Healthy Life Ad
Life Style

ဆီးချိုရောဂါနှင့် လေဖြတ်ခြင်း

ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး. ဆီးချိုရောဂါရှိသူတွေ ဘယ်အချိန်မှာ လေဖြတ်နိုင်ခြေ များပါသလဲ ဆရာ။

ဖြေ. ဆီးချိုသက်တမ်းရင့်လာရင် လူနာအများစုက ဆီးချိုထိန်းတာ မကောင်းတတ်ကြတော့ပါဘူး။ အဲဒါကြောင့် ဆီးချိုသက်တမ်းရင့်လာတဲ့အခါမှာရော ဆီးချိုကိုထိန်းတာ မကောင်းတဲ့အခါမှာရော လေဖြတ်နိုင်ခြေများတတ်ပါတယ်။ ဆီးချိုရောဂါနဲ့တွဲပြီး သွေးတိုးရောဂါ၊ အဆီများတာတွေ တွဲနေရင်တော့ လေဖြတ်နိုင်ခြေက ပိုပြီးများပါတယ်။ ဆီးချိုရောဂါ မရှိဘဲနဲ့ စိတ်ဖိစီးမှုကြောင့် ခဏတာ ဆီးချိုတက်တာမျိုးလည်း ရှိပါတယ်။ လေဖြတ်လိုက်တဲ့အခါမျိုးမှာလည်း စိတ်ဖိစီးပြီး ဆီးချိုမရှိဘဲနဲ့ ဆီးချိုတွေတက်သွားတာမျိုးရှိပါတယ်။ လေဖြတ်ပြီး လေး-ငါး-ခြောက်ရက်လောက်မှာ ဆီးချိုပြန်ကျသွားတယ် ဆိုရင်ကိစ္စမရှိပါဘူး။

ဒါပေမဲ့ လေဖြတ်တဲ့သူတစ်ယောက်ကို သွေးချိုဆီးချိုတိုင်းလိုက်လို့ ၂၀ဝ ကျော်နေရင် ကုကိုကုသမှုပေးရပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် သွေးတွင်းသကြားဓာတ်က ၂၀ဝ ကျော်နေရင် ကုကိုကုသမှုပေးရပါတယ်။ လေဖြတ်တဲ့လူနာက အစကတည်းက ဆီးချိုရောဂါရှိလို့ပဲဖြစ်ဖြစ်၊ အခုမှ စိတ်ဖိစီးလို့ ဆီးချိုတက်သွားတာဖြစ်ဖြစ် ကုဖို့လိုပါတယ်။ မကုရင် အသက်အန္တရာယ်ရှိသလို ကိုယ်အင်္ဂါထိခိုက်ဆုံးရှုံးမှုတွေလည်း ဖြစ်သွားနိုင်ပါတယ်။

မေး. ဆီးချိုရောဂါရှိသူတွေ လေမဖြတ်အောင် ဘယ်လိုကာကွယ်သင့်ပါသလဲ ဆရာ။

ဖြေ. ဆီးချိုသမားတစ်ယောက်က ဆီးချိုရောဂါမရှိသူတွေထက် လေဖြတ်နိုင်ခြေက ၂ ဆကနေ ၄ ဆအထိ ပိုများပါတယ်။ ဆီးချိုရောဂါရှိသူတွေ လေမဖြတ်အောင် ကာကွယ်ဖို့ကတော့ ဆီးချိုကို နိုင်အောင်ထိန်းပါ၊ သွေးတိုးရောဂါပါတွဲရှိရင် သွေးတိုးကို နိုင်အောင်ထိန်းပါ။ အဝမလွန်ပါစေနဲ့။ အဆီနည်းအောင်နေပါ။ နောက်တစ်ခုက အစာအိမ်ရောဂါမရှိရင် အက်စပရင်ဆေးကို ပုံမှန်သောက်ပေးသင့်ပါတယ်။ အစာအိမ်ရောဂါမရှိရင် အက်စပရင်က နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်နိုင်ပါတယ်၊ အလားတူ လေဖြတ်တာကိုလည်း ကာကွယ်နိုင်ပါတယ်။ ဒါပေမဲ့ အစာအိမ်ရောဂါဖြစ်နေရင်တော့ မသောက်သင့်ပါဘူး။ ဆီးချိုသမားတစ်ယောက်လေ ဖြတ်ပြီးသွားရင် အက်စပရင်ကို တစ်သက်လုံး သောက်ပေးဖို့လိုပါတယ်။ အစာအိမ်ရောဂါရှိရင် Clopidogrel ဆေးကို သောက်ပေးရပါမယ်။

