Healthy Life Ad
Life Style

ဆီးချိုသွေးချိုရောဂါရှင်တို့အတွက် တစ်နေ့တာ စားသောက်နေထိုင်မှုပုံစံ

ပါမောက္ခဦးကိုကို(ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး ။ ဆီးချိုသွေးချိုရောဂါရှင်တွေက တစ်နေ့ ထမင်း ဘယ်လောက် စားရမလဲ ဆရာ။
ဖြေ ။ အဝလွန်သူတွေအတွက် ထမင်းကို လက်ဖက်ရည် ပန်းကန်လုံး သုံးလုံးခန့် စားနိုင်ပါတယ်။ ပိန်သူတွေအတွက်ကတော့ လက်ဖက်ရည်ပန်းကန်လုံး သုံးလုံးထက် ပိုစားနိုင်ပါတယ်။

မေး ။ ဆီးချိုသွေးချိုရောဂါရှင်တွေက ဘာဆန်အမျိုးအစား စားရမလဲ ဆရာ။
ဖြေ ။ ဆီးချိုသမားတွေအတွက် သီးသန့်ဆန် မရှိပါဘူး။ ဆန်မှာပါတဲ့ ကစီဓာတ်နဲ့ အင်အားဓာတ်တွေက အားလုံး အတူတူနီးပါးပဲ ဖြစ်ပါတယ်။ ဆန်အမျိုးအစားထက် တစ်နေ့တာ စားသုံးတဲ့ ပမာဏက ပိုအရေးကြီးပါတယ်။ မိမိစားနေကျဆန်ထက် မိသားစုအတွက် စားတဲ့ ဆန်ကိုပဲ စားသုံးသင့်ပါတယ်။

မေး ။ ဆီးချိုသွေးချိုရောဂါရှင်တွေက ထမင်းကို ဘယ်လို ချက်စားရမလဲ ဆရာ။
ဖြေ ။ ဆီးချိုရောဂါရှိသူတွေအတွက် ထမင်းချက်ပြုတ်တဲ့နည်းက အရေးမကြီးပါဘူး။ ရေခန်းပဲချက်ချက်၊ ရေငှဲ့ပြီးပဲ ချက်ချက် မိသားစုအတွက် အရင်ချက်နေကျပုံစံအတိုင်း ချက်ပြုတ်စားသောက်ဖို့ပဲ လိုအပ်ပါတယ်။ မိသားစုအတွက် ပြင်ဆင်ချက်ပြုတ်ထားတဲ့ ထမင်းကိုပဲ အတူစားသင့်ပါတယ်။

မေး ။ ဆီးချိုသွေးချိုရောဂါရှင်တွေက ဆန်စားရမလား၊ ဂျုံစားရမလား ဆရာ။
ဖြေ ။ ဆန်နဲ့ပြုလုပ်ထားတဲ့ အစားအစာတွေကို စားသုံးနေကျလူတွေက ဆီးချိုရောဂါ ဖြစ်လို့ ဂျုံနဲ့ လုပ်ထားတဲ့ အစားအစာတွေကို ပြောင်းလဲစားဖို့ မလိုအပ်ပါဘူး။ တစ်သက်လုံး လိုက်နာနိုင်မယ့် သဘာဝကျတဲ့ အမူအကျင့်တွေ ဖြစ်ဖို့ အရေးကြီးပါတယ်။ ဆန်ကနေ ဂျုံကို ပြောင်းလဲစားသောက်လိုက်တာကြောင့် ဆီးချို ထိန်းသိမ်းမှု ပိုပြီးကောင်းမလာနိုင်ပါဘူး။

မေး ။ ဆီးချိုသွေးချိုရောဂါရှင်တွေက ဆေးကို ဘယ်အချိန်မှာ သောက်ရမလဲ ဆရာ။
ဖြေ ။

ဆီးချိုသွေးချိုရောဂါရှိသူတွေက အစာစားချိန်နဲ့ ဆေးသောက်ချိန်က နေ့တိုင်းအချိန်ကိုက်ဖို့ လိုပါတယ်။ ဆိုလိုတာက နေတိုင်းအချိန်မှန် ဆေးသောက်ဖို့လိုပါတယ်။ သောက်ဆေးပဲ ဖြစ်ဖြစ်၊ ထိုးဆေးပဲ ဖြစ်ဖြစ် အစာမစားမီ နာရီဝက်ကြိုပြီး ဆေးသောက်ဖို့၊ ဆေးထိုးဖို့လိုအပ်ပါတယ်။

