Healthy Life Ad
Life Style

မိသားစုဆွေမျိုးတွေရဲ့ အားပေးမှုနဲ့ ကင်ဆာကျော်လွှားနိုင်ခဲ့တဲ့ ဒေါ်တိုးတိုးမာ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

၂၀၁၃ ခုနှစ်တွင် အသက် ၄၆ နှစ်အရွယ် ဒေါ်တိုးတိုးမာသည် သတင်းစာဖတ်ရင်း ကင်ဆာလက္ခဏာများအကြောင်း တွေ့လိုက်ရာမှ မိမိရင်သားကို စမ်းကြည့်မိကာ ညာဘက်ရင်သား၌ အကျိတ်များရှိသည်ကို စတင်သတိပြုမိခဲ့သည်။

“သတင်းစာဖတ်လိုက်တော့ ကင်ဆာနဲ့ ပတ်သက်တဲ့ လက္ခဏာလေးတွေအကြောင်း သိလိုက်ရတယ်။ အဲဒီတော့ ရင်သားကို စမ်းကြည့်လိုက်တဲ့အခါ ညာဘက်ရင်သားမှာ အကျိတ်လေးတွေ တွေ့လိုက်တယ်။ ဒါနဲ့ ဗဟိုစည်ဆေးရုံက ဆရာ ဒေါက်တာဦးထွန်းဦးနဲ့ ပြလိုက်တယ်။ ရင်သားဓာတ်မှန် (Mammogram)နဲ့ အာထရာဆောင်းတွေ ရိုက်ခိုင်းတော့ အဖြေရလာတဲ့အခါ ကင်ဆာလို့ သိရတယ်။ အဲဒါနဲ့ အဲဒီတစ်ပတ်အတွင်းမှာပဲ ခွဲစိတ်ဖြစ်သွားပါတယ်” ဟု ဒေါ်တိုးတိုးမာက ပြောသည်။

အဖြေစာရွက်တွင် Ca Breast (ရင်သားကင်ဆာ)ဆိုသော အဖြေကို တွေ့လိုက်ချိန်တွင် ဒေါ်တိုးတိုးမာ ဝမ်းနည်းမျက်ရည်ကျခဲ့သည်။ သို့ရာတွင် ချက်ချင်း စိတ်အားတင်းပြီး ကုသမှုခံယူဖြစ်ခဲ့ကြောင်း ပြန်လည်ပြောပြခဲ့သည်။

“မျက်ရည်ကျလို့လည်း ပြီးမယ့်ကိစ္စမဟုတ်ဘူးလေ၊ ကိုယ့်စိတ်ခိုင်မာမှ ကုသမှုအောင်မြင်မယ်ဆိုတာ ကျွန်မ သိတယ်။ ဒီတော့ ကိုယ့်စိတ်ကို ကျွန်မ ဘာသာပဲ မြှင့်တင်ရတာပေါ့။ စိတ်ဓာတ်ကျသွားရင် အခြေအနေက မကောင်းနိုင်ဘူးလေ”
၂၀၁၃ ခုနှစ် ၁၀ လပိုင်းတွင် ညာဘက်ရင်သားကို ခွဲစိတ်မှုခံယူခဲ့ပြီးနောက် အသားစယူစစ်ဆေးခဲ့ရာ ရင်သားကင်ဆာ အဆင့် (၂) ဖြစ်နေကြောင်း ဒေါ်တိုးတိုးမာ သိခဲ့ရသည်။

ညာဘက်ရင်သားတစ်ဖက်လုံး ခွဲစိတ်ပြီးချိန်တွင် ကင်ဆာဆေးသွင်းကုသမှုကို ခုနစ်ကြိမ် ခံယူခဲ့ရကြောင်း သိရသည်။
“ကင်ဆာဆေးသွင်းချိန်မှာ သူများတွေက ပြောကြတယ်။ မုန်လာဥနီဖျော်ရည် သောက်ရတယ်၊ အာလူးစိမ်းဖျော်ရည်သောက်ရတယ်ဆိုပြီး ပြောတာနဲ့ ကျွန်မသောက်ပါတယ်။ အာလူးစိမ်းရည် သောက်တဲ့အတွက် ကင်ဆာဆေးသွင်းလို့ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးဒဏ်တွေကို ကျွန်မခံနိုင်ပါတယ်။ အာလူးစိမ်းရည်မသောက်ရင် ဆေးသွင်းတဲ့ဒဏ်ကိုမခံနိုင်ဘူး၊ အစားအသောက်ပျက်တယ်၊ ဆန်ပြုတ်ကျဲကျဲကို ဆားပဲခတ်သောက်နိုင်တယ်။ ဆေးသွင်းပြီး နှစ်ရက်နေရင် ကျွန်မအိပ်ရာထဲလဲသွားတာပဲ ..

