Healthy Life Ad
Child

ကလေးအမြင်အာရုံအတွက် စိတ်ပူနေလျှင် အိမ်ပြင်ထွက်ပြီး ကစားခုန်စားလှုပ်ရှားခိုင်းပါ

၊ ကိုထက် ၊

ကလေးအမြင်အာရုံကောင်းမွန်စေဖို့ အိမ်ပြင်ထွက်ပြီး နေရောင်ခြည်အောက်မှာ ကစားခုန်စားပြုလုပ်တာကို တစ်နေ့ အချိန် နှစ်နာရီခန့် ပေးသင့်တယ်လို့ ကျွမ်းကျင်သူတွေက မိဘတွေကို သတိပေးလိုက်ပါတယ်။

ဒီနေ့ခေတ်မှာ ကလေးတွေကစမတ်ဖုန်း ဒါမှမဟုတ် တက်ဘလက်နဲ့ ဂိမ်းကစားတာ၊ တီဗီကြည့်တာစတာတွေနဲ့ အချိန်ကုန်နေကြတဲ့အတွက် အမြင်အာရုံဆိုင်ရာပြဿနာအမျိုးမျိုး ခံစားရမှုများတယ်လို့ မျက်စိဆရာဝန်တွေက ဆိုပါတယ်။

အထူးသဖြင့် ကလေးတွေမှာ အနီးမှုန်တဲ့ ဝေဒနာအဖြစ်များပြီး အနီးကပ်အရာဝတ္ထုတွေကိုတောင် ကောင်းကောင်းအာရုံမစိုက်နိုင်တဲ့ အခြေအနေဖြစ်လာတယ်လို့သိရပါတယ်။ သဘာဝအလင်းရောင်မရတာက ဒီအခြေအနေအတွက် အဓိကကျတဲ့အကြောင်းပြချက်ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
“ကလေးတွေက အိမ်ထဲမှာပဲနေပြီး အချိန်အများစုက သင်ခန်းစာတွေကို သင်ယူလေ့လာရတယ်၊ အားလပ်ချိန်မှာလည်းကွန်ပျူတာ၊ ဖုန်း၊ တက်ဘလက်စတာတွေနဲ့ အချိန်ကုန်တယ်၊ အပြင်ထွက်ပြီး နေရောင်ခြည်နဲ့ထိတွေ့မှုက နည်းသွားသလို စိမ်းစိုတဲ့သစ်ပင်ပန်းပင်တွေကိုကြည့်ရှုချိန်၊ သစ်ပင်တွေကြားမှာပြေးလွှားဆော့ကစားချိန်ကလည်း နည်းသွားတာကြောင့်ဖြစ်ရတာပါ”လို့ လန်ဒန်မျက်စိဆေးရုံက မျက်စိဆရာဝန်အနီဂရက်ကဆိုပါတယ်။ ကလေးတွေကိုစကရင် အသုံးပြုချိန် ကန့်သတ်ပေးတာ ဒါမှမဟုတ် အသုံးပြုခွင့် ပိတ်ပင်တာတွေက မိဘတွေလုပ်သင့်တဲ့ အကောင်းဆုံး တာဝန်ဖြစ်ပြီး ကလေးတွေကို ဖြစ်နိုင်ရင် အိမ်အပြင်မှာ ကစားခုန်စားလှုပ်ရှားမှုတွေ လုပ်စေသင့်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။ ဖြစ်နိုင်ရင် တစ်နေ့မှာနှစ်နာရီလောက် အပြင်မှာ ကိုယ်လက် လှုပ်ရှားအားကစားလုပ်ခိုင်းရင် ကလေးတွေမှာအနီးမှုန်မဖြစ်အောင် ကာကွယ်နိုင်ပါတယ်လို့ မှတ်ချက် ချထားပါတယ်။

ဒါ့အပြင် အိုမီဂါ ၃ ဖက်တီးအက်စစ်၊ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်အီးနဲ့ တခြားအာဟာရဓာတ်တွေ ပါဝင်တဲ့ အစားအသောက်တွေကိုစားပေးရင် ကလေးရဲ့မျက်စိကိုကျန်းမာစေသလိုပုံမှန် မျက်စိစစ်ဆေးမှုကိုလည်း ပြုလုပ်ပေးသင့်တယ်လို့ ကလေးမိဘတွေကို အကြံပြုထားပါတယ်။

(Ref;zeenews)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top