ဆီးချိုရောဂါရှိသူလေမဖြတ်အောင် ကာကွယ်တဲ့အပိုင်းက နှစ်ခုရှိပါတယ်။

(၁) Primary Prevention

Primary Prevention ဆိုတာ ဆီးချိုသမားတစ်ယောက် လေမဖြတ်ခင် ကြိုတင်ကာကွယ်တာကို ဆိုလိုပါတယ်။ ဆီးချိုသမားက လေမဖြတ်သေးဘူး၊ Primary Prevention အနေနဲ့ ကြိုတင်ကာကွယ်မယ်ဆိုရင် ဆီးချိုရောဂါရှိပေမယ့် အက်စပရင်စ သောက်သင့်ပါတယ်။ အသက် ၄၀ကျော်ရင်၊ ပြီးတော့ ဆီးချိုသမားက တခြားသွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ အဆီများတာတွေဖြစ်နေရင်တော့ အက်စပရင်ဆေးကို သောက်ရပါမယ်။

(၂) Secondary Prevention

Secondary Prevention ဆိုတာ ဆီးချိုသမားတစ်ယောက် လေဖြတ်သွားပြီး နောက်တစ်ခေါက် ပြန်မဖြစ်အောင် ကာကွယ်တာကို ဆိုလိုပါတယ်။ ဆီးချိုသမားတစ်ယောက် လေဖြတ်ပြီးရင် အက်စပရင်ကို တစ်သက်လုံး သောက်ပေးဖို့လိုပါတယ်။ အက်စပရင်ဆေးနဲ့ မတည့်တဲ့သူတွေနဲ့ အစာအိမ်ရောဂါရှိသူတွေကတော့ Clopidogrel တစ်နေ့တစ်လုံးကို တစ်သက်လုံး သောက်ပေးဖို့လိုပါတယ်။ ဆီးချိုသမားတစ်ယောက် လေမဖြတ်အောင်ကာကွယ်ဖို့ဆိုရင် တစ်သက်လုံးသွေးပေါင်ရယ်၊ သွေးချိုရယ်၊ အဆီရယ်ကို အမြဲထိန်းထားဖို့ အရေးကြီးပါတယ်။

မေး. ဆီးချိုရောဂါရှိသူတစ်ယောက် ဘယ်အချိန်မှာ လေဖြတ်နိုင်သလဲ ဆရာ။

ဖြေ. ဆီးချိုရောဂါက သွေးတိုးရောဂါနဲ့တွဲနေရင်၊ ဆီးချိုရောဂါနဲ့ အဆီများတာနဲ့တွဲနေရင်၊ လေဖြတ်တာနဲ့ နှလုံးသွေးကြောပိတ်တာတွေ ဖြစ်နိုင်ပါတယ်။ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်တာ၊ အဆီများတာနဲ့ သွေးကြောပိတ်တာတွေက တစ်တွဲတည်းပါပဲ။ ဒီအထဲက ရောဂါတစ်ခု- နှစ်ခုဖြစ်နေပြီဆိုရင် ကျန်တဲ့ရောဂါတွေလည်း ဆက်ဆက်ပြီး ဖြစ်လာနိုင်ပါတယ်။ ဆီးချိုသမားသွေးတိုးရှိနေရင်၊ အဆီများနေရင်၊ သွေးကြောပိတ်သလားဆိုတာတွေ စစ်ပေးရပါတယ်။ ထိုနည်းတူ တခြားသွေးတိုးနေသူဆိုရင်လည်း ဆီးချိုရှိသလား၊ အဆီများနေလား၊ နှလုံးသွေးကြော ပိတ်နေလားဆိုတာတွေ ပြန်စစ်ပေးရပါတယ်။ ဒီငါးခုက အမြဲတမ်းတွဲနေပါတယ်။ လေဖြတ်တာက အဓိကကတော့ သွေးတိုးရောဂါပဲဖြစ်ပါတယ်။ နောက်တစ်ခုက ဆီးချိုရောဂါ၊ နောက်တစ်ခုက အဆီများတာကြောင့် ဖြစ်ပါတယ်။ ဆီးချိုသမား သွေးတိုးရှိနေပြီး သွေးတိုးကို မထိန်းနိုင်ရင်၊ အဆီများနေပြီး အဆီကိုမလျှော့ချနိုင်ဘူးဆိုရင် လေဖြတ်တတ်ပါတယ်။

