Healthy Life Ad
Life Style

အမျိုးသမီးများနှင့် ဆီးချိုသွေးချိုရောဂါ (၁) (Women and Diabetes)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

ကမ္ဘာ့ဆီးချိုသွေးချို ထိန်းသိမ်းကာကွယ်ရေးနေ့ကို နှစ်စဉ် နိုဝင်ဘာလ ၁၄ရက်နေ့၌ ကမ္ဘာတဝှမ်းမှာ ကျင်းပကြပါတယ်။ နိုဝင်ဘာတစ်လလုံးမှာ ရက်တစ်ရက်ရွေးပြီး ကျင်းပနိုင်ပါတယ်။

ယခုနှစ်ရဲ့ ဆောင်ပုဒ်ကတော့ “Women and Diabetes : our right to a healthy future” ဖြစ်ပြီး “ဆီးချိုသွေးချိုအန္တရာယ်၊ မိခင်လောင်းများသတိပြုဖွယ်၊ ပုံမှန်စစ်ဆေးကုသဖို့၊ ဝိုင်းဝန်းကူညီ ဆောင်ရွက်စို့” ဟူ၍ မြန်မာမှု ပြုထားပါတယ်။ ဘာကြောင့် ဆီးချိုသွေးချိုရောဂါဟာ အမျိုးသမီးတွေအတွက် အရေးကြီးကြောင်းနဲ့ အထူးအလေးထားဖို့ လိုအပ်ကြောင်းကို တင်ပြလိုပါတယ်။ အမျိုးသမီးတွေအဖို့ ဆီးချိုသွေးချိုကြောင့် ဘယ်လောက်အထိ ထိခိုက်ခံစားနေရသလဲဆိုတာ ဦးစွာပြောပြပါမယ်။

High risk for Diabetes (ဆီးချို၏အန္တရာယ်များခြင်း)

အမျိုးသမီးများ၊ အထူးသဖြင့် ကိုယ်ဝန်ဆောင်နိုင်တဲ့အရွယ်ရှိ အမျိုးသမီးတွေဟာ ဆီးချိုဖြစ်ပြီဆိုရင် လူမှုရေးမှာရော ကျန်းမာရေးမှာပါ ထိခိုက်နစ်နာမှုတွေ အများကြီးရှိပါတယ်။ အခုအခါ ဆီးချိုသွေးချိုရှိတဲ့ အမျိုးသမီးပေါင်း ၁၉၉ သန်းကျော်ရှိပြီး ၂၀၄၀ ခုနှစ်တွင် ၃၁၃ သန်းအထိ များပြားလာလိမ့်မယ်လို့ အပြည်ပြည်ဆိုင်ရာ ဆီးချိုသွေးချိုအဖွဲ့ချုပ် (International Diabetes Federation)က ခန့်မှန်းထားပါတယ်။

ကမ္ဘာတဝှမ်း အမျိုးသမီးများ သေဆုံးရတဲ့ အကြောင်းရင်းတွေမှာ ဆီးချိုသွေးချိုရောဂါဟာ နံပါတ် ၉ နေရာမှာ ရှိနေပြီး နှစ်စဉ် ၂ ဒသမ ၁သန်းနှုန်းနဲ့ သေဆုံးလျက်ရှိပါတယ်။ ဆီးချိုရှိတဲ့ အမျိုးသမီးတွေဟာ ဆီးချိုမရှိတဲ့ အမျိုးသမီးတွေထက် နှလုံးရောဂါဖြစ်နိုင်ခြေ ၁၀ဆ ပိုများပါတယ်။

ကမ္ဘာတဝှမ်း အမျိုးသမီးများ သေဆုံးရတဲ့ အကြောင်းရင်းတွေမှာ ဆီးချိုသွေးချိုရောဂါဟာ နံပါတ် ၉ နေရာမှာရှိနေပြီး နှစ်စဉ် ၂ ဒသမ ၁သန်းနှုန်းနဲ့ သေဆုံးလျက်ရှိပါတယ်။ ဆီးချိုရှိတဲ့ အမျိုးသမီးတွေဟာ ဆီးချိုမရှိတဲ့ အမျိုးသမီးတွေထက် နှလုံးရောဂါဖြစ်နိုင်ခြေ ၁၀ဆ ပိုများပါတယ်။

ဖွံဖြိုးဆဲနိုင်ငံတွေမှာ လူမှုစီးပွားဘဝ အခြေအနေတွေကြောင့် အမျိုးသမီးတွေအတွက် ဆီးချိုရောဂါကာကွယ်ခြင်း၊ စောစီးစွာရှာဖွေဖော်ထုတ်ခြင်း၊ ထိရောက်တဲ့ စောင့်ရှောက်ကုသခြင်းတွေကို လုံလောက်စွာရရှိဖို့ အဟန့်အတားတွေ ရှိနေပါတယ်။ ကိုယ်ဝန်ဆောင်နိုင်တဲ့ အသက်အရွယ်ရှိသူ အမျိုးသမီး သန်း ၆၀ ကျော်ဟာ ဆီးချိုသွေးချိုရောဂါရှိနေပြီး ထိုဆီးချိုရှိတဲ့ အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်ဖို့ ခက်ခဲတဲ့အပြင် ကိုယ်ဝန်ရှိပြီးနောက်မှာလည်း မကောင်းတဲ့ရလဒ်တွေ ရှိတတ်ပါတယ်။

