Healthy Life Ad
Life Style

အမျိုးသမီးများနှင့် ဆီးချိုသွေးချိုရောဂါ (၂) (Women and Diabetes)

ပါမောက္ခဒေါ်သန်းသန်းအေး(ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

ယခင်တစ်ပတ်မှအဆက်

ကိုယ်ဝန်ဆောင်ဆီးချို ရှိ၊ မရှိ ဘယ်သူတွေမှာ စစ်ဆေးသင့်သလဲ
ကိုယ်ဝန်ဆောင်တိုင်း ဆီးချိုသွေးချိုစစ်ဆေးသင့်ပါတယ်။အထူးသဖြင့် ဖြစ်နိုင်ခြေ ( Risk Factor) ရှိတဲ့ သူတွေဆိုရင်တော့ ပိုစစ်သင့်ပါတယ်။

ဥပမာ -မျိုးရိုး(မိဘ၊မောင်နှမ)မှာ ဆီးချိုရှိသူများ၊
-၉ ပေါင်ကျော်ကလေး မွေးဖွားဖူးတဲ့အမျိုးသမီးများ၊
-ယခင်ကိုယ်ဝန်မှာ ဆီးချိုဖြစ်ဖူးသူများ၊
-အဝလွန်တဲ့ အမျိုးသမီးများ (အသားကျစ်နှုန်း BMI-၂၈)
-ကလေး အဖတ်မတင်သူများ။

ကိုယ်ဝန်ဘယ်နှစ်လမှာ စစ်ဆေးသင့်သလဲ

အထက်ပါ Risk Factor တွေရှိခဲ့ရင်တော့
ကိုယ်ဝန်စရှိလျှင်ရှိချင်း Oral Glucose Tolerance Test (OGTT) စစ်သင့်ပါတယ်။
အကယ်၍ ဆီးချိုမရှိခဲ့ရင် ကိုယ်ဝန် ၂၄ မှ ၂၈ ပတ်မှာ ထပ်မံစစ်ဆေးသင့်ပါတယ်။

သာမန်ကိုယ်ဝန်ဆောင်များ (Risk Factor)ဆိုရင်တော့ ၂၄ မှ ၂၈ ပတ်မှာစပြီး စစ်ဆေးသင့်ပါသည်။OGTTစစ်လိုက်လို့ အောက်ပါတို့အနက်မှာ တစ်ချက်ရှိခဲ့ရင်တော့ ကိုယ်ဝန်ဆောင်ဆီးချိုရှိနေပြီလို့ သတ်မှတ်လို့ရပါပြီ။အနည်းဆုံး ၈နာရီအစာမစားဘဲ မနက်စောစောစစ်ဆေးခြင်း – ၉၂ နှင့်အထက်၊ ၇၅ ဂရမ် ဂလူးကို့စ်သောက်ပြီး – ၁ နာရီအကြာစစ်ရင် ၁၈၀နှင့် အထက် – ၂ နာရီအကြာစစ်ရင် ၁၅၃ နှင့်အထက်

ဆီးချိုသွေးချိုရှိပြီးသူတွေ ကိုယ်ဝန်မဆောင်ခင်မှာ ဘာတွေ ကြိုတင်ပြင်ဆင်ရမလဲ

ဖောလစ်အက်ဆစ် (Folic acid) ကို တစ်နေ့ တစ်ကြိမ် ကိုယ်ဝန်မရှိခင်မှ ၁၂ ပတ်တိုင်တဲ့အထိ အားဖြည့်သောက်သုံးပါက ကလေးမှာ အာရုံကြောမကြီး ချို့ယွင်းမှုကို ကာကွယ်နိုင်ပါတယ်။
၃ လပျမ်းမျှသွေးချိုဓာတ် HbA1c က ၆ ဒသမ ၅ ရာခိုင်နှုန်းအောက်ရရှိမှသာ ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်သင့်ပါတယ်။
အကယ်၍ ၃လ ပျမ်းမျှဆီးချို HbA1c က ၁၀ ရာခိုင်နှုန်းအထက်ရှိပါက ကိုယ်ဝန်ဆောင်ဖို့ လုံးဝမသင့်တော်သေးပါ။

