Healthy Life Ad
Life Style

ကိုယ်ဝန်ဆောင်ကျန်းမာရေးအမေးအဖြေများ (၃)

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး) ဖြေကြားသည်။

သားကြောဖြတ်ခြင်း

မေး. အပြင်မှာ ကလေးတစ်ယောက်ရှိပါတယ်။ အခုကိုယ်ဝန်နဲ့ပါ။ ကလေးမွေးရင်း သားကြောဖြတ်ချင်ပါတယ်။ သားကြောဖြတ်လိုက်ရင် နေရထိုင်ရတာ ဘယ်လိုဆိုးကျိုးများရှိနိုင်ပါသလဲ။ ဆရာ့အကြံဉာဏ်လေး လိုချင်လို့ပါရှင့်။

ဖြေ. သားကြောဖြတ်တယ်ဆိုတာ သားအိမ်ရဲ့ဘေးမှာရှိတဲ့ သားဥပြွန်လေးကိုဖြတ်ပြီး ပြန်ချည်လိုက်တာ။ သားဥပြွန်လေးက ကလေးရဖို့ သုက်ကောင်နဲ့ သားဥလေးတွေ့ရတဲ့ နေရာလေးပေါ့။ အဲဒီနေရာကိုဖြတ်လိုက်တော့ ကလေးမရတော့ဘူး။ ဒီသားကြောဖြတ်လိုက်တော့ တချို့က ရာသီမမှန်တော့ဘူး၊ အလုပ်တွေ ကောင်းကောင်းမလုပ်နိုင်ဘူး၊ အကြောတွေ တက်တတ်တယ်လို့ ထင်ကြတယ်။ ဒါတွေက လုံးဝမှားယွင်းပါတယ်။ မဟုတ်ပါဘူး။ ဘာမှ ဘေးထွက်ဆိုးကျိုးရယ်လို့ မရှိပါဘူး။ တစ်ခုပဲ . .နောက်ထပ်ကလေးလိုချင်ရင်တော့ ပြန်မရတော့ဘူး။ ဘယ်လိုအကြောင်းကြောင့်မှ ကလေးမလိုချင်တော့ဘူးဆိုမှသာ သားကြောဖြတ်သင့်ပါတယ်။

သားကြောဖြတ်ပြီးမှ ကလေးလေးတွေ ပြန်လိုချင်တဲ့အခါဆိုတာရှိတတ်တယ်။ ကိုယ့်ဗိုက်ထဲက အခုမွေးမယ့် ကလေးအသက် သုံးနှစ်လောက်အထိ စောင့်စေချင်ပါတယ်။ သုံးနှစ်လောက်အထိစောင့်ပြီး ကလေးမှာ ဘာရောဂါမှမရှိဘူးဆိုရင် အဲဒီအချိန်ကျမှ သားကြောဖြတ်မယ်ဆိုလည်း နောက်မကျသေးပါဘူး။

တစ်ခါတလေ နောင်တဆိုတာရှိပါတယ်။ သားကြောဖြတ်ပြီးမှ ကလေးလေးတွေ ပြန်လိုချင်တဲ့အခါဆိုတာ ရှိတတ်တယ်။ ကိုယ့်ဗိုက်ထဲက အခုမွေးမယ့် ကလေးအသက်သုံးနှစ်လောက်အထိ စောင့်စေချင်ပါတယ်။ သုံးနှစ်လောက်အထိစောင့်ပြီး ကလေးမှာ ဘာရောဂါမှမရှိဘူးဆိုရင် အဲဒီအချိန်ကျမှ သားကြောဖြတ်မယ်ဆိုလည်း နောက်မကျသေးပါဘူး။ တချို့က ကလေးမွေးပြီး သားကြောဖြတ်ကြတယ်။ နောက်ကျမှ နောင်တရပြီး ကလေးပြန်လိုချင်တာမျိုး ရှိကြတယ်။ အခုခေတ်မှာ သားကြောဖြတ်တာထက် ပိုစိတ်ချရတဲ့ သန္ဓေတားနည်းရှိပါတယ်။ ဥပမာ လက်မောင်းထဲ ပစ္စည်းလေးထည့်ထားရင် သုံးနှစ်လောက်ခံပါတယ်။ အဲဒီသုံးနှစ်မှာ တစ်ယောက်က လက်မောင်းထဲပစ္စည်းထည့်ထားတယ်၊ နောက်တစ်ယောက်က သားကြောဖြတ်ထားတယ်ဆိုပါတော့။ အဲဒီသုံးနှစ်အတွင်းမှာ ကလေးရနိုင်ခြေက သားကြောဖြတ်ထားသူမှာ ပိုရှိနေပါတယ်။ ဒါကြောင့် အဲဒီလိုသန္ဓေတားနည်းကို သုံးသင့်ပါတယ်။

