Healthy Life Ad
Child

ကလေးလက်ကောက်ဝတ်ကိုဆွဲမရာက အဆစ်လွဲခြင်း(Pulled Albow Syndrome)

ပါမောက္ခဦးနေဝင်း (အရိုးခွဲစိတ်ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး ။ Pulled Albow Syndrome ဖြစ်ရတဲ့ အကြောင်းရင်းကို သိပါရစေ ဆရာ။
ဖြေ ။ ဒီရောဂါ ဖြစ်ရတဲ့အကြောင်းရင်းကတော့ တချို့လူကြီးတွေက ကလေးငယ်လေးတွေကို စိတ်မရှည်ဘဲ လက်ကောက်ဝတ်ကနေ ဆတ်ခနဲ မတင်ပြီးဆွဲလိုက်တဲ့အခါမှာ ဖြစ်တတ်ပါတယ်။ တချို့က အဲဒီရောဂါကို Nursemaid’s Albow လို့ခေါ်ပါတယ်။ ကလေးထိန်းဖို့ခေါ်ထားတဲ့သူတွေကလည်း စိတ်မရှည်ဘဲ ကလေး လက်မောင်းကို ဆောင့်ဆွဲတာတွေ လုပ်ရင်းဖြစ်တတ်တဲ့အတွက်ကြောင့် တချို့ကလည်း Baby- sitter’s Albow လို့ခေါ်ပါတယ်။ တစ်ခါ တလေကလေးနဲ့အတူဆော့တဲ့အခါတွေမှာ ကလေးရဲ့ လက်ကနေကိုင်ပြီး လှည့်လိုက်တာမျိုးတွေမှာလည်း ဒီရောဂါဖြစ်တတ်ပါတယ်။ အများအားဖြင့် အသက် ၁ နှစ်နဲ့ ၃ နှစ်ကြား အရွယ်တွေမှာ ဖြစ်တတ်ပါတယ်။

မေး ။ Pulled Albow Syndrome အကြောင်း သိ ပါရစေဆရာ။
ဖြေ ။ ဒီရောဂါဖြစ်တဲ့ပုံစံက လက်ဖျံရိုးရဲ့အရိုးနှစ်ချောင်း နဲ့ လက်မောင်းအရိုးတစ်ချောင်းက တံတောင်ဆစ်ရဲ့အဆစ်မှာလာဆက်နေပါတယ်။ လက်ဖျံရိုးတွေက လက်ကိုလှည့်ဖို့နဲ့ လှုပ်ရှားဖို့တွေ ထိန်းပေးဖို့ အဆစ်နေရာမှာအရွတ်တွေရှိပါတယ်။ အဲ့ဒီအရွတ်တွေက ငယ်သေးတဲ့အရွယ်မှာ မသန်မာသေးပါဘူး။ အဲဒီလို မသန်မာသေးတဲ့အချိန် ကလေးတွေရဲ့ လက်ကို ဆွဲမလိုက်တာနဲ့ လှည့်လိုက်တာတွေလုပ်တဲ့အခါမှာ အဆစ်က နည်းနည်းလေး လွဲသွားပါတယ်။ Radial Head လို့ခေါ်တဲ့ အဆစ်ထိပ်လေးက နည်းနည်းလေး လွဲသွားပါတယ်။ အဆစ်က ပုံမှန်အနေ အထားမဟုတ်တော့တဲ့အတွက် အဲဒီနေရာက နာနေပါတယ်။ အဲဒါကို Sub-luxation လို့ခေါ်ပါတယ်။ ဒါက အဆစ်တစ်ခုလုံး ပြုတ်သွားတာ မဟုတ်ပါဘူး။ အဆစ်ထိပ်က ဟသွားတာနဲ့ နည်းနည်းလေးလွဲသွားတာဖြစ်ပါတယ်။

မေး ။ ဘယ်အသက်အရွယ်မှာ အဖြစ်များပါသလဲ ဆရာ။
ဖြေ ။ အသက် တစ်နှစ်ကနေ ၃ နှစ်ကြား အရွယ်လေးတွေမှာ အဖြစ်များပါတယ်။ ဒါပေမဲ့လည်း ကလေး ခြောက်လကနေ ၇ နှစ်အရွယ်ကြား အရွယ်အထိ ဖြစ်တတ်ပါတယ်။ မိန်းကလေးတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဘယ်ဘက်လက်တွေမှာ ပိုအဖြစ်များတာကိုလည်း တွေ့ရပါတယ်။ အဖြစ်အများဆုံးကတော့ ကလေးလက်ကို ဆွဲမတဲ့ ပုံစံမှားလို့ဖြစ်ပါတယ်။