အာလူးစိမ်းရည်သောက်မှ ကျွန်မပြန်ကောင်းတယ်။ အာလူးက ဗမာအာလူးသောက်လို့မရဘူး။ စီးတီးမတ်တွေမှာ သြစတြေးလျကလာတဲ့ အာလူးက ပန်းသီးလေးလိုပဲ။ အဲဒီအာလူးကို ရေဆေးပြီး သစ်သီးကြိတ်တဲ့စက်နဲ့ကြိတ်တယ်။ အဲဒီအခါ အရည်သပ်သပ်၊ အဖတ်သပ်သပ်ဖြစ်သွားတယ်။ အဲဒီ အရည်ကို သံပရာရည်နည်းနည်း၊ ပျားရည်နည်းနည်း ညှစ်ထည့်ပြီး သောက်ပေးရင်တော့ အဝင်မဆိုးဘူးပေါ့။ အဲဒါကို တစ်နေ့တစ်ခွက် သောက်ရပါတယ်။

ဆေးသွင်းတဲ့အချိန်မှာ အစားအသောက်ကို ဝင်သလောက်စားပါတယ်။ ဆေးသွင်းချိန်မှာ ငါး၊ ပုဇွန်လောက်ပဲ စားတော့ သိပ်အဆင်မပြေဘူး၊ အားပြတ်တယ်။ ဒါနဲ့ ဝက်သား၊ ကြက်သား တစ်တုံးလောက် စားကြည့်တယ်။ ငှက်ပျောသီးစားတယ်။ အဲဒီလိုနဲ့ပြန်နာလန်ထူလာတာပါပဲ”ဟု ဒေါ်တိုးတိုးမာက ကင်ဆာဆေးသွင်းစဉ် စားသောက်နေထိုင်ခဲ့ပုံကို ပြန်လည်ပြောပြခဲ့သည်။

ဒေါ်တိုးတိုးမာတို့ မိသားစုထဲတွင် ကင်ဆာမျိုးရိုးရှိပြီး သူက လေးယောက်မြောက် ကင်ဆာရောဂါ ခံစားရသူ ဖြစ်ကြောင်း သိရသည်။”အဓိကကတော့ မျိုးရိုးကြောင့် ဖြစ်တယ်လို့ ထင်ပါတယ်။ နောက် ကျွန်မ သိသလောက်ပြောရရင် ငယ်ငယ်လေးကတည်းက အနေအထိုင်၊ အစားအသောက်တွေ မှားယွင်းလာခဲ့လို့ ဖြစ်ရတယ်လို့ ထင်တာပဲ။ ဥပမာ သကြားအစားများတာတို့၊ ပင်ပင်ပန်းပန်း အလုပ်တွေ လုပ်တာတို့ပေါ့။ အေးအေးဆေးဆေး မိန်းကလေး ပီပီသသနေတဲ့သူတွေမှာ ရင်သားကင်ဆာ ဖြစ်တာနည်းသလားလို့ ကျွန်မထင်တာပဲ။ ကျွန်မကတော့ ငယ်ငယ်လေးကတည်းက ဆော့တာ အသားကုန်ဆော့တာ၊ ယောကျာ်းလေး တွေလို ဘောလုံးကန်တာ၊ သစ်ပင်တက်တာတို့ကို ဆော့တာ။ အလုပ်လုပ်တော့လည်း အစိုးရအလုပ်လုပ်ပြီး နှလုံးမကောင်းလို့ ပင်စင်ယူလိုက်တယ်။ အဲဒီလို ပင်စင်ယူလိုက်တဲ့အချိန်မှာ ရင်သားကင်ဆာ စဖြစ်တာပါပဲ။

သားလေးတစ်ယောက်မွေးပြီး သန္ဓေတားဆေးတွေလည်း သုံးဖူးသေးတယ်။ နှလုံးမကောင်းတော့တဲ့အတွက် အဲဒီဆေးဖြတ်လိုက်ရတယ်။ အဲဒီဆေးတွေကြောင့်လို့လည်း ထင်တယ်”

