူ အကလေ့ကျင့်ခန်းပြုလုပ်ပေးသည့် ဆရာဝန်

၊ ကိုထက် ၊

ဒေါက်တာ ဖာနမ်ဒိုဟာ မီးဖွားခါနီး ကိုယ်ဝန်ဆောင် မိခင်တွေနဲ့အတူ ပျော်ရွှင်ရယ်မောစွာကနေကြတဲ့ ဗီဒီယိုတွေ တင်ခဲ့ပါတယ်။ မီးမဖွားခင် ပျမ်းမျှ ၈ နာရီ လောက်အလိုမှာ အခုလိုကပေးတာက မီးဖွားတဲ့အခါ လွယ်ကူစေပြီး နာကျင်မှုလည်း လျော့နည်းစေတယ်လို့ သူကပြောကြားခဲ့ပြီး လေ့လာမှုတွေအရ သူရဲ့အယူအဆက မှန်ကန်တယ်လို့ လေ့လာသူတွေက ထောက်ခံခဲ့ကြပါတယ်။

သဘာဝနည်းအတိုင်း ကလေးမွေးဖွားရတာ စိတ်ရောလူရော အရမ်းပင်ပန်းတဲ့အလုပ် တစ်ခုဖြစ်ပါတယ်။ ဘရာဇီးလ်ဆရာဝန်တစ်ယောက်က ဆန်းသစ်တဲ့နည်းတစ်ခုကို ဖန်တီးလေ့လာပြီးနောက် အကလေ့ကျင့်ခန်းကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သားဖွားဆရာဝန် ဒေါက်တာဖာနမ်ဒိုဟာ သူရဲ့မီးဖွားခါနီး ကိုယ်ဝန်ဆောင်တွေနဲ့အတူတူ ကနေတဲ့ဗီဒီယိုတွေကို သူရဲ့ အင်စတာဂရမ်လူမှုကွန်ယက်မှာတင်ခဲ့ပြီး အကဆရာဝန်ဆိုတဲ့နာမည်နဲ့ လူသိများလျက် ရှိပါတယ်။ သူရဲ့နောက်ဆုံးတင်ထားတဲ့ ဗီဒီယိုထဲက အမျိုးသမီးဆိုရင် ဆီးချိုရောဂါခံစားနေရတဲ့ ကိုယ်ဝန်ဆောင်ဖြစ်ပြီး ကလေးမွေးခါနီး ဖြစ်ပါတယ်။

ကတာက စိတ်ပျော်ရွှင်ရုံသက်သက်မဟုတ်ဘဲ သိပံ္ပနည်းအရ မီးဖွားရာမှာ များစွာလွယ်ကူစေတယ်လို့ သိရပါတယ်။ “ကတာ၊ လမ်းလျှောက်တာ၊ ဆောင့်ကြောင့်ထိုင်တာတွေက မီးဖွားခါနီး ကိုယ်ဝန်ဆောင်တွေလိုအပ်တဲ့ အကောင်းဆုံး လေ့ကျင့်ခန်းတွေပါပဲ”လို့ ဒေါက်တာ ဖာနမ်ဒိုက ပြောကြားခဲ့ပါတယ်။

၁၉၉၈ ခုနှစ်က ထုတ်ဝေတဲ့ နယူအင်္ဂလန် ဆေးဂျာနယ်မှာ မီးဖွားခါနီးလမ်းလျှောက်တာနဲ့ လှုပ်ရှားမှုပြုတာက မီးဖွားရာမှာ ကောင်းကျိုးတွေရှိစေတယ်လို့ ဆိုပါတယ်။ ၂၀ဝ၃ ခုနှစ်မှာ သူနာပြုအဖွဲ့ လေ့လာသူတွေမှ မီးမဖွားခင်တစ်ချိန်လုံး လှဲလျောင်းနေတာ မီးဖွားချိန်မှာ နောက်ကျောနာကျင်မှုကို ပိုဖြစ်စေတယ်လို့ ဆိုပါတယ်။ ကလေးဟာ မီးဖွားခါနီး မွေးလမ်းကြောင်းထဲကို တဖြည်းဖြည်းရွေ့လျားဖို့ လိုအပ်ပါတယ်။ မိခင်က လှုပ်ရှားနေရင် ကလေးကို မွေးလမ်းကြောင်းသို့ရွေ့အောင် ကူညီသလိုဖြစ်တယ်လို့ သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top