Healthy Life Ad
Life Style

ကိုယ်ဝန်ဆောင်ကာလ ကျန်းမာပျော်ရွှင်စေမည့် နည်းလမ်းကောင်း

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ကိုယ်ဝန်ဆောင်ကာလအတွင်း ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ရင် ကျန်းမာပြီး ချစ်စရာကောင်းတဲ့ ရင်သွေးလေးကို ပိုင်ဆိုင်ပါလိမ့်မယ်။


(၁) လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ပါ

ပုံမှန်လေ့ကျင့်ခန်းလုပ်တာကြောင့် ကျန်းမာရေးကောင်းစေတယ်ဆိုတာ လူအများသိပြီးသားပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ညင်သာတဲ့ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရင် ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်ကို ကြည့်ကောင်းစေပြီး သွေးတိုးတာနဲ့ တခြားနောက်ဆက်တွဲ ဝေဒနာတွေမဖြစ်အောင် ကာကွယ်ပြီးသားဖြစ်သွားပါတယ်။ ကလေးမွေးပြီး ချိန်မှာလည်း ခန္ဓာကိုယ်က အလွယ်တကူ ပြန်လည်ကြည့်ကောင်းစေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ လုပ်သင့်တဲ့ အကောင်းဆုံးလေ့ကျင့်ခန်းတွေက လမ်းလျှောက်တာ၊ ရေကူးတာ၊ ယောဂကျင့်တာတို့ ဖြစ်ကြပါတယ်။


(၂) အလှကုန်ပစ္စည်းများကို စစ်ဆေးပါ

ကိုယ်ဝန်ဆောင်ချိန်မှာ မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ်တင်တဲ့ အလှကုန်ပစ္စည်းတိုင်းကို ဆန်းစစ်သင့်ပါတယ်။ အကောင်းဆုံးက သဘာဝပစ္စည်းတွေပါဝင်တဲ့ အလှကုန်တွေကိုပဲ လိမ်းသင့်ပါတယ်။


(၃) အစာစားသည့် အလေ့အထပြောင်းလဲပါ

ကိုယ်ဝန်ဆောင်ချိန်မှာ စားတဲ့အစားအသောက်တွေက ကျန်းမာရေးနဲ့ ပိုညီညွတ်သင့်ပါတယ်။

– အမျှင်ဓာတ်ပါဝင်သော အစာများစားပါ- ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးဝလံတွေ၊ ပဲသီး၊ ကောက်နှံတစ်ခုလုံးအစာ၊ ဆန်လုံးညိုစတဲ့ အမျှင်ဓာတ်ပါဝင်မှုများတဲ့အစာကို စားသင့်ပါတယ်။

– ကျန်းမာရေးနှင့် ညီညွတ်သည့် သရေစာစားပါ- ဒိန်ချဉ်၊ သစ်သီးဝလံနဲ့ ခရက်ကာမုန့်စားပါ။

– ငါး၊ ပုစွန်စားပါ- ငါးနဲ့ ပုစွန်တွေကို စားပေးတာကြောင့် ကိုယ်ဝန်ဆောင်ချိန် ကျန်းမာစေပါတယ်။

– မကျက်သေးသော အသား၊ ငါးများ ရှောင်ပါ -မကျက်တကျက်အသား၊ ငါးနဲ့ တခြားအစားအသောက်တွေမှာ ဘက်တီးရီးယားပိုး ပါဝင်နိုင်တဲ့အတွက် မစားသင့်ပါဘူး။

– ကဖင်းနှင့် ဆိုးဆေး၊ အရောင်များဆင်ခြင်ပါ- ကဖင်းဓာတ်ပါတဲ့ အစားအသောက်၊ ဆိုးဆေးနဲ့ အရောင်ပါတဲ့ အစားအသောက်တွေကိုရှောင်ပါ။

– နည်းနည်းနဲ့ မကြာခဏစားပါ- ကိုယ်ဝန်ဆောင်ချိန်မှာ နည်းနည်းနဲ့ မကြာခဏ စားပေးသင့်ပါတယ်။


(၄) ကြွက်တက်ခြင်းကို ဖြေလျှော့ပါ

ကိုယ်ဝန်ဆောင်ချိန် ကြွက်တက်တာက အဖြစ်များတဲ့ မသက်မသာ ဝေဒနာပါ။ ခြေသလုံးကို နှိပ်ပေးတာနဲ့ ရေခဲကပ်ပေးတာကြောင့် နာကျင်မှုသက်သာစေပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင်နဲ့ အိပ်ရာမဝင်ခင် ကြွက်တက်တာ သက်သာအောင် ကြွက်သားတွေကို ဖြေလျှော့ပေးပါ။ ရေများများသောက်တာနဲ့ မျှတတဲ့အစားအသောက်တွေ စားသောက်ပေးတာတို့လုပ်ဆောင်ရင် ကြွက်တက်တာကို သက်သာစေပါတယ်။