တချို့က မက်ဖော်မင်ဆေးကို အစာစားပြီးမှ သောက်ခိုင်းတတ်ပါတယ်။

မေး ။ ဆီးချိုရောဂါရှိသူတွေ လေကျင့်ခန်း မလုပ်ခင် ဘာတွေကို သတိထားသင့်ပါ သလဲ ဆရာ။
ဖြေ ။ လေ့ကျင့်ခန်း ပုံမှန်မလုပ်ခင် နှလုံး သွေးကြောကျဉ်းရောဂါ ဖြစ်စေနိုင်တဲ့ အကြောင်းအချက်တွေကို ရှာဖွေစစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။
နှလုံးသွေးကြောကျဉ်းရောဂါရှိသူတွေအနေနဲ့ မပြင်းထန်လွန်းတဲ့ လေ့ကျင့်ခန်းတွေကို အချိန်တိုတို လုပ်တဲ့နည်းနဲ့ စသင့်ပါတယ်။ ခံနိုင်ရည် ရှိလာတာနဲ့ အမျှ တဖြည်းဖြည်းချင်း လေ့ကျင့်ခန်းကို တိုးပြီး လုပ်သွားနိုင်ပါတယ်။

လေ့ကျင့်ခန်းလုပ်တာကြောင့် ပိုဆိုးသွားနိုင်တဲ့ ရောဂါတချို့ကိုလည်း လေ့ကျင့်ခန်းမလုပ်ခင် စစ်ဆေးရှာဖွေထားသင့်ပါတယ်။ ဥပမာ- သွေးတိုးရောဂါထိန်းသိမ်းမှုမကောင်းလို့ သွေးပေါင်တက်နေတာ၊ ခြေ၊ လက်အာရုံကြောရောဂါရှိလို့ ခြေ၊ လက်တွေထုံနေတာ၊ ခြေထောက်မှာ အနာရောဂါရှိနေတာ၊ မျက်စိအမြင်လွှာ ထိခိုက်နေတဲ့ ရောဂါတွေ ဆိုးဆိုးရွားရွားဖြစ်နေတာတို့ကို ရှာဖွေထားသင့်ပါတယ်။

ခြေလက် အာရုံကြောထုံထိုင်းနေရင် ခြေထောက်ပေါ် ကိုယ်အလေးချိန်ထမ်းစရာမလိုတဲ့ လေ့ကျင့်ခန်းတွေ (ဥပမာ- ရေကူးတာ၊ စက်ဘီးစီးတာ)တို့ကိုပဲပြုလုပ်သင့်ပါတယ်။

မေး ။ ဆီးချိုသွေးချိုရောဂါရှင်တွေ အစာစားသုံးတာနဲ့ ပတ်သက်ပြီး ယေဘုယျလိုက်နာရမယ့် အချက်တွေ ကိုလည်းသိပါရစေ ဆရာ။
ဖြေ ။ ဆီးချိုသွေးချိုရောဂါရှိသူတွေအတွက် သီးသန့် အစာဆိုတာ မရှိပါဘူး။ မိသားစုအတွက် ပြင်ဆင်ချက်ပြုတ်ထားတဲ့ အစားအစာတွေကို အချိုကလွဲပြီး မိသားစုနဲ့အတူ စားသုံးနိုင်ပါတယ်။

Diet အစာဆိုတာ အဝလွန်သူတွေ ဆက်မဝအောင် ကယ်လိုရီမများစေဖို့ စီမံထားတာဖြစ်လို့ ဆီးချိုရောဂါရှင်တွေအတွက် အထူးသင့်တော်တယ်လို့လွဲမှားပြီး မယူဆသင့်ပါဘူး။

ဆေးကို အချိန်မှန် မှီဝဲသလို အစာကို အချိန်မှန်စားရပါမယ်။ နေ့စဉ် စားနေကျ အစာတွေရဲ့ ပမာဏနဲ့အစာစားချိန်တွေက အတတ်နိုင်ဆုံး တူညီသင့်ပါတယ်။ ဆီးချိုသွေးချိုရောဂါက တစ်သက်လုံးထိန်းချုပ်သွားရမယ့် ရောဂါဖြစ်လို့ ကိုယ်စားသုံးတဲ့ ပုံစံက တစ်သက်လုံး လိုက်နာနိုင်တဲ့အကျင့်တွေ ဖြစ်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top