ဆီးချိုရှိနှင့်ပြီးသား အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ဖို့ပြင်ဆင်ပြီဆိုရင်တော့-
တချို့သွေးကျဆေး၊ အဆီကျဆေး၊ သွေးချိုကျဆေးတွေကို ဆက်သောက်ဖို့သင့်၊ မသင့် ဆရာဝန်နဲ့ တိုင်ပင်ရပါမယ်။
ကိုယ်ဝန်ရှိနေစဉ်တွင် မျက်စိသွေးကြောတွေ ပိုမိုထိခိုက်တတ်တာကြောင့် မျက်စိမြင်လွှာထိခိုက်မှုရှိ၊ မရှိ(Retina Screening) စစ်ဆေးသင့်ပါတယ်။
ဆီးထဲ အသားဓာတ်စွန့်ထုတ်မှု (Urine Micro-albumin) များ ၊ မများ၊ ကျောက်ကပ်(Creatinine) ကောင်း ၊ မကောင်းကို ကိုယ်ဝန်မရှိခင်ကတည်းက စစ်သင့်ပါတယ်။

ကိုယ်ဝန်ရှိစဉ်မှာ သွေးတွင်း အချိုဓာတ်တွေ ဘယ်လောက်ရှိသင့်သလဲ
မနက်စောစော ဘာမှ မစားခင် ဖောက်လိုက်ရင် ၉၅ mg/dl အောက်ရှိသင့်ပြီး အစာစစားတဲ့အချိန်က ၁ နာရီ ကြာရင် ၁၄၀ mg/dl အောက်၊ ၂နာရီ ကြာရင် ၁၂၀ mg/dl အောက်ရှိသင့်ပါတယ်။ဘယ်အချိန်မှာ မွေးမလဲ၊ ဘယ်နေရာမှာ မွေးမလဲ၊ ဘယ်လိုနည်းနဲ့မွေးမှာလဲ၊ ကိုယ်ဝန်ဆောင်နေစဉ်၊ မွေးဖွားနေစဉ်နဲ့ နို့တိုက်နေစဉ် အချိန်တွေမှာ ဆီးချိုဘယ်လိုထိန်းရမလဲ၊ ဘယ်လိုအစားအသောက်တွေကို စားရမလဲ စတဲ့အချက်တွေကို ဆီးချိုအထူးကုဆရာဝန်၊ သားဖွားမီးယပ်ဆရာဝန်၊ အာဟာရပညာရှင်တွေနဲ့ တိုင်ပင်ထားသင့်ပါတယ်။

မွေးဖွားပြီးနောက် ဘယ်အချက်တွေကို လိုက်နာသင့်သလဲ

၈၀ ရာခိုင်နှုန်းသော ကိုယ်ဝန်ဆောင်ဆီးချိုတွေဟာ မွေးပြီးရင် ပုံမှန်ပြန်ဖြစ်သွားတတ်ပါတယ်။
ဒါပေမဲ့လည်း ၅၀ ရာခိုင်နှုန်းသော ကိုယ်ဝန်ဆောင်ဆီးချိုတွေဟာ နောင် ၅ နှစ်မှ ၁၀ နှစ်အတွင်း ဆီးချိုသွေးချိုရောဂါ ပြန်ဖြစ်လာပါမယ်။
အရေးအကြီးဆုံးကတော့ မွေးဖွားပြီးနောက်ပိုင်း ဘဝနေထိုင်မှုပုံစံပြောင်းပြီး ဆီးချိုပုံမှန် စစ်ဆေးနေဖို့၊ ဆီးချိုကာကွယ်ရေးလုပ်ဖို့၊ ဆီးချိုကို အစောဆုံးသိအောင် ဖော်ထုတ်ဖို့ပါပဲ။
သို့မှသာ ဆီးချိုရှိပေမယ့် နေကောင်းတဲ့ဘဝကို ထာဝစဉ် ရယူနိုင်မှာ ဖြစ်ပါတယ်။
အချိုဓာတ်တက်နေတာကို ရောဂါတစ်ခုလို့ မသတ်မှတ်ဘဲ အခြေအနေတစ်ခုလို့ပဲ ခေါ်နိုင်ပါတယ်။