မေး. ဆီးချိုရောဂါရှိသူ လေဖြတ်တာနဲ့ ရိုးရိုးလေဖြတ်တာက ဘာကွာခြားမှုရှိပါသလဲ ဆရာ။

ဖြေ. ဆီးချိုသမားလေဖြတ်တာက တခြားလူတွေ လေဖြတ်တာနဲ့အတူတူပါပဲ။ သီးသန့်လက္ခဏာမပြပါဘူး။ လေဖြတ်တာက ရုတ်တရတ်ကြီးဖြတ်တာလည်း ဖြစ်နိုင်ပါတယ်။ ရုတ်တရတ် အကောင်းကြီးကနေ မူးတယ်၊ မူးတယ်ဆိုပြီး လဲကျသွားတယ်။ ပြီးရင် ပါးရွဲ့သွားတာမျိုး၊ ကိုယ်တစ်ခြမ်း၊ လက်တစ်ခြမ်းက လေးတယ်သော်လည်းကောင်း၊ လှုပ်မရတော့ဘူးသော်လည်းကောင်း ဖြစ်သွားတတ်ပါတယ်။ စကားမပီတော့တာ၊ သတိလစ်သွားတာတွေလည်း ဖြစ်တတ်ပါတယ်။ Major အဆင့်ဆိုရင် သတိလစ်သွားတတ်ပါတယ်။ Minor အဆင့်ဆိုရင် သတိမလစ်ပါဘူး။ မနက်ပိုင်းမှာတော့ အကောင်းကြီးပဲ. . ညနေကျမှလေဖြတ်သွားတယ်ဆိုတာမျိုး ဖြစ်တတ်ပါတယ်။

မေး. ဆီးချိုရောဂါရှိသူတွေမှာ ဘယ်လိုပုံစံနဲ့ လေဖြတ်တတ်ပါသလဲ ဆရာ။

ဖြေ. လေဖြတ်တာကလည်း နှစ်မျိုးရှိပါတယ်။ သွေးကြောပိတ်သွားရင်လည်း လေဖြတ်တတ်ပါတယ်။ သွေးကြောပေါက်သွားရင်လည်း လေဖြတ်ပါတယ်။ ဆီးချိုရောဂါကြောင့် လေဖြတ်တာဆိုရင် နှလုံးသွေး ကြောပိတ်တတ်ပါတယ်။ သွေးတိုးကြောင့် လေဖြတ်တာဆိုရင် သွေးကြောပေါက်တာ ပိုဖြစ်ပါတယ်။ ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါတွဲနေတဲ့အချိန်မှာ လေဖြတ်တာက သွေးကြောပိတ်သွားတာဆိုရင်တော့ ဆီးချိုရောဂါကြောင့် ဆီးချိုမနိုင်လို့ လေဖြတ်သွားတာဖြစ်ပါတယ်။ သွေးကြောပေါက်သွားတာဆိုရင်တော့ သွေးတိုးကို ကောင်းကောင်းမထိန်းနိုင်လို့ လေဖြတ်သွားတာဖြစ်နိုင်ပါတယ်။

ဆီးချိုက သွေးကြောတွေကိုထိတယ်။ သွေးကြောအကြီးကိုလည်း ကျဉ်းစေသလို သွေးကြောအသေးကိုလည်း ပိုကျဉ်းသွားစေပါတယ်။ ဆီးချိုသမားတွေက အဆီတွေပိုများနေတတ်ပါတယ်။ သွေးကြောထဲမှာ အဆီတွေစုပုံဖို့အတွက် အခွင့်အလမ်းပိုများပါတယ်။ ဆီးချိုသမားကိုယ်တိုင်က သွေးကိုပိုခဲစေတတ်ပါတယ်။ သွေးကြောကလည်းကျဉ်းမယ်၊ အဆီတွေလည်း ပိုများလာမယ်၊ သွေးတွေကလည်း ပိုပြစ်လာတဲ့အတွက် သွေးကြောပိတ်သွားပြီး လေဖြတ်ဖို့ အခွင့်အလန်းအရမ်းများပါတယ်။

မေး. ဆီးချိုရောဂါရှိသူတွေ လေဖြတ်တော့မယ်ဆိုရင် ဘယ်လိုသတိပေးလက္ခဏာတွေ ပြတတ်ပါသလဲ ဆရာ။