မေး ။ ကလေးတွေမှာ ဘယ်လို လက္ခဏာတွေ တွေ့ရတတ်ပါသလဲ ဆရာ။
ဖြေ ။ လက္ခဏာတွေအနေနဲ့ကတော့ ကလေးက အဲဒီဘက်လက်ကို မဆော့တော့ဘဲ၊ မလှုပ်ရှားတော့ဘဲ ငြိမ်နေတတ်ပါတယ်။ အဲဒီလက်က မသိမသာလေး နည်းနည်းလေးရောင်နေတတ်ပါတယ်။ လက်ကို အပြင်ဘက်ကို လှန်လို့လည်း မရပါဘူး။ နာနေတတ်ပါတယ်။ ကလေးက ခြောက်လလောက်အောက်မှာလည်း အိပ်နေရင်း ဟိုဘက်၊ ဒီဘက်လှည့်ရင်းနဲ့လည်း အဆင်မသင့်ရင် ဖြစ်တတ်တာကို တွေ့ရပါတယ်။ ချော်လဲတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ အများအားဖြင့် မိဘတွေက ကလေးငယ်ငယ်လေး နာနေတယ်၊ ငိုနေတယ်၊ ရောင်နေတယ်ဆိုတာကို တွေ့တော့ကြောက်လန့်ပြီးတော့ မြန်မြန်တော့လာ ပြကြပါတယ်။ အဲဒီအခါ အရိုးကျိုးတာတွေဖြစ်သွားလားသိရအောင် ဓာတ်မှန်တွေ ရိုက်ကြည့်ပေးပါတယ်။ အဆစ်လွဲတယ်ဆိုတာကတော့ ဖြစ်တတ်တာပါပဲ။ ဓာတ်မှန်ရိုက်ကြည့်တယ်ဆိုတာက အရိုးကျိုးသွားလားဆိုတာကို သိဖို့ရိုက်တာပါ။ အဆစ်လွဲသွားတာကတော့ ဓာတ်မှန်ထဲမှာ မပေါ်ပါဘူး။ ဖြစ်သွားတဲ့အကြောင်းရင်းတွေကို မေးကြည့်လိုက်ရင် အဆစ်လွဲသွားတယ်ဆိုတာကို သိနိုင်ပါတယ်။

မေး ။ ဘယ်လို ကုသမှု ပေးရပါသလဲ ဆရာ။
ဖြေ ။

ကုသမှုအနေနဲ့ကတော့ အခက်ကြီး မဟုတ်ပါဘူး။ လွဲနေတဲ့တံတောင်ဆစ်နေရာကို ကိုင်ပြီးတော့ လက်ဖျံနေရာကို အပြင်ဘက်ကို ရုတ်တရက် လှည့်ပေးလိုက်ရပါတယ်။ အဲဒါဆို ကလစ်ဆိုပြီး အသံလေး မြည်သွားပြီး ကလေးကချက်ချင်းကို သက်သာသွားပါတယ်။ အဲဒီလို လုပ်ပေးလိုက်တဲ့အခါ ငိုနေတဲ့ ကလေးတွေလည်း ချက်ချင်းဆိုသလို အငိုရပ်သွားပြီး မငိုတော့ပါဘူး။

အပြင်ဘက်ကို လှည့်တာ မသက်သာသွားခဲ့ရင် တစ်ခါတလေ အတွင်းဘက်ကို ပြန်လှည့်ပေးရတာလည်း ရှိပါတယ်။ လှည့်ပြီးသွားရင် နာနေတာသက်သာအောင် သိုင်းကြိုးလေး စည်းပေးလိုက်ပါတယ်။ ဒါက ချက်ချင်းဆိုသလို သက်သာသွားတာဆိုပေမယ့် ဆရာဝန်တွေက တစ်ခေါက်တော့ ပြန်ချိန်းကြပါတယ်။ ကိုယ်က ကောင်းတယ် ထင်ပေမယ့် တကယ်ကောင်းသွားမဟုတ်ဘဲ ခဏသက်သာသွားတာမျိုး ဖြစ်သွားမှာစိုးတဲ့အတွက် ဆရာဝန်တွေကတော့ ပြန်ကြည့်ပေးလေ့ ရှိပါတယ်။ တစ်ခါတလေအနာမသက်သာဘဲ ကျန်ခဲ့တယ်ဆိုရင်လည်း ဆေးပေးလိုက်ရတာတွေ လုပ်ပေးရပါတယ်။

