Healthy Life Ad
Life Style

ကိုယ်ဝန်ဆောင်ကာလ ကျန်းမာရေး (၁)

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး)

ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီးတွေရဲ့စိတ်ထဲ ကလေးလေးတစ်ယောက်ကို ချောချောမောမော မွေးဖွားနိုင်ပါ့မလားဆိုတဲ့ ပူပင်သောက အများကြီးရှိတယ်။ အဲဒီအချိန်မှာ ချစ်ခင်ပွန်းရဲ့တာဝန်က အတော်လေးကြီးမားတာကို တွေ့ရပါတယ်။ ဘေးကနေ ဖေးမကူညီအားပေးတဲ့၊ နှစ်သိမ့်တဲ့၊ နွေးထွေးတဲ့ မေတ္တာတရားဟာ ကိုယ်ဝန်ဆောင်ဇနီးသည်အတွက် ကြီးမာတဲ့အင်အားကို ဖြစ်စေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးကို အားပေးစကားတွေပြောရမယ်၊ လိုအပ်တဲ့ အကူအညီတွေ ဝိုင်းပေးရပါမယ်။

နောက်ဆုံးရာသီရဲ့ ပထမဆုံးရက်ကို မှတ်ထားသင့်

စပြီး ကိုယ်ဝန်ဆောင်ပြီဆိုရင် နောက်ဆုံးရာသီလာခဲ့တဲ့ ပထမဆုံးရက်ကို ဆရာဝန်တွေက မေးလေ့ရှိပါတယ်။ အဲဒီရက်လေးကိုမှတ်မိတဲ့ မိခင်တွေက တော်တော်ရှားတယ်လို့ ခံစားရပါတယ်။ အဲဒီရက်သိမှ ကလေးမွေးမယ့်ရက်ကို တွက်နိုင်မှာဖြစ်လို့ အဲဒီရက်ကို မှတ်ထားဖို့ အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်တော့မယ်ဆိုတာနဲ့ ရာသီလာတဲ့ရက်လေးကို သေချာမှတ်သားထားဖို့ တကယ်အရေးကြီးပါတယ်။

ကိုယ်ဝန်ရှိလို့ဆေးရုံလာပြပြီဆိုရင် မိခင်တိုင်းကြောက်တဲ့ အလုပ်တစ်ခုကို လုပ်ရပါတယ်။ အပ်ကြီးနဲ့ သွေးကို ဖောက်တော့တာပါပဲ။ မိခင်ကနေ ကလေးဆီကို ကူးစက်တတ်တဲ့ ရောဂါပိုးတွေ ဘာတွေရှိသလဲဆိုတာကို သွေးဖောက်စစ်ရပါတယ်။ ဒီလိုသွေးဖောက်စစ်တာက အတော်လေးအရေးကြီးပါတယ်။

သွေးစစ်ဆေးမှု အရေးကြီး

ကိုယ်ဝန်ရှိလို့ ဆေးရုံလာပြပြီဆိုရင် မိခင်တိုင်းကြောက်တဲ့ အလုပ်တစ်ခုကိုလုပ်ရပါတယ်။ အပ်ကြီးနဲ့သွေးကို ဖောက်တော့တာပါပဲ။ မိခင်ကနေ ကလေးဆီကို ကူးစက်တတ်တဲ့ ရောဂါပိုးတွေ ဘာတွေရှိသလဲဆိုတာကို သွေးဖောက်စစ်ရပါတယ်။ ဒီလိုသွေးဖောက်စစ်တာက အတော်လေးအရေးကြီးပါတယ်။ ဆစ်ဖလစ်ဆိုတဲ့ ကာလသားရောဂါ၊ ဘီပိုး၊ HIV၊ AIDS ဆိုတဲ့ ပိုးတွေက မိခင်ရဲ့ သွေးကနေ ကလေးဆီကို ကူးစက်တတ်တာကြောင့် ဒီပိုးတွေရှိ၊ မရှိ သွေးဖောက်စစ်ရတာပါ။

တကယ်တော့ ကိုယ်ဝန်ရှိမှစစ်တာထက် ကိုယ်ဝန်ယူတော့မယ်ဆိုတဲ့အချိန်မှာ စစ်တာက ပိုကောင်းပါတယ်။ အကောင်းဆုံးကတော့ မင်္ဂလာမဆောင်ခင်ကတည်းက စစ်သင့်တာဖြစ်ပါတယ်။ စင်ကာပူနိုင်ငံမှာ မင်္ဂလာဆောင်တော့မယ်ဆိုရင် တရားသူကြီးက အရေးကြီးဆုံးအချက်ကို မေးလေ့ရှိတယ်။ သွေးတွေ စစ်ပြီးပြီလားဆိုတာပါပဲ။ အဲဒီအဖြေမပါရင် မင်္ဂလာမဆောင်ပေးပါဘူး။ ဒါက အတုယူစရာကောင်းတဲ့ အလေ့အထပါပဲ။ အစောကြီးကတည်းကကြိုသိရင် တစ်ယောက်ကိုတစ်ယောက် မကူးအောင်၊ မိခင်ကနေ ကလေးဆီမကူးအောင် ကာကွယ်နိုင်တဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။