နောက်ဆက်တွဲရောဂါတွေ ဝင်လာမှသာ လူနာ (တကယ့်ရောဂါကြီး) ဖြစ်သွားပါပြီ။ ဆိုလိုတာက လူနာဖြစ်မသွားအောင်လုပ်ဖို့ပါပဲ။
ဆီးချိုရဲ့ ဆင့်ပွားနောက်ဆက်တွဲရောဂါတွေ ဖြစ်တဲ့ လေဖြတ်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ မျက်စိမြင်လွှာပျက်စီးခြင်း၊ ခြေထောက်ဖြတ်ရခြင်း စသဖြင့် ဒါတွေ တစ်ခုမှဖြစ်မလာရင်တော့ အကောင်းဆုံးပါပဲ။ ထိုနောက် ဆက်တွဲရောဂါတွေ ဖြစ်မလာအောင် ဆီးချိုကို အမြဲ စောင့်ကြည့်ရင်း အစောဆုံး ရှာဖွေဖော်ထုတ်ပြီး အကောင်းဆုံး ပြုစုစောင့်ရှောက်ဖို့က အရေးကြီးဆုံးပါပဲ။

သွေးဆုံးပြီး ကာလ (Menopausal age) -အမျိုးသမီးတွေမှာ ဆီးချိုသွေးချိုမရှိရင်တောင်မှ သွေးဆုံးသွားတဲ့အခါ သွေးမဆုံးခင်ကထက် နှလုံးရောဂါ ပိုဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆီးချိုသွေးချိုရှိတဲ့ အမျိုးသမီးတစ်ယောက်ဟာ သွေးဆုံးပြီးကာလမှာ သွေးကြောနဲ့ နှလုံးကို ပိုပြီးဂရုစိုက်ဖို့လိုပါတယ်။အပျိုအရွယ်ကာလ၊ ကိုယ်ဝန်ဆောင်နိုင်တဲ့ ကာလနဲ့သွေးဆုံးပြီးကာလ ဒီကာလတစ်ခုကျော်တိုင်း ကိုယ်အလေးချိန်တိုးလာတာကြောင့် ဆီးချိုဖြစ်ဖို့ အခြေအနေတွေ ပိုပြီးနီးစပ်လာပါတယ်။

ဆီးချိုကာကွယ်ထိန်းသိမ်းရေးနှင့် အမျိုးသမီးများကဏ္ဍ

ဆီးချိုသွေးချိုကာကွယ်ထိန်းသိမ်းရေးမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါပါတယ်။ မိမိကျန်းမာရေးသာမက မိသားစု တစ်ခုလုံးအတွက် ကျန်းမာတဲ့ စားသောက်နေထိုင်မှုပုံစံ ပြောင်းလဲပေးနိုင်ခြင်း၊ ကလေးတွေရဲ့ ကိုယ်လက်လှုပ်ရှားမှုကို အားပေးခြင်း၊ အဝမလွန်အောင် ထိန်းသိမ်းကာကွယ်ပေးနိုင်ခြင်း စတဲ့အချက်တွေ အားလုံးဟာ မိခင်တစ်ယောက်အပေါ်မှာ မူတည်ပြီး ပြုပြင်ဖို့ ပိုပြီးလွယ်ကူပါတယ်။

ကိုယ်ဝန်ဆောင်နေတဲ့ မိခင်တစ်ဦးကို ကျန်းမာရေး ဗဟုသုတပညာတွေ ဖြန့်ဝေပေးရင် ထိုအမျိုးသမီးက သေသေချာချာလိုက်နာဖြစ်ဖို့ များပါတယ်။ ဒါကြောင့်လည်း ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို အဓိက ပညာပေးသင့်ပါတယ်။ ၇၀%သော အမျိုး အစား(၂) ဆီးချိုတွေဟာ ကာကွယ်လို့ရပါတယ်။ အမျိုးသမီးတိုင်းသည် ဆီးချိုရောဂါအတွက် အထောက်အပံ့တွေ၊ ဗဟုသုတတွေကို တန်းတူညီမျှ ရရှိသင့်ပါတယ်။ သို့မှသာ ကျန်းမာတဲ့လူနေမှုဘ ပုံစံကို သူတို့ပတ်ဝန်းကျင်အတွက်လည်းကောင်း၊ အနာဂတ်မျိုးဆက်သစ်တွေအတွက်လည်းကောင်း ဖန်တီးပေးနိုင်မည်ဟု ဆန္ဒပြုရင်း . . . ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top