အမျိုးသမီးများ၏ ဘဝတစ်သက်တာလုံးတွင် ဆီးချိုအန္တရာယ်ရှိခြင်း

အပျိုအရွယ်ကာလ၊ ကိုယ်ဝန်ဆောင်နိုင်တဲ့ကာလနဲ့ သွေးဆုံးပြီးကာလဆိုပြီး ခွဲကြည့်ရင် ကာလသုံးပါးစလုံးမှာ အမျိုးသမီးတွေကို ဆီးချိုသွေးချိုရဲ့ အန္တရာယ်အမျိုးမျိုးဟာ ခြိမ်းခြောက်လျက်ရှိနေပါတယ်။

1. Polycystic Overy Syndrome (PCOS) သားဥအိမ်အရည်အိတ်ဖြစ်ခြင်း

ဒီလို PCOS အခြေအနေမျိုး ခံစားရတဲ့ အမျိုးသမီးငယ်တွေမှာ အင်ဆူလင်တွန်းခံမှုများခြင်း (Insulin resistance ဖြစ်ခြင်း)ကြောင့် သားဥအိမ်မှာ အရည်အိတ်လေးများဖြစ်ပေါ်ပြီး ရာသီလာတာ မမှန်တာတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ကလေးသန္ဓေတည်ဖို့ ခက်ခဲမှုတွေရှိတတ်ပါတယ်။

2. Gestational Diabetes Mellitus (GDM) ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်ခြင်း

ကိုယ်ဝန်ဆောင် ၇ ယောက်မှာ ၁ ယောက်ဟာ ကိုယ်ဝန်ဆောင် ဆီးချို (GDM) ဖြစ်လျက်ရှိပြီး မိခင်နဲ့ကလေး ကျန်းမာရေးကို လွန်စွာထိခိုက်လျက်ရှိပါတယ်။ ကိုယ်ဝန်ဆောင်ဆီးချိုဆိုတာကတော့ “ကိုယ်ဝန်မဆောင်ခင်မှာ ဆီးချိုမရှိသေးပေမယ့် ကိုယ်ဝန်ဆောင်စဉ် ဆီးချိုများလာခြင်း၊ မွေးဖွားပြီးနောက် ဆီးချိုပြန်မှန်သွားခြင်း”ကို ဆိုလိုပါတယ်။

ကိုယ်ဝန်ရှိစဉ် ဘာကြောင့်ဆီးချိုပိုဖြစ်လာရသလဲ

ကိုယ်ဝန်မဆောင်ခင် ဆီးချိုဖြစ်နေသူတွေ၊ ဆီးချိုဖြစ်ခါနီးသူတွေ၊ ဖြစ်ဖို့အလားအလာရှိသူတွေက-

– အမျိုးသမီး ဟော်မုန်းများလာခြင်း၊

– အချင်းမှထွက်သော ဟော်မုန်းပြောင်းလဲခြင်း၊

– ပိုဝလာခြင်း၊ ကိုယ်အလေးချိန်တိုးလာခြင်း၊

– အင်ဆူလင်ကိုတွန်းကန်အား (Insulin Resista­nce) များလာခြင်းတို့ကြောင့် ကိုယ်ဝန်ရှိလာရင် သွေးချို ပိုမြင့်လာပါတယ်။ အကြမ်းအားဖြင့် အမျိုးအစား(၂) ဆီးချိုဟာ အသက်ကြီးမှ ဖြစ်ကြတာများပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်အခါမှာ အမျိုးသမီးတွေ ကိုယ်ဝန်စဆောင်တဲ့ အသက်ကလည်း ပိုကြီးလာကြတာကြောင့်လည်းကောင်း၊ အမျိုးအစား(၂) ဆီးချိုသွေးချိုစတင်ဖြစ်ပွားတဲ့ အသက်အရွယ်တွေကလည်း ပိုပိုငယ်လာတာကြောင့်လည်းကောင်း ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်ပွားမှုနှုန်းဟာ ပိုမိုများပြားလာတာ တွေ့ရှိရပါတယ်။ ကိုယ်ဝန်ဆောင်ဆီးချိုဟာ ယာယီသာဖြစ်ပေမယ့် မိခင်ရောကလေးပါ ထိခိုက်မှုတွေရှိတယ်ဆိုတာ သတိချပ်စေချင်ပါတယ်။

ကလေးအတွက် ဆိုးကျိုးတွေကတော့-

– မွေးရာပါ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းများ ချို့ယွင်းခြင်း၊

– ကလေးအထွားလွန်ပြီး မွေးရခက်ခြင်း၊ ခွဲမွေးရခြင်း၊

– မွေးဖွားစဉ်ဒဏ်ရာရပြီး လူစဉ်မမီဖြစ်ခြင်း၊

– လစေ့လို့ မွေးဖွားခါနီး ဝမ်းတွင်းမှာသေဆုံးခြင်း၊ မွေးကင်းစတွင် သွေးချိုကျပြီး သေဆုံးခြင်း၊

– ကလေးကြီးပြင်းလာရင်လည်း ဆီးချိုသွေးချိုဖြစ်ဖို့ အလားအလာပိုများခြင်းတို့ ဖြစ်ပါတယ်။

မိခင်အတွက် ဆိုးကျိုးတွေကတော့-

– သွေးတိုးခြင်း၊

– ကိုယ်ဝန်ဆိပ်တက်ခြင်း၊

– လေဖြတ်ခြင်း၊

– ကျောက်ကပ်ပျက်ခြင်း၊

– မျက်စိသွေးကြောပေါက်ပြီး မျက်စိကွယ်ခြင်းတို့ ဖြစ်တတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top