Healthy Life Ad
Life Style

ဆီးချိုသွေးချိုရောဂါ ပျောက်ကင်းနိုင်သလား (၂)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

ဘာကြောင့် အစားလျှော့ရင် ဆီးချိုသွေးချို ပုံမှန်ပြန်ဖြစ်နိုင်သလဲဆိုတာ ရှင်းပြလိုပါတယ်။ လူတွေဟာ လိုအပ်တာထက်ပိုစားထားလို့ မသုံးဖြစ်ဘဲ ပိုနေတဲ့ကစီဓာတ်တွေ (Carbohydrate) အာဟာရတွေဟာ အသည်းနဲ့မုန့်ချိုအိပ်တွေမှာ အဆီအဖြစ်နဲ့စုပြီး အဆီဖုံးတာတွေဖြစ်လာပါတယ်။ ထရိုင်ဂလစ်ရိုဒ်နဲ့ ဖက်တီးအက်စစ်တွေ (Triglyceride and Fatty acid) အလွန်အကျွံများလာပြီး နှောင့်ယှက်မှုကြောင့် မလိုလားအပ်တဲ့ပြောင်းလဲခြင်းတွေ ဖြစ်လာပါတယ်။ ဘာတွေလဲဆိုတော့ အဆီတွေက အသည်းနဲ့ အတွင်းကလီစာတွေမှာစုနေရင် အင်ဆူလင်တွန်းခံမှုများခြင်း (Insulin resistance) ဖြစ်စေတယ်။

ဒါက ဆီးချိုသွေးချိုဖြစ်စေတဲ့ အဓိက အခြေခံအချက်တစ်ခုဖြစ်ပါတယ်။ အသည်းမှာ အင်ဆူလင်တွန်းခံမှုတွေများရင် ညအချိန်မှာ အသည်းမှ သကြားဓာတ် ထုတ်တာလည်းများလာပြီး နံနက်စောစောမှာရှိတဲ့ သွေးချိုတွေ အရင်ဦးဆုံးများလာပါမယ်။ အသည်းမှာ များနေလို့ပြန်ထုတ်လာတဲ့ အဆီတွေဟာ မုန့်ချိုအိတ်ကိုလည်း ရောက်လာပါတယ်။ မုန့်ချိုအိတ်မှာ အဆီတွေများလာတဲ့အခါမှာ ဘီတာဆဲလ်ကလာပ်စည်းမှ အင်ဆူလင်ထုတ်တဲ့အားတွေ နည်းသွားစေပါတယ်။ အင်ဆူလင်နည်းသွားတဲ့အတွက် ဆီးချိုရောဂါဖြစ်လာပါတယ်။

အစားအများကြီးလျှော့ပြီး ဝိတ်အများကြီးလျှော့ချလိုက်တာနဲ့ ဒီဖြစ်စဉ်တွေက ပြောင်းပြန်လှည့်သွားပြီး ဆီးချိုပြန်ကောင်းသွားတာဖြစ်ပါတယ်။ အစားတွေလျှော့လိုက်ရင် ဒီအသည်းနဲ့ မုန့်ချိုအိတ်မှာ နှောင့်အယှက်ပေးနေတဲ့ အဆီတွေ ပြန်လျော့သွားတယ်။ မုန့်ချိုအိတ်မှာစုနေတဲ့ အဆီ တစ်ဂရမ်လျော့ရုံနဲ့ပင် အင်ဆူလင်ပြန်ထုတ်နိုင်ပြီး ဆီးချိုပျောက်နိုင်တယ်လို့ ဆိုပါတယ်။ ဒီအကျိုးဆက်မျိုးရရှိဖို့ အလေးချိန်အနည်းဆုံး ၁၀ မှ ၁၅ ကီလိုဂရမ် (အကြမ်းဖျင်း ပေါင်၃၀ ပတ်ဝန်းကျင်)လောက်လျှော့ချမှ ရရှိမှာဖြစ်ပါတယ်။

စမ်းသပ်ကာလ ကုန်ဆုံးပြီးနောက် အစားအစာကို ပုံမှန်အတိုင်း ကျန်းမာတဲ့အစာကိုရွေးချယ်ကန့်သတ်ပြီး ကျွေးပါတယ်။ နောက်ထပ်သုံးလကြာတဲ့အခါ ၁၁ ဦး ထဲမှ ၇ ဦးဟာ ဆက်ပြီး ဆီးချိုပျောက်ကင်းနေဆဲဖြစ်တာ တွေ့ရပါတယ်။ ဒီတွေ့ရှိချက်ကိုလေ့လာခြင်းဖြင့် ဆီးချိုသွေးချိုရဲ့အဓိကပြဿနာဟာ ခန္ဓာကိုယ်မှာ အာဟာရတွေ အလွန်အကျွံ ပိုလျှံလို့ဖြစ်လာတာလို့ ပြောနိုင်ပါတယ် . . .