ရင်သားကင်ဆာကုသမှုအောင်မြင်ခဲ့ရခြင်းမှာ ဘာသာတရား၏ အထောက်အပံ့က အလွန်အရေးပါကြောင်း ဒေါ်တိုးတိုးမာက ပြောပြသည်။
“ကျွန်မက အရင်ကတည်းက ပရိတ်ကြီး ၁၁ သုတ်၊ ဂုဏ်တော်ကိုးပါး စသဖြင့် ပုံမှန်ရွတ်တယ်။ တရားကိုလည်း ပုံမှန် မှတ်သွားတယ်။ အဓိက စိတ်က ပျော်ဖို့အရေးကြီးတယ်၊ စိတ်ပျိုကိုယ်နုပဲ၊ စိတ်ညစ်နေမယ်ဆိုရင် ရောဂါတိုးဖို့ပဲရှိတယ်လေ . . ထိုင်ငိုနေလို့လည်း ဘာမှဖြစ်မလာတဲ့အတွက်ကိုယ့်ကိုယ်ကိုယ်အကျိုးရှိအောင် ဘယ်လို နေရမလဲဆိုတာပဲ စဉ်းစားပြီး ဘုရားတရား လုပ်ဖြစ်ပါတယ်”

ညာဘက်ရင်သား ခွဲစိတ်ထုတ်ထားပြီးချိန်တွင် လက်လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ဖြစ်ကြောင်း ဒေါ်တိုးတိုးမာက ပြောသည်။
“လက်လေ့ကျင့်ခန်းကို ပုံမှန်မလုပ်ရင် နောက်ဆို ကိုယ့်အင်္ကျီတောင် ကိုယ့်ဘာသာ ဝတ်လို့မရတဲ့ အဆင့် ဖြစ်သွားနိုင်တယ်လို့ ဆရာဝန်တွေက ပြောတယ်။ ကျွန်မလည်း သူတို့ ပြောတဲ့အတိုင်း လက်လေ့ကျင့်ခန်းကို လုပ်ပါတယ်။ အခုထက်ထိလည်း အဆင်ပြေရင်ပြေသလို လက်လေ့ကျင့်ခန်းကို လုပ်နေပါတယ်။ ကိုယ်ကာယလေ့ကျင့်ခန်းတွေဆိုတာ လုပ်ကိုလုပ်ရမယ့် ကိစ္စပဲလေ။

ကင်ဆာဆေးသွင်းပြီးတော့ အသည်းက အဆီဖုံးတယ်။ အဲဒီတော့ လမ်းများများလျှောက်ခိုင်းတယ်။ ဒီတော့ လမ်းလျှောက်ဖြစ်တယ်။ လမ်းလျှောက်တာက ကျန်းမာရေးအတွက် ကောင်းပါတယ်။ ဆရာဝန်တွေမှာတဲ့အတိုင်း ကျွန်မတတ်နိုင်သမျှ လိုက်နာနေထိုင်ပါတယ်”

ကင်ဆာဆေးသွင်းပြီးနောက်ပိုင်းတွင် နောက်ရင်သားတစ်ဖက်၌ ကင်ဆာထပ်မံမဖြစ်စေရန် Tamoxifen ဆေးကို ဆက်သောက်နေရကြောင်း ဒေါ်တိုးတိုးမာက ဆိုသည်။

“ကျွန်မ ဆေးရုံစတက်ကတည်းက ဆွေမျိုးတွေ၊ မိသားစုတွေ၊ မိဘတွေ၊ အဒေါ်တွေ၊ အမျိုးသားရော၊ သားရော . . ပြောရရင် တစ်ဆွေလုံး တစ်မျိုးလုံး ကျွန်မကို အထူးတလည် စောင့်ရှောက်ပေးကြပါတယ်။ မိသားစုဆွေမျိုးတွေရဲ့ အားပေးထောက်ပံ့မှုက အရမ်းကို အရေးကြီးပါတယ်။ သူတို့တွေရဲ့ စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှု၊ အားပေးမှုက တကယ်ကို အရေးပါပါတယ်။ သူတို့ရဲ့ လုံခြုံနွေးထွေးတဲ့ မေတ္တာက တကယ်ကို အရေးကြီးပါတယ်”