ဖြစ်တာကိုသိဖို့တော့ လိုပါတယ်။ ကလေးတွေကငယ်တော့ မပြောတတ်ပါဘူး။ ဘယ်လိုဖြစ်သွားတယ်ဆိုတာကို သိလိုက်ရင် လွယ်လွယ်ကူကူလေးနဲ့ ပျောက်ကင်းသွားနိုင်ပါတယ်။ မသိဘဲဖြစ်နေရင် ကလေးက နာနေမယ်၊ ငိုနေမယ်၊ ကလေးကနေရတာလည်း အဆင်မပြေဖြစ်နေမယ်။ အဲဒီအခါ ဟိုရောက်၊ ဒီရောက်နဲ့မလိုလားအပ်တဲ့ ကုသမှုတွေကို လုပ်မိသွားတတ်ပါတယ်။ ဆေးတွေ လျှောက်လိမ်း၊ ဆေးပတ်တီးစည်းတာတွေ မလိုအပ်ဘဲလုပ်နေရင် တခြားမလိုလားအပ်တာတွေ ဖြစ်တတ်ပါတယ်။ တစ်ခါဖြစ်ပြီးတိုင်း ပြန်ဖြစ်တတ်တာတော့ မဟုတ်ပါဘူး။ အဆင်မသင့်ရင် ဖြစ်တတ်တာပဲဖြစ်ပါတယ်။ လက်ကောက်ဝတ်ကို လှည့်လိုက်ရင် တစ်ချက်တော့ ဆတ်ခနဲကလေးက နာသွားပြီး ပြီးတာနဲ့ ချက်ချင်းကို သက်သာသွားတာ ဖြစ်ပါတယ်။

မေး ။ ဘာကြောင့် ကလေးတွေမှာပဲ ဖြစ်ရတာလဲ ဆရာ။
ဖြေ ။ ကလေးတွေရဲ့ အရွတ်တွေက ပျော့ပျော့ပျောင်းပျောင်းလေး ဖြစ်နေပါတယ်။ သိပ်အခိုင်ကြီးလည်း မဟုတ်ပါဘူး။ အဆစ်တွေကို ထိန်းထားတဲ့ အရွတ်တွေက ပျော့တဲ့အတွက် ဖြစ်လွယ်ပါတယ်။ အသက်ကြီးလာရင်တော့ မဖြစ်တော့ပါဘူး။ အသက်ကြီးလာလေတော့ ဖြစ်နိုင်ခြေကတော့နည်းလာလေလေပါပဲ။

မေး ။ ဘယ်လို ကာကွယ်သင့်ပါသလဲ ဆရာ။
ဖြေ ။ ကြိုတင်ကာကွယ်ရေးအနေနဲ့ကတော့ ကလေးကိုချီမလိုက်တဲ့အခါတွေမှာ ရုတ်တရက်ဆွဲလိုက်တာ၊ စိတ်မရှည်ဘဲ ဆွဲလိုက်တာတွေ မလုပ်သင့်ပါဘူး။

မေး ။ ဒါနဲ့ ပတ်သက်ပြီး အများပြည်သူကို ပြောလိုတာရှိရင် သိပါရစေ ဆရာ။
ဖြေ ။ တခြားနိုင်ငံတွေမှာတော့ ကျန်းမာရေးဌာနတွေ၊ ဆေးရုံဆေးခန်းတွေက နေရာတိုင်းလိုလိုမှာရှိပါတယ်။ ဖြစ်ခဲ့ရင် ဆရာဝန်ဆီသွားဖို့ တိုက်တွန်းကြပေမယ့် ဆရာတို့ဆီမှာတော့ ဆေးရုံ၊ ဆေးခန်းနဲ့့ ဝေးကွာတဲ့နေရာတွေ အများကြီး ရှိပါတယ်။ ရောဂါသေးပေမယ့် ဆရာဝန်တွေ မရှိတဲ့အတွက် ကုသမှုအမှားတွေပေးမိပြီး ပိုဆိုးသွားစေနိုင်တာကတော့ သတိထားရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဆရာတို့ဆီကအကျင့်တစ်ခုက လက်အရိုးတွေ၊ အဆစ်တွေ လွဲသွားတယ် ထင်ရင် ဟိုဆွဲ၊ ဒီဆွဲလုပ်တတ်ကြပါတယ်။ အခုလို အဆစ်နည်းနည်းလွဲတာမျိုးတွေက ဒီလိုနဲ့ပဲ ပြန်သက်သာသွားတာ ရှိပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top