ပါမောက္ခရွိုင်တေလာရဲ့ သုတေသနကို ဆက်ပြောပါမယ်။ စမ်းသပ်ကာလ ကုန်ဆုံးပြီးနောက် အစားအစာကို ပုံမှန်အတိုင်း ကျန်းမာတဲ့အစာကို ရွေးချယ်ကန့်သတ်ပြီး ကျွေးပါတယ်။ နောက်ထပ်သုံးလကြာတဲ့အခါ ၁၁ ဦးထဲမှ ၇ ဦးဟာ ဆက်ပြီး ဆီးချိုပျောက်ကင်းနေဆဲဖြစ်တာ တွေ့ရပါတယ်။

ဒီတွေ့ရှိချက်ကို လေ့လာခြင်းဖြင့် ဆီးချိုသွေးချိုရဲ့အဓိကပြဿနာဟာ ခန္ဓာကိုယ်မှာ အာဟာရတွေ အလွန်အကျွံ ပိုလျှံလို့ဖြစ်လာတာလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ တချို့လူတွေက ဘာကြောင့် တခြားသူတွေထက်ပိုပြီး ဆီးချိုဖြစ်ဖို့ လွယ်ကူရသလဲဆိုတာဆက်ပြီး လေ့လာဖို့လိုအပ်သေးကြောင်း ပြောခဲ့ပါတယ် မျိုးရိုးဗီဇနဲ့လည်း ဆိုင်ပါတယ်။ ဒီစမ်းသပ်ချက်ကတော့ အလွန်ပြင်းထန်တဲ့အတွက် တကယ်လက်တွေ့မှာ ကျွမ်းကျင်တဲ့ ဆရာဝန်တွေရဲ့ စောင့်ကြည့်မှုအောက်မှာသာ ပြုလုပ်သင့်ကြောင်း၊ တာရှည်လိုက်နာနိုင်ဖို့ မလွယ်ကူတဲ့အကြောင်း ဝေဖန်ချက်တွေလည်းရှိပါတယ်။

အစမ်းသပ်ခံလူနာတချို့ဟာ တစ်နှစ်ခွဲခန့်ကြာတဲ့အထိ ဆေးမသောက်ရဘဲ ဆီးချိုပျောက်ကင်းနေဆဲဖြစ်တာကို အားရဖွယ်တွေ့ရပါတယ်။ အခုအခါဆက်လက်ပြီး နောက်ဆက်တွဲ စမ်းသပ်ချက်တစ်ခုကို ဂလပ်စကိုမြို့ရဲ့ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုအဆင့်ဖြစ်တဲ့ GP တွေက DiRECT( Diabetes REmission Trial)နဲ့ လေ့လာနေဆဲဖြစ်ပါတယ်။ ဒီစမ်းသပ်ချက်မှာ ကယ်လိုရီနည်းတဲ့ အာဟာရအရည်ကိုတိုက်ကျွေးပြီး အပြင်းအထန်ဝိတ်ချတဲ့ ပထမအဆင့်ပြီးရင် ဝိတ်ထိန်းထားတဲ့အဆင့်မှာ ပုံမှန်လျှော့စားပြီး ကိုယ်လက်လှုပ်ရှားမှုပိုလုပ်ရတဲ့ လေ့လာဆန်းစစ်ခြင်းဖြစ်ပါတယ်။ ဒါက လက်တွေ့ဘဝမှာ ဖြစ်နိုင်/မဖြစ်နိုင်ဆိုတာသိရအောင် စမ်းသပ်တာပဲဖြစ်ပါတယ်။