ကိုယ်ဝန်ဆောင်ချိန် အာထရာဆောင်းရိုက်ခြင်း

အခုခေတ်မှာ အာထရာဆောင်းရိုက်တာက သိပ်ကိုအရေးကြီးပါတယ်။ အာထရာဆောင်းဆိုတာ ဗိုက်ထဲက သန္ဓေသားလေးကို အသံလှိုင်းလေးနဲ့ပုံဖော်ပြီး စမ်းသပ်တဲ့ ခေတ်မီနည်းပညာတစ်ခုဖြစ်ပါတယ်။ အခုခေတ်မှာ အာထရာဆောင်းဆိုတာ မပါဘဲနဲ့ ကျန်းမာ၊ သွက်လက်၊ ဉာဏ်ရည်ထက်တဲ့ ကလေးလေးတစ်ယောက်ယောက် မွေးဖို့မဖြစ်နိုင်ဘူးလို့ ပြောရလောက်အောင် အရေးကြီးပါတယ်။ အာထရာဆောင်းက ဓာတ်ရောင်ခြည်မဟုတ်ပါဘူး၊ အသံလှိုင်းလေးနဲ့ ပုံဖော်တာဖြစ်လို့ ကလေးအတွက် အန္တရာယ်မရှိပါဘူး။ ဒါကြောင့် ရဲရဲကြီးရိုက်ပါ၊ အာထရာဆောင်းရိုက်လိုက်ရင် ကလေးက တစ်ယောက်လား၊ နှစ်ယောက်လား၊ အထဲမှာ အနေအထားဘယ်လိုရှိလဲ၊ အချင်းက ဘယ်နားမှာရှိလဲ . .စသဖြင့် သိနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ရှိကာစ ပထမသုံးလမှာ တစ်ခါရိုက်ပါတယ်။ နောက်တစ်ခါ ငါးလလောက်ကျရင် တစ်ခါထပ်ရိုက်ပါတယ်။ အခုဆိုရင် အာထရာဆောင်းမှာ သရီးဒီ၊ ဖိုးဒီဆိုပြီးတောင် ပေါ်လာပါတယ်။

ကိုယ်ဝန်ဆောင်မိခင်ရဲ့ အာဟာရ

ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်မှာ အာဟာရပြည့်ဝဖို့ အထူးအရေးကြီးပါတယ်။ မိခင်က အာဟာရချို့တဲ့သွားပြီဆိုတာနဲ့ အားအင်ကုန်ခမ်းချည့်နဲ့ သွားတဲ့အခါ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိတော့ဘူး၊ ရွှင်ရွှင်လန်းလန်းမရှိတော့ဘူး။ ကလေးကလည်းမွေးလာရင် ပေါင်မစေ့၊ လမပြည့် ဖြစ်တတ်တယ်။ ကလေးက သေးသေးညှက်ညှက်လေး ဉာဏ်ရည်ချို့ယွင်းတာ ဖြစ်တတ်တယ်။ ဒါကြောင့် အစားအသောက်တွေကို သေချာစားသောက်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီးက ဝလွန်းတာလည်း မကောင်းပါဘူး၊ ပိန်လွန်းတာကလည်း မကောင်းပါဘူး။ အစောကြီးကတည်းက ကိုယ်ဝန်ဆောင်တော့မယ်ဆိုရင် မပိန်လွန်း၊ မဝလွန်းတဲ့ ခန္ဓာကိုယ်ဖြစ်အောင် ကြိုးစားရပါမယ်။

အာဟာရဆိုတာ စုံလင်မျှတပြည့်ဝအောင် စားပေးရပါမယ်။ ကိုယ်ဝန်ဆောင်မိခင်တွေက ဘာတွေစားရမလဲ၊ ဘာတွေရှောင်ရမလဲဆိုတာ အမြဲမေးတတ်ကြပါတယ်။ မိခင်တစ်ယောက်ဟာ အစာအာဟာရကို စုံလင်ရမယ်၊ မျှတရမယ်၊ သန့်ရှင်းရမယ်၊ လတ်ဆတ်ရမယ် . .ဒါဆိုရင် စားသင့်ပါတယ်။ ဘာရှောင်ရမလဲဆိုရင် ဒါနဲ့ ပြောင်းပြန်ဖြစ်တဲ့ မသန့်မရှင်း၊ မလတ်မဆတ်၊ မမျှမတ၊ မစုံမလင်ဖြစ်တဲ့ အစားအ သာက်တွေကို မစားရပါဘူး၊ လိုအပ်တဲ့ ကစီဓာတ်၊ အသားဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ် စသဖြင့် အာဟာရဓာတ် အစုံအလင်ရအောင် စားပေးရပါမယ်။ ကိုယ်ဝန်ဆောင်မိခင်ကို တချို့ကပြောတယ်၊ ဥတွေမစားနဲ့၊ ပဲတွေမစားနဲ့ . . ကလေး လေပါတတ်တယ် စသဖြင့် ပြောကြတယ်။ အဲဒီအခါ ကလေးအာဟာရချို့တဲ့တတ်ပါတယ်။ ဒါကြောင့် စုံလင်မျှတပြည့်ဝအောင် အသီးအနှံ၊ အသား၊ ငါး၊ ပဲ၊ ဥ၊ နို့ စသဖြင့် စားသောက်ဖို့ သိပ်ကိုအရေးကြီးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top