Healthy Life Ad
Health Tips

မငိုဘဲ အလိုလိုမျက်ရည်ကျခြင်းအတွက် အိမ်တွင်းကုထုံး

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

မငိုဘဲနဲ့ မျက်ရည်ပူတွေ အလိုလိုကျနေတတ်ပါသလား။ မျက်ရည်တွေက မျက်ဝန်းကို အားဖြည့်ပေးပြီး ချောမွေ့စေလို့ အရေးပါတာ မှန်ပေမယ့် လိုတာထက်ပိုများလာရင် စိတ်ရှုပ်စရာကောင်းပါတယ်။ အဲဒီလိုအခြေအနေမှာ သက်သာရာရစေဖို့ လုပ်ဆောင်သင့်တဲ့ အိမ်တွင်းကုထုံးတွေကို မျှဝေလိုက်ပါတယ်။

(၁) မျက်ဝန်းကို ရေနွေး သို့မဟုတ် ဘေဘီရှမ်ပူဖြင့်သန့်စင်ပါ

ပိုးဝင်တာကြောင့် မျက်ရည်ကျနေရင် ရေနွေး ဒါမှမဟုတ် ဘေဘီရှမ်ပူထဲ ဂွမ်းစနှစ်ကာ မျက်ဝန်းတစ်ဝိုက်ကို သန့်ရှင်းပေးပါ။

(၂) ရေအေးဝတ် ကပ်ပါ

မျက်ဝန်းကို ရေအေးဝတ်ကပ်ပေးတဲ့အခါ မျက်ရည်ထွက်နှုန်း လျော့ပါးစေပါတယ်။ ရေအေးထဲ ပိတ်စတစ်စဆွတ်ပြီး မျက်ဝန်းပေါ် အုပ်ပေးပါ။

(၃) ဆေးဖက်ဝင် အရွက်အေးကပ်ပေးပါ

လက်ဖက်စိမ်းလို ဆေးဖက်ဝင် လက်ဖက်အိတ်ကို သုံးပြီးတဲ့အခါ လွှင့်မပစ်ဘဲ ရေခဲသေတ္တာထဲထည့်ပြီး မျက်ဝန်းပေါ် ကပ်ပေးပါ။ မျက်စိကို အေးမြစေပါတယ်။

(၄) ဗီတာမင်စီနှင့် ဗီတာမင်အီးပါဝင်မှုများသည့် အစာစားပါ

မျက်ဝန်းရောင်ရမ်းလို့ပဲဖြစ်ဖြစ်၊ မျက်စိထဲ ပိုးဝင်လို့ပဲဖြစ်ဖြစ် တစ်ခါတလေ မျက်ရည်ပူတွေ အလိုလိုနေရင်းကျတတ်ပါတယ်။ ဗီတာမင်စီနဲ့ ဗီတာမင်အီးပါတဲ့ အားဆေးက မျက်စိတွင်းပိုးဝင်တာကို အနာကျက်စေပါတယ်။ ဗီတာမင်စီပါတဲ့ ငရုတ်ပွသီး၊ မာလကာသီး၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်၊ ကီဝီသီး၊ ဘယ်ရီသီးနဲ့ အချဉ်အရသာရှိတဲ့ သစ်သီးဝလံတွေကို များများစားပေးပါ။ ဗီတာမင်အီး ပါဝင်မှုများတဲ့ တိုဟူး၊ ဟင်းနုနယ်ရွက်၊ အခွံမာအစေ့အဆန်၊ ထောပတ်သီး၊ ငါး စတာတွေကိုလည်း များများစားပေးသင့်ပါတယ်။

(၅) ပျားရည်နှင့် နှင်းဆီရေရောသုံးပါ

နှင်းဆီရေထဲ ပျားရည်နည်းနည်းထည့်ပြီး ဝါဂွမ်းစလေးနဲ့ဆွတ်ကာ မျက်ဝန်းတစ်ဝိုက် လိမ်းပေးပါ။ မျက်ရည်ပူကျတာကို သက်သာစေပါတယ်။

(၆) ရှားစောင်းလက်ပပ်နှင့် နှင်းဆီရေ ရောလိမ်းပါ

လူအများစုက ရှားစောင်းလက်ပပ်နဲ့ နှင်းဆီရေ ရောထားတဲ့ အိမ်လုပ်မျက်စဉ်းဆေးကို သဘောကျပါတယ်။ နှစ်စက်လောက်ပဲ မျက်စိထဲထည့်ပါ။ (သန့်ရှင်းမှုရှိဖို့တော့ အရေးကြီးပါတယ်)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top