Healthy Life Ad
International

ကင်ဆာပျောက်ကင်းပြီးသူထံမှ ဆဲလ်ကိုယူကာ ကုသမှုပေးမည့် ကင်ဆာကုသနည်းလေ့လာ

၊ ကိုထက် ၊

ကင်ဆာကုသပျောက်ကင်းသူတွေထံမှ ကင်ဆာဆဲလ် တွန်းလှန်နိုင်ခဲ့တဲ့ ဆဲလ်တွေကိုယူပြီး တခြားကင်ဆာဖြစ်သူတွေကို ပြန်လည်ကုသပေးနိုင်မယ့် ကုသနည်းသစ်တစ်မျိုးကို ပညာရှင်တွေ လေ့လာနေကြပါတယ်။ ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဆဲလ်အနည်းငယ်ကိုယူကာ ဆဲလ်ပေါင်းများစွာ ပြန်လည်ဖန်တီးပြီးနောက် ကင်ဆာဆဲလ်သစ်တွေကို ဖယ်ရှားပေးမယ့် နည်းပညာကို လေ့လာနေတာဖြစ်ပြီး နောက်တစ်နှစ်ခန့်မှာ ဒီနည်းပညာကို ကင်ဆာကုသမှုအတွက် စတင်လေ့လာနိုင်မှာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

ဒီနည်းပညာကို လေ့လာဖို့အတွက် ကင်ဆာဆဲလ်တွေကို တွန်းလှန်နိုင်စွမ်းအားအကြီးဆုံး ဆဲလ်တွေကို ရှာဖွေစုဆောင်းနေပါတယ်။ ခန္ဓာကိုယ်ရဲ့ ပထမဆုံးခုခံအားဖြစ်တဲ့ နျူထရိုဖီလ်းဆဲလ်တွေဟာ ခုခံအားအကောင်းဆုံးဖြစ်ပြီး ဒီဆဲလ်တွေနဲ့ စတင်စမ်းသပ်လျက်ရှိတယ်လို့ လေ့လာသူတွေက ပြောပြခဲ့ပါတယ်။

ကြွက်တွေနဲ့စမ်းသပ်ရာမှာ ထိရောက်မှုရှိတာကို တွေ့ရှိခဲ့ရပြီး ကင်ဆာဝေဒနာရှင်အနည်းငယ်ကို သူတို့ရဲ့ခွင့်ပြုချက်နဲ့ စမ်းသပ်ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။ ဇီဝသိပံ္ပဌာနမှ တာဝန်ရှိသူ အဲလတ်က “ကင်ဆာ အမျိုးအစားတွေပေါ်မူတည်ပြီး ကုသနည်းများစွာ ရှိပါတယ်၊ ကျွန်တော်တို့က ဒီလိုကုသနည်းတစ်ခုကို ရှာဖွေနေရုံမဟုတ်ပါဘူး၊ ကင်ဆာဆဲလ်တွေကို တစ်ပတ်ကနေ ခြောက်ပတ်လောက်အတွင်း အရှင်း ပျောက်ကင်းသွားစေမယ့် ကင်ဆာနိုင်ဆေးလို့ ခေါ်တွင်မယ့် ဆေးကို ရှာဖွေနေတာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

လန်ဒန်ရှိ ကင်းကောလိပ်မှ လေ့လာချက်များအရ အင်္ဂလန်မှာ နှစ်စဉ် ပန်ကရိယကင်ဆာဖြစ်သူ ၉၆၁၈ ဦးရေရှိပြီး သေဆုံးသူ ၈၈၁၇ ဦးရေ ရှိတယ်လို့ ဆိုပါတယ်။ ကင်ဆာဖြစ်ပြီးနောက် ၅ နှစ်အသက်ရှင်နိုင်ခြေဟာ ၃ ရာခိုင်နှုန်းအောက်သာ ရှိနေတယ် လို့သိရပါတယ်။

အစပိုင်းလေ့လာမှုတွေမှာ နျူထရိုဖီးလ်ဆဲလ်တွေဟာ လည်ပင်းမှာဖြစ်တဲ့ ကင်ဆာဆဲလ်တွေကို တွန်းလှန်နိုင်ခဲ့တယ်လို့ တွေ့ရှိရပါတယ်။ ခန္ဓာကိုယ်ကထုတ်လုပ်ပေးတဲ့ နျူထရိုဖီးလ်ဆဲလ်တွေဟာ ကင်ဆာဆဲလ်အများစုကို ပြင်ပရောဂါပိုးအဖြစ် မသတ်မှတ်တဲ့အတွက် ကင်ဆာတွေဟာ လျှင်မြန်စွာကြီးထွားပြန့်ပွားရခြင်းဖြစ်ပြီး စနစ်တကျ အဆင့်မြှင့်ထားတဲ့ နျူထရိုဖီးလ်ဆဲလ်တွေကို ကင်ဆာဆဲလ်တွေဆီ ရောက်အောင်ပြုလုပ်ပေးနိုင်ရင် ကင်ဆာတွေ လွယ်လွယ်ကူကူပျောက်ကင်းနိုင်မှာဖြစ်တယ်လို့ မျှော်လင့်ထားကြပါတယ်။

(Ref;DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top