ရောဂါဝေဒနာရှိသူ ကိုယ်ဝန်ရှိလျှင်

မေး. ဗီတာမင်ချို့တဲ့လို့ ဆရာဝန်နဲ့ပြတော့ ဆေးပေးတာနဲ့ သောက်နေရပါတယ်။ အခု ကိုယ်ဝန်ရှိသွားတော့ ဘယ်လို လုပ်သင့်ပါသလဲ ဆရာ။

ဖြေ. ကိုယ့်မှာ ရောဂါတစ်ခုခုရှိလို့ ဆေးတစ်မျိုးမျိုး သောက်နေရတယ်၊ အဲဒီအချိန်မှာ ကိုယ်ဝန်ရသွားတယ်ဆိုရင် လုပ်ရမှာနှစ်ခုရှိပါတယ်။ တစ်ခုက အဲဒီအကြောင်းကို ကိုယ့်ရဲ့ သားဖွားမီးယပ်အထူးကု ဆရာဝန်ကိုလည်း ပြောပြပေးပါ၊ ဘာရောဂါရှိလို့ ဘယ်သူနဲ့ပြထားတယ်၊ ဘာဆေးတွေသောက်နေတယ်၊ အခုလက်ရှိ ဆက်သောက်ရမလားဆိုပြီး ပြောပြရပါမယ်။ နောက်တစ်ခုက အဲဒီကိုယ်ပြထားတဲ့ ဆရာဝန်နဲ့ပြန်ပြပြီး ကိုယ်ဝန်ရှိသွားတဲ့အကြောင်းကိုလည်း ပြောပြရင်း တိုင်ပင်သင့်ပါတယ်။

လေနိုင်ဆေးသောက်သင့်သလား

မေး. ကလေး လေပါမှာစိုးလို့ အခုလိုကိုယ်ဝန်ဆောင်ချိန်မှ လေနိုင်ဆေးတွေ ကြိုသောက်ထားသင့်ပါသလား ဆရာ။

ဖြေ. မြန်မာလူမျိုးအများစုက ဆရာဝန်ပေးတဲ့ဆေးထက် ကိုယ့်အချင်းချင်းပေးတဲ့ဆေးတွေကို ပိုယုံတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေမှာ ကလေးမွေးပြီးရင် လေမပါလာအောင်လို့ လေနိုင်ဆေးတစ်မျိုး သောက်ကြတယ်။ ဖြစ်နိုင်ရင် လုံးဝမသောက်ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဆေးမှာ ဘာတွေပါတယ်၊ ဘာဖြစ်နိုင်တယ်ဆိုတာ ပြောဖို့ခက်သလို ကိုယ်ဝန်ဆောင်မိခင်သောက်သမျှဆေးက ကလေးဆီရောက်နိုင်တယ်၊ အဲဒီလိုရောက်တဲ့အခါ ဆေးက ကလေးအတွက် ဘယ်လောက်အထိ အကျိုးရှိတယ်၊ အကျိုးမရှိဘူးဆိုတာ သေချာမသိလို့ပါ။ ဘာဖြစ်မယ်မှန်း မသေချာတဲ့ဆေးကို ကိုယ်ဝန်ဆောင်ကာလမှာ လုံးဝမသောက်သင့်ပါဘူး။ ကလေးဆိုတာ မွေးကတည်းက လေပါတဲ့ကလေးမရှိပါဘူး။ မွေးပြီး မိခင်နို့ကို စို့တဲ့အချိန်မှာ လေဝင်သွားတာ၊ အဲဒါကြောင့် နို့စို့တဲ့ ကလေးတိုင်းကို လေထုတ်ပေးရပါတယ်။ နို့တိုက်ပြီးတိုင်း ကလေးကျောလေးပွတ်သပ်ပြီး လေထုတ်ပေးရပါတယ်။ ဒါကြောင့် ဘာမှန်းညာမှန်းမသိတဲ့ ဆေးတွေကို မသောက်ပါနဲ့။

