Healthy Life Ad
Q & A

မွေးလမ်းမှ သွေးသွန်ခြင်း (Bleeding PV)

ဒေါက်တာတင့်ဆွေ

၁။ မင်္ဂလာပါဆရာ . . . သမီးက သားဖွားဆရာမတစ်ယောက်ပါရှင်။ Case အားလုံးကိုတော့ မသိနားမလည်ပါရှင်။ အခုတလော သွေးဆုံးပြီးမှ ရာသီပြန်လာတဲ့ Case တွေ တွေ့နေရတယ်ဆရာ။ အသက် ၆၀ ကျော်တွေပေါ့ဆရာ။ အိမ်ထောင်ရှိသူတွေလည်းပါသလို ခင်ပွန်းဆုံးသူတွေလည်းပါတယ်ဆရာ။ သမီးကတော့ အိုဂျီဆီလွှဲပေးထားပါတယ်ဆရာ။ ဒါပေမဲ့ ဘာကြောင့် ခုလိုဖြစ်တာကိုတော့ သိချင်ပါတယ်ဆရာ။ အန္တရာယ်ရှိ၊မရှိလည်း သိချင်ပါတယ်ရှင်။ ကျေးဇူးပြု၍ဖြေပေးပါ။ ဆရာ ကျန်းမာချမ်းသာပါစေရှင်။

၂။ အမျိုးသမီးတွေ သွေးသွန်ရတဲ့အကြောင်းရင်းကို သိချင်ပါတယ်။ ဖြစ်လာခဲ့ရင် ရှောင်ရန်၊ ဆောင်ရန်တွေ၊ မဖြစ်အောင် ဘယ်လိုနေထိုင်ရမယ်ဆိုတာ သိချင်ပါတယ်။ အသက်က ၃၂နှစ်ပါ။ အမျိုးသား ခွင့်ပြန်လာတယ်။ သူပြန်သွားပြီး၊ ၂ ပတ်လောက်မှာ သွေးသွန်တာပါ။ သားအိမ်ပါ ခြစ်လိုက်ရတယ်။ အဲဒါ ကိုယ်ဝန်ပျက်တာလား။ ဒါမှမဟုတ် တခြားအကြောင်းကြောင့်လား သိချင်ပါတယ်။

အမျိုးသမီးတွေ သွေးဆင်းတာ အကြောင်းတွေက များလှတယ်။ မွေးကာစ မိန်းကလေးတွေမှာ သွေးစွန်းတာ တွေ့ရတတ်တယ်။ သိပ်မစိုးရိမ်ပါနဲ့။ အီစထရိုဂျင်ဟော်မုန်း အထာမကျတာ၊ မိခင်က တားဆေးသုံးခဲ့တာကနေ ဖြစ်တတ်တယ်။ ခပ်ငယ်ငယ်မိန်းကလေးတွေမှာ ဆင်းတာဆိုရင် ပစ္စည်းတစ်ခုခုအထဲရောက်နေတာလား၊ မတော်တာ ပြုမူခံရတာလား၊ ရှားရှားပါပါး အလုံး-အကျိတ်လား စဉ်းစားရမယ်။ မိန်းကလေးငယ်တွေမှာ ပိုးဝင်လို့ မအင်္ဂါတဝိုက်ရောင်တာ ဖြစ်တတ်တယ်။ ဆီးအောင့်တာနဲ့ ရောနေနိုင်တယ်။ ယားတာလည်းရှိနိုင်တယ်။ မအင်္ဂါယားတာက စအိုယားတာနဲ့ပါရောနေရင် တုပ်ကောင်ဖြစ်တတ်တယ်။ အစောကြီး အပျိုဖြစ်တာလည်း ထည့်တွက်ပါ။

အပျိုဖြစ်ပြီးနောက် ငယ်သေးသူတွေမှာ ရာသီဆင်းပေမယ့် မျိုးဥမထွက်တာ ၈၅ ရာခိုင်နှုန်းရှိနိုင်တယ်။ အသက် ၂၀ လောက်ရှိလာသူတွေမှာတောင် ၂၀ ရာခိုင်နှုန်းလောက်က မျိုးဥမထွက်တဲ့လတွေရှိကြတယ်။ အရွယ်ရောက်ချိန်ကနေ သွေးမဆုံးသေးခင်မှာ သားအိမ်အလုပ်မမှန်ဆိုတာက အများဆုံးဖြစ်တယ်။ ဟော်မုန်းအနေမတော်ဖြစ်လို့ အမျိုးသမီး ၁၀ရာခိုင်နှုန်းမှာ လာဖြစ်တယ်။ လလယ်ရက်မှာ မျိုးဥထွက်မလာလို့ရော၊ ထွက်လို့ပါ၊ သွေးဆင်းကြသေးတယ်။ ဆေးကုဖို့မလိုတာ များပါတယ်။ ကိုယ်ဝန်တား-စားဆေး၊ စိတ်ဖိအားများတာတွေကြောင့်လည်း ဖြစ်နိုင်တယ်။