(၅) ရေဓာတ်ပြည့်ဝအောင် နေထိုင်ပါ

တစ်နေ့ ရေအနည်းဆုံး ၁၀ ဖန်ခွက်သောက်ပေးပါ၊ ဘယ်နေရာသွားသွား ရေဘူးယူသွားပါ။ ရေသောက်ရင် ပျို့ချင်အန်ချင်စိတ်ကင်းပြီး ကျန်းမာစေပါတယ်။ ဒါပေမဲ့ ညဘက်အိပ်ရာမဝင်ခင် ရေများများမသောက်ပါနဲ့။ အိပ်ခါနီး တစ်နာရီအလိုမှာ ရေမသောက်သင့်ပါဘူး။


(၆) အလှပြင်ဆိုင်ကို ဉာဏ်နဲ့ရှာဖွေပါ

ကိုယ်ဝန်ဆောင်ချိန်မှာ အလှပြင်ဆိုင်သွားပြီး အလှပြင်ပေးပါ။ ဒါပေမဲ့ ရေပူစိမ်ချိုးတာ၊ အပူပေးတာတို့ ရှောင်ပါ။ ဓာတုပစ္စည်းပါဝင်မှုများတဲ့ အလှပြုပြင်နည်းတွေကို ဆင်ခြင်ပါ။


(၇) လေယာဉ်ဖြင့် စမတ်ကျကျခရီးသွားပါ

ကိုယ်ဝန်အစောပိုင်းကာလကျော်ပြီး ၁၄ ပတ်နဲ့ ၂၈ပတ်ကြားမှာ လေယာဉ်နဲ့ ခရီးသွားနိုင်ပေမယ့် မသွားခင် ဆရာဝန်နဲ့တိုင်ပင်ပါ။ လေယာဉ်ပေါ်မှာ ရေများများသောက်ပါ။ နာရီဝက်ကြာတိုင်း လမ်းလျှောက်ပေးပါ။


(၈) သဘာဝကုထုံးကို ရွေးချယ်ပါ

ကိုယ်ဝန်ဆောင်ချိန် ပျို့ချင်အန်ချင်ဖြစ်တာ၊ ရင်ပူတာ၊ ဝမ်းချုပ်တာ စတဲ့ ဝေဒနာတွေ သက်သာအောင် အိမ်တွင်းကုထုံးလေးတွေသုံးပါ။ ပျို့ချင်အန်ချင်စိတ်ပျောက်အောင် ချင်း(ဂျင်း) ဝါးပေးပါ၊ ဝမ်းချုပ်တာသက်သာအောင် လေ့ကျင့်ခန်းလုပ်ပါ၊ ဟင်းသီးဟင်းရွက်စားပါ။ ရင်ပူဝေဒနာ သက်သာစေဖို့ သကြားမပါတဲ့ ပီကေဝါးပါ၊ နွားနို့ပူပူသောက်ပါ။


(၉) နေကာခရင်မ်လိမ်းပါ

ကိုယ်ဝန်ဆောင်ချိန်မှာ အသားအရေက နေရောင်ခြည်ကို ထိလွယ်ခိုက်လွယ်ပါတယ်။ ဒါကြောင့် နေကာခရင်မ်လိမ်းပါ၊ ဦးထုပ်ဆောင်းပါ၊ နေကာမျက်မှန်တပ်ပါ။


(၁၀) သက်သောင့်သက်သာရှိသည့် ဖိနပ်စီးပါ

ဝမ်းဗိုက်ဆွဲအားကြောင့် ခြေထောက်န ဲ့ခြေကျင်းဝတ်က ရောင်ရမ်းလာနိုင်ပါတယ်။ ဒါကြောင့် သက်သောင့်သက်သာရှိတဲ့ဖိနပ်ကို ဝယ်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ပိုကြီးတဲ့ဖိနပ်ဝယ်သင့်ပါတယ်။


(၁၁) မှန်ကန်သော အိပ်စက်နည်းဖြင့်အိပ်ပါ

မှောက်အိပ်တာက ဘယ်လိုမှမသင့်တော်ပါဘူး။ ဒူးကွေးပြီး ဘေးစောင်းအိပ်တာက အသက်သာဆုံးနဲ့ အန္တရာယ်အကင်းဆုံး အနေအထားပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top