ကလေးဆရာဝန်တွေက ကျွန်တော့်ကိုမှာတယ်။ သူတို့ဆီကို ကလေးတွေက ဝါပြီးရောက်လာတယ်၊ ပြာပြီးရောက်လာတယ်၊ ရောဂါတွေနဲ့ရောက်လာတယ်။ မေးလိုက်ရင် အမေက အဲဒီလေနိုင်ဆေးသောက်ထားတာ များတယ်တဲ့။ ဒီဆေးသောက်လို့ ကလေးမှာဖြစ်တယ်လို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့တွေ့ရင် အဲဒီလို ဘာမှန်းညာမှန်း သေချာမသိတဲ့ ဆေးတွေလျှောက်မသောက်ဖို့ မှာပေးပါလို့ ကလေးဆရာဝန်တွေက ပြောပါတယ်။ အကျိုးရှိမှန်း သေချာတဲ့ဆေးကိုပဲသောက်ပြီး ဘာမှန်းညာမှန်း သေချာမသိတဲ့ ဆေးတွေကို မသောက်ပါနဲ့။

ကိုယ်ဝန်ဆောင်ချိန် ကိုယ်အလေးချိန် ဘယ်လောက်နှုန်းနဲ့တက်သင့်သလဲ . . .

မေး. ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန် ဘယ်လောက်နှုန်းနဲ့တက်သင့်ပါသလဲ။ အခု ၁၂၇ပေါင်က နည်းနေသလား ဆရာ။

ဖြေ. ဟိုးအရင်တုန်းက ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်က ဝိတ်ချိန်ပြီဆိုရင် တစ်ပတ်ကို တစ်ပေါင် တစ်ပေါင် တက်ရတယ်။ အဲဒီလိုနှုန်းနဲ့တက်နေရင် မှန်တယ်လို့ပြောကြတယ်။ နှစ်ပေါင်းများစွာ လုပ်လာခဲ့ပေမယ့် အခုနောက်ပိုင်း ဆေးပညာ ပြန်သုံးသပ်ချက်တွေအရ ဝိတ်က ဘယ်လောက်တက်ရင် မှန်တယ်ဆိုတာ မရှိဘူးလို့ဆိုတယ်။ ဒီနှစ်ပတ်အတွင်း တစ်ပေါင်မှမတက်ဘူးဆိုပြီး ကိုယ်ဝန်ဆောင်တွေ စိတ်ပူကြတယ်။ တကယ်တမ်းမှာ ပေါင်မတက်လည်း ဘာမှမဖြစ်ဘူး။ ဒီတော့ ကိုယ်ဝန်ဆောင်လောကမှာ ဘယ်နှပေါင်တက်ရင် မှန်တယ်ဆိုတာ အခုအချိန်မှာ သိပ်အရေးမကြီးတော့ဘူး။ တစ်ခုပဲ တစ်ပတ်-နှစ်ပတ်အတွင်း ကိုယ်အလေးချိန် အများကြီးတက်သွားတာတို့၊ အများကြီး ကျသွားတာတို့ဆိုရင်တော့ သတိထားရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top