ဆေးကုဖို့ လိုတာထဲမှာ အများဆုံးဖြစ်နိုင်တာက ကိုယ်ဝန်ပျက်တာပါ။ မေးတဲ့သူကပြောဖို့ လိုသေးတယ်။ သွေးသွန်တာမဖြစ်ခင် အရင်တခါ ရာသီလာတာနဲ့ ဘယ်လောက်ရက်ကွာသလဲ။ ဆင်းတာ ဘယ်နှစ်ရက်ကြာမှ သားအိမ်ခြစ်ရသလဲ။ ဆရာဝန်ကို ဘာလို့လဲဆိုတာ မေးလို့ရမှာပါ။ ကိုယ့်ရောဂါကို သိထားရမယ်။ ရောဂါမှတ်တမ်းတွေသိမ်းထားတာ ကောင်းတယ်။

ကိုယ်ဝန်ပျက်ရင် ပုံမှန်ရက်ထက်နောက်ကျမှ သွေးဆင်းမယ်။ မသေချာရင် ကိုယ်ဝန် ဟုတ်-မဟုတ် ဆီးစစ်ပါ။ နောက်ကျရက် ကြာလေလေ သွေးဆင်းပမာဏများလေ၊ ရက်ကြာလေ။ သွေးသွန်တာနဲ့အတူ ဗိုက်နာနိုင်တယ်။ ရာသီလာရင် ခါတိုင်း နာတတ်သူမဟုတ်လည်း နာနိုင်တယ် . . .

ကိုယ်ဝန်ပျက်ရင် ပုံမှန်ရက်ထက်နောက်ကျမှ သွေးဆင်းမယ်။ မသေချာရင် ကိုယ်ဝန်ဟုတ်-မဟုတ် ဆီးစစ်ပါ။ နောက်ကျရက်ကြာလေလေ သွေးဆင်းပမာဏများလေ၊ ရက်ကြာလေ။ သွေးသွန်တာနဲ့အတူ ဗိုက်နာနိုင်တယ်။ ရာသီလာရင် ခါတိုင်း နာတတ်သူမဟုတ်လည်း နာနိုင်တယ်။ သားအိမ်က အထဲမှာရှိနေတာတွေကို ညှစ်ထုတ်နေလို့ နာတာဖြစ်တယ်။ ဆင်းတာထဲမှာ သွေးတင်မက တခြားဟာတွေပါနိုင်တယ်။ အတုံး-အခဲ-အဖတ် စတာမျိုး။

ကိုယ်ဝန်ပျက်တာ မဟုတ်ဘဲ သားအိမ်ခြစ်ရတယ်ဆိုတာ ရှားတယ်။ ရှိတော့ ရှိပါတယ်။ စပျစ်သီး ကိုယ်ဝန်ဆိုရင် ၂ ခါ ခြစ်ရမယ်။ ကိုယ်ဝန်ပျက်တိုင်း သားအိမ်မခြစ်ရပါ။ ဥပမာ ကိုယ်ပူနေမယ်၊ အဖြူ စတာပါရောဆင်းနေမယ်၊ ဗိုက်အတော်နာနေမယ်ဆိုသူတွေက ပိုးဝင်နေလို့ သားအိမ်မခြစ်သေးဘဲ ဆေးအရင်ပေးရတယ်။ ပျက်တဲ့ကိုယ်ဝန်က အလိုလို အကုန်ဆင်းသွားရင်လည်း သားအိမ်ခြစ်ဖို့ မလိုပါ။