ယခုအခါ ဒေါ်တိုးတိုးမာသည် ခင်ပွန်း၊ သား ဖြစ်သူတို့နှင့်အတူ ရန်ကုန်၊ ဗဟန်းမြို့နယ်တွင် ကျန်းမာပျော်ရွှင်စွာ နေထိုင်လျက်ရှိသည်။
“အကျိတ်ကို မစမ်းမိခင်မှာ စစ်စစ် စစ်စစ်နဲ့ အထဲကနေ ဆုပ်ဆွဲသလို ဖြစ်တယ်။ အဲဒါမျိုး နှစ်ခါ သုံးခါဖြစ်တယ်။ ဒါပေမဲ့ ကျွန်မက သတိမထားမိခဲ့ဘူး။ ကင်ဆာနဲ့ ပတ်သက်တဲ့ ဆောင်းပါးကို သတင်းစာထဲမှာ သွားဖတ်မိတော့မှ အကျိတ်ကို စမ်းမိသွားတာပါ။ အဲဒီတော့မှ ပြဖြစ်တာ ဖြစ်ပါတယ်။ အခု ကုပြီးပြီဆိုပေမယ့်လည်း နောက်ရင်သားတစ်ဖက်မှာ ကင်ဆာဖြစ်နိုင်သလို သားအိမ်ကင်ဆာလည်း ဖြစ် နိုင်ခြေရှိတယ်။ ဒါကြောင့် အခုဆိုရင် အနေအထိုင် အစားအသောက်ကို တတ်နိုင်သမျှ ဆင်ခြင်ဖြစ်ပါတယ်။

ဈေးထဲကနေ အသားတွေ ဝယ်လာတယ် ဆိုရင် ရှလကာရည်နဲ့ စိမ်တယ်။ ၁၅ မိနစ်လောက် စိမ်ပြီးမှ ချက်ပြုတ်ပါတယ်။ အသီးအရွက်တွေဆိုရင်လည်း အဲဒီလိုပဲ ရှလကာရည်နဲ့ ၁၅ မိနစ် လောက်စိမ်ပြီးမှပဲ ချက်ပြုတ်ပါတယ်။ ပိုးသတ်ဆေးတွေကို ဒီလိုနည်းနဲ့ နိုင်သလောက် ကာကွယ်ရမှာပဲလေ။ တတ်နိုင်သမျှအပြင်စာကို ရှောင်ပါတယ်။ အိမ်မှာ အချိုမှုန့်၊ သကြားတွေ တတ်နိုင်သမျှ ရှောင်တယ်။ နေကြာဆီသုံးတယ်။ အရင်ကတော့ စားအုံးဆီ၊ ပဲဆီသုံးခဲ့တာ”ဟု ကင်ဆာဖြစ်ပြီးနောက်ပိုင်း နေထိုင်စားသောက်မှုပုံစံကို ဒေါ်တိုးတိုးမာက ပြောကြားခဲ့သည်။

“အတိတ်ကံအကြောင်းကြောင်းကြောင့် ကင်ဆာဖြစ်လာခဲ့ပြီဆိုတော့ စိတ်ညစ်နေမယ့်အစား စိတ်ကိုပျော်အောင်ထားပါ၊ ကိုယ့်မိသားစုအတွက် ကိုယ်အသက်ရှင်အောင် ကြိုးစားစေချင်ပါတယ်။ ကိုယ့်နောက်မှာ ကိုယ့်မိသားစုက အမြဲတမ်းရှိနေပါတယ်၊

ကိုယ့်မိသားစုအတွက် ကိုယ်အသက်ရှင်အောင် အနေအထိုင်၊ အစားအသောက် ဆင်ခြင်ပါ၊ ဆရာဝန်ပြောတဲ့အတိုင်း တသွေမတိမ်းလိုက်နာကြပါလို့ ပြောချင်ပါတယ်။ ဒါဆိုရင် ကုသမှု အောင်မြင်မှာ ဖြစ်ပါတယ်”ဟု ဒေါ်တိုးတိုးမာက အခြား ကင်ဆာဝေဒနာရှင်များ၊ ကင်ဆာဆေး ကုသမှု ခံယူနေရသူတို့အား သူ့ အတွေ့အကြုံကို အခြေခံ၍ အားပေး စကား ပြောကြားလိုက်ပါသည်။
_ _ _

(မှတ်ချက်။ ။ ဓာတ်ပုံများကို ဒေါ်တိုးတိုးမာ၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်း ဖြစ်ပါသည်။ အယ်ဒီတာ)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top