ဒါကြောင့် အမျိုးအစား(၂)ဆီးချိုသွေးချိုရောဂါဟာ မပျောက်ကင်းနိုင်ဘူးဆိုတဲ့ယူဆချက်ကို ယခုအခါမှာ ပြန်လည်သုံးသပ်ရပါလိမ့်မယ်။ ဒီလေ့လာတွေ့ရှိချက်ကို သင်ခန်းစာယူကြည့်ရရင်တော့ အမျိုးအစား(၂)ဆီးချိုရောဂါဟာ အာဟာရလွန်ကဲတာနဲ့ အဓိကသက်ဆိုင်နေပါတယ်။ ဆီးချိုသွေးချိုကို အဟာရဖြတ်လိုက်တာနဲ့ ခန္ဓာအတွင်းမှာ ဘယ်လိုအခြေခံပြောင်းလဲခြင်းတွေဖြစ်ပြီး မူလအတိုင်း ပြန်ကောင်းသွားရသလဲဆိုတဲ့ အခြေခံကို တွေ့ရှိလာပါတယ်။ တစ်နည်းအားဖြင့် ဆီးချိုသွေးချိုရာဂါ အဆင့်ဆီသို့ ဘယ်အချက်က ဘယ်လိုနည်းနဲ့ အဓိက တွန်းပို့နေတာလဲဆိုတာကိုလည်း ပိုပြီးသိရှိလာပါတယ်။

အမျိုးအစား(၂)ဆီးချိုဟာ စဖြစ်ပြီး သိပ်မကြာသေးရင် ဒါမှမဟုတ် ရောဂါနုသေးရင် အာဟာရလျှော့ချလိုက်ရင် ပြန်ပျောက်နိုင်တဲ့ မျှော်လင့်ချက်တွေရှိလာပါပြီ။ ဒါပေမဲ့ စိတ်အားထက်သန်ပြီး ဇွဲရှိမှသာ အောင်မြင်နိုင်တဲ့ကုထုံးဖြစ်ပါတယ်။ ဘဝနေထိုင်မှုအလေ့အထတွေကို ပြုပြင်တာမအောင်မြင်တဲ့အခါ တခြားဝိတ်ချနည်းဖြစ်တဲ့ အစာအိမ်ခွဲစိတ်ပြုပြင်ခြင်း (Bariatric Surgery) ပြုလုပ်တဲ့နည်းကို သုံးကြပါတယ်။

အခုခေတ်ပေါ် ဆီးချိုဆေးသစ်တွေဖြစ်တဲ့ GLP 1 receptor agonist ဆေးအုပ်စု ဥပမာ Lyraglutide( Vitoza)နဲ့ Exenitide စတဲ့ဆေးတွေကလည်း ဝိတ်ချပေးနိုင်ပြီး ဆီးချိုဆေးတွေအများကြီး လျော့သွားစေနိုင်ပါတယ်။ ဒါပေမဲ့ ဆေးလွှတ်လို့ မရတဲ့အတွက် ဆီးချိုပျောက်ကင်းတာတော့ မဟုတ်ပါဘူး။

နိဂုံးချုပ်အနေနဲ့ပြောရရင် ဆီးချိုပျောက်ဖို့အတွက် အရေးကြီးတဲ့အချက် သုံးချက်ရှိပါတယ်။ အဲဒါတွေကတော့-

၁။ ရောဂါဖြစ်ခါစ စောစောပိုင်းဖြစ်ရမယ်။

၂။ ကိုယ်အလေးချိန်ကို သိသိသာသာ ၃၃ပေါင် (15Kg)ခန့် လျှော့ချနိုင်ရမယ်။( တစ်နေ့တာ ကယ်လိုရီကို အများကြီးလျှော့ခြင်း၊ လေ့ကျင့်ခန်း ထိရောက်စွာပြုလုပ်ခြင်းဖြင့်)တို့ဖြစ်ပါတယ်။

၃။ ပြန်မဝအောင် အမြဲထိန်းထားနိုင်ဖို့ လိုအပ်ပါတယ်။

ဒီလိုကိုယ်အလေးချိန် ဝိတ်ချတဲ့နည်းလမ်းက သိပ်မလွယ်လှပါဘူး။ အဓိကအချက်က လူ့ခန္ဓာကိုယ်ဟာ ပတ်ဝန်းကျင်အခြေအနေ ပြောင်းလဲတာနဲ့အညီ ကိုယ်အတွင်းမှာလိုက်ပြီး ပြုပြင်ပြောင်းလဲပေးနေခြင်းကြောင့် ပဲဖြစ်ပါတယ်။ Adaptation လုပ်ပေးတတ်ပါတယ်။