ဗဂျိုင်းနားက သွေးဆင်းတာဟာ ပုံမှန်ဟုတ်-မဟုတ် မေးခွန်း ၃ခုသိရမယ်။ ကိုယ်ဝန်လား၊ သွေးဆင်းတဲ့ပုံစံက ဘယ်လိုလဲ၊ လလယ်ရက် မျိုးဥထွက်သလား။ ရာသီမမှန်ဘူးလို့သာ ပြောမယ်။ မမှန်ဘူးဆိုတာက လုံးဝမလာတာ၊ နည်းတာ၊ များတာ၊ ရက်နောက်ကျတာ၊ ရက်စောတာ၊ စသဖြင့် အကုန်ကို ရောပြောတာမို့ တိတိကျကျ မေးရတယ်။ အခုဖြစ်နေတာရော၊ နောက်ကြောင်းသမိုင်း၊ မိသားစုရာဇဝင်တွေမေးပြီးရင် စစ်ဆေးရမယ်။ ဆေးစစ်တာက မွေးလမ်း-မျိုးပွားနေရာသာမက စစ်ရတယ်။ လည်ပင်းကနေ စကြည့်မယ်။ ရင်သား၊ တင်ပါး၊ လက်နဲ့ရော ကိရိယာထည့်လို့ပါ စမ်းရတယ်။ အာလ်ထွာဆောင်း၊ သွေးစစ်၊ အသားစယူစစ်တာတွေလည်း တချို့မှာလိုလာတယ်။

လူနာမှတ်တမ်းမှာ Bleeding PV လို့ရေးမယ်။ Bleeding per vagina ဖြစ်တယ်။ သွေးက သားအိမ်အတွင်းဆုံးအလွှာ Endometrium ကနေ လာတာများတယ်။ သားအိမ်ဝ၊ ဗဂျိုင်းနား၊ ရှားရှားပါးပါး သားအိမ်ပြွန်ကနေ လာနိုင်သေးတယ်။ ဒီနေရာတွေ အားလုံးကကောင်းပေမဲ့ သွေးမခဲဆေးပေးထားသူ၊ မွေးရာပါ von Willebrand disease, hemophilia သွေးယိုရောဂါရှိသူ၊ ထိခိုက်မိထားသူ၊ ကိုယ်ဝန်တားပစ္စည်း ထည့်ထားသူ၊ လိင်ကတဆင့်ကူးစက်ရောဂါ ရှိသူတွေမှာလဲ ပုံမှန်မဟုတ်ဘဲ မွေးလမ်းကြောင်းကနေ သွေးဆင်းနိုင်တယ်။

ရာသီများနေတာကို Menorrhagia, Hyper-menorrhea လို့ခေါ်တယ်။ နည်းနေရင် Hypo-menorrhea ခေါ်တယ်။ ဆေးနာမည်တွေပါ။ စိုးရိမ်စရာရောဂါတွေလို့ မမှတ်ပါနဲ့။ ကုစရာလိုတဲ့ ရာသီကို ခန့်မှန်းရခက်တဲ့ များတာကိုတော့ Metrorrhagia လို့ခေါ်တယ်။ လူကလည်းပိန်လာမယ်ဆိုရင် PCOS ကို စဉ်းစားရတယ်။ ကင်ဆာမဟုတ်တဲ့ သားအိမ်အလုံးကလည်း နေရာလိုက်ပြီး သွေးဆင်းများတတ်တယ်။ ကင်ဆာကိုတော့ အသက်မငယ်သူတွေ၊ သွေးဆုံးအရွယ်တွေမှာ သံသယရှိရပါမယ်။

ကိုယ်ဝန်ဆောင်လည်း သွေးဆင်းတာနဲ့ တွဲတတ်သေးတယ်။ သန္ဓေက သားအိမ်အတွင်းဆုံးအလွှာမှာ လာတွယ်ကပ်တဲ့အချိန် သွေးနည်းနည်းကလေးဆင်းတယ်၊ ကိုယ်ဝန်ပျက်ချင်သလိုဖြစ်တာ၊ ကိုယ်ဝန်ပျက်တာ၊ သားအိမ်ထဲမှာ ကလေးသေသွားတာ၊ သားအိမ်ပြင်ပသန္ဓေတည်တာ၊ စပျစ်သီးကိုယ်ဝန်။

သွေးဆုံးပြီးသူတွေ မွေးလမ်းကနေ သွေးဆင်းတာမှာ-

– Unopposed estrogen အီစထိုဂျင် ဟော်မုန်းဆေးပေးလို့၊ ၃၀%၊

– Atrophic Endometritis, Vaginitis မွေးလမ်း၊ သားအိမ်ရောင်လို့ ၃၀%၊

– Endometrial cancer သားအိမ်ကင်ဆာ ၁၅%၊

– Endometrial polyps, Cervical polyps သားအိမ်-သားအိမ်ဝ အညှာပါ-အသားပို ၁၀%၊

– Endometrial hyperplasia သားအိမ်ရောဂါ ၅% နဲ့

– တခြားအကြောင်းတွေ ၁၀% ရှိတာ တွေ့ရတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top