ဖြေ. ဆီးချိုရောဂါရှိသူတွေမှာ လေဖြတ်တော့မယ်ဆိုရင် များသောအားဖြင့် သတိပေးလက္ခဏာမရှိပါဘူး။ တချို့မှာတော့ လေဖြန်းတယ်ဆိုပြီး လက္ခဏာပြတတ်ပါတယ်။ လေဖြန်းတာက လေမဖြတ်ခင်စပ်ကြားမှာ ဖြစ်တတ်ပါတယ်။ လေဖြန်းတာကြောင့် ရုတ်တရက်ကြီးစကားပြောမပီဘူး၊ ဒါပေမဲ့ ချက်ချင်းပဲ ပြန်ကောင်းသွားတယ်။ ရုတ်တရတ်ကြီး လက်တစ်ခြမ်းလှုပ်လို့မရတော့ဘူး၊ ချက်ချင်းပြန်ကောင်းသွားတယ်။ ရုတ်တရတ်ကြီး မျက်လုံးက မမြင်ရတော့ဘူး မှောင်သွားတယ်၊ ချက်ချင်းပြန်ကောင်းသွားတယ်ဆိုရင် လေဖြန်းတာ (TIA) လို့ ခေါ်ပါတယ်။ လေဖြန်းတာက လေဖြတ်ဖို့ အကြိုလို့ပြောလို့ရပါတယ်။

မေး. ဆီးချိုရောဂါရှိသူတွေ လေဖြတ်ပြီဆိုရင် အရင်ဆုံး ဘာလုပ်သင့်ပါသလဲ ဆရာ။

ဖြေ. ဆီးချိုရှိတဲ့သူ လေဖြတ်ပြီဆိုရင် လူနာရှင်အနေနဲ့ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးပြပြီးတော့ သက်ဆိုင်ရာဆရာဝန်နဲ့ ပြသဖို့လိုပါတယ်။ အခြေအနေသိပ်ဆိုးရင်တော့ ဆေးရုံတက်ဖို့လိုပါတယ်။ ဆေးရုံရောက်ရင် ဆီးချိုကို ထိန်းပေးရပါတယ်။ သွေးတိုးနေရင်နဲ့ အဆီများနေရင်လည်း ထိန်းပေးရပါတယ်။ ဆီးချိုသမားလေဖြတ်ရင် အသက်အန္တရာယ်လည်း စိုးရိမ်ရပါတယ်။ လေဖြတ်တာကိုလည်း ပိုဆိုးစေတတ်ပါတယ်။

ဆီးချိုသမားတွေရဲ့ အဓိကအချက်သုံးချက်ဖြစ်တဲ့ ဆီးချိုကိုနိုင်အောင် ထိန်းပါ၊ သွေးတိုးကိုထိန်းပါ၊ အဆီကိုထိန်းပါ. .ဒါဆို လေဖြတ်ဖို့ ကာကွယ်ပြီးသားဖြစ်ပါတယ်။ ဆီးချိုသမား လေဖြတ်ရင် ဆီးချိုကိုထိန်းမယ်၊ သွေးတိုးနဲ့အဆီများတာကိုပါ ထိန်းပေးရတာက တစ်ပိုင်းပါ။ တစ်ဆက်တည်းမှာပဲ . . .

မေး. ဆီးချိုရောဂါနဲ့ လေဖြတ်ဝေဒနာ ဆက်စပ်ပုံအကြောင်းနဲ့ပတ်သက်ပြီး အများပြည်သူကို ပညာပေးလိုတာရှိရင် ပြောပြပေးပါ ဆရာ။

ဖြေ. ဆီးချိုသမားတွေရဲ့ အဓိကအချက်သုံးချက်ဖြစ်တဲ့ ဆီးချိုကိုနိုင်အောင်ထိန်းပါ၊ သွေးတိုးကိုထိန်းပါ၊ အဆီကိုထိန်းပါ. .ဒါဆို လေဖြတ်ဖို့ ကာကွယ်ပြီးသားဖြစ်ပါတယ်။ ဆီးချိုသမား လေဖြတ်ရင် ဆီးချိုကိုထိန်းမယ်၊ သွေးတိုးနဲ့ အဆီများတာကိုပါ ထိန်းပေးရတာက တစ်ပိုင်းပါ။ တစ်ဆက်တည်းမှာပဲ လေဖြတ်တာကို ကုသမှုက တစ်ပိုင်းပါ။ အသက်အန္တရာယ်ရှိသလို ဒုက္ခိတဖြစ်သွားတတ်ပါတယ်။ အဲဒီအခါမှာတော့ လေ့ကျင့်ခန်းတွေ လုပ်ပေးရပါတယ်။ လက်တွေ၊ ခြေထောက်တွေကို လေ့ကျင့်ခန်းတွေ ပြန်လုပ်ပေးရပါတယ်။ နောက်တစ်ခေါက် ပြန်မဖြစ်အောင်လည်း တားဖို့အရေးကြီးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top