အစာအဟာရပြတ်လပ်နေရင် ဗိုက်ဆာလောင်တဲ့ ခံစားချက်ကို ပိုပြီးဖြစ်စေပါတယ်။ အဲဒါက အစာအိမ်ကထုတ်လွှတ်ပေးလိုက်တဲ့ ဂရီလင် (Ghre­lin) ဆိုတဲ့ ဟော်မုန်းဓာတ်အထွက်များလာလို့ဖြစ်ပါတယ်။ ငတ်လေဆာလေဖြစ်ပါတယ်။ အဆာလွန်နေတုန်းစားတဲ့အခါ အရှိန်မထိန်းနိုင်တော့ဘဲ အများကြီးစားမိသွားတတ်ပါတယ်။ ဆာလောင်တဲ့ခံစားချက်ကို တစ်ခုခုနဲ့ စိတ်ဖြေနိုင်ဖို့လိုပါတယ်။ ထိန်းချုပ်မှုတွေ လွှတ်လိုက်ပြီး မူလအတိုင်းပြန်စားတဲ့အခါ အမြန်ပြန်ဝလာတတ်ပြီး မူလအတိုင်း ဒါမှမဟုတ် မူလထက်ပင် ပိုပြီးဝလာတတ်ပြန်ပါတယ်။ ဒါကြောင့် အကြမ်းနည်းကိုသုံးပြီး ဝိတ်ချရင် အမြဲဆက်ထိန်းထားဖို့ လိုပါတယ်။ ဒီအတိုင်းဆက်ကောင်းအောင် ထိန်းထားရတာက ပိုခက်ခဲတတ်ကြောင်း သတိပြုရပါမယ်။ စိတ်က တကယ်ဆောင်မှ အောင်မြင်မှုကိုပိုရရှိမှာဖြစ်ပါတယ်။

အမျိုးအစား(၂) ဆီးချိုသွေးချိုတွေရဲ့ကနဦးအပြစ်ကတော့ အင်ဆူလင်တွန်းခံမှုများတာပဲ ဖြစ်ပါတယ်။ ဝလာလေလေ အင်ဆူလင်တွန်းခံမှုများလေလေဖြစ်ပါတယ်။ အင်ဆူလင်တွန်းခံမှု insulin resistance များရင် အင်ဆူလင်များများသုံးမှ လိုအပ်တဲ့ အကျိုးအာနိသင်ကိုရရှိမှာဖြစ်ပါတယ်။ အင်ဆူလင် ဆီးချိုအကြိုကာလမှာ ဆေးသောက်ဖို့ လိုအပ်တယ်လို့ ဆုံးဖြတ်ရင် ဘယ်ဆေးသောက်ရမလဲ။

ADA လို့ခေါ်တဲ့ အမေရိကန် ဆီးချိုအသင်းရဲ့ လတ်တလောလမ်းညွှန်အရ ဒီလိုဆီးချိုဖြစ်ဖို့ တာစူနေသူတွေအတွက် မက်ဖော်မင်တစ်ခုတည်းသာ သောက်သင့်တဲ့ ဆေးအဖြစ်သတ်မှတ်ထားပါတယ်။ အေဒီအေကတော့ ဆီးချိုသွေးချိုဖြစ်ဖို့ အလားအလာများတဲ့သူကို အောက်ပါအချက်တွေကိုမူတည်ပြီး ဆုံးဖြတ်ဖို့ ညွှန်ကြားထားပါတယ်။

၁။ အေဝမ်းစီ HbA1c ၆%ထက်များရမယ်။

၂။ သွေးတိုးရှိသူ

၃။ HDL အိပ်ချ်ဒီအယ်လ်ခေါ် ကောင်းတဲ့သွေးတွင်း အဆီဓာတ်တွေနည်းခြင်း

၄။ ထရိုင်ဂလစ်စရိုကဒ်လို့ခေါ်တဲ့ သွေးတွင်းအဆီများခြင်း

၅။ သွေးတော်တဲ့မိသားစုမှာ ဆီးချိုသွေးချိုရှိခြင်း

၆။ အဝလွန်ခြင်း

၇။ အသက်၆၀အောက် ရှိသူဖြစ်ခြင်း စတဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီရင်သောက်နိုင်ကြောင်း ညွှန်ကြားထားပါတယ်။

ဆီးချိုဖြစ်ခါနီးသူတွေနဲ့ ဆီးချိုဖြစ်တာ မကြာသေးသူများ အဝလွန်နေပါက ကြိုးစားနိုင်ရင် အကုန်အကျမများဘဲ ဆီးချိုပျောက်ဖို့ အလားအလာတွေ ရှိနေပါပြီ။ လက်တွေ့ကြိုးစားကြည့်ကြပါစို့။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top