Healthy Life Ad
Men

လိင်အင်္ဂါသေးပြီး ကျုံ့သွားပါတယ် . . .

မေး ။ ကန်တော့ပါဆရာ . . ကျွန်တော် လိင်အင်္ဂါသေးသွားလို့ပါ။ သေးသွားပြီး မာကျောမှုနည်းတယ်။ အဲ့ဒါကူညီပါလားဗျာ။ ကျွန်တော် လိင်တံက သေးငယ်ပြီး ကျုံ့သွားလို့ တိုတိုလေးပဲရှိတယ်။ ကလေးငယ်သာသာလောက်ပဲ ရှိလို့ပါ။
NLT (Fb)

ဒေါက်တာမိုးအောင်ကျော်နိုင်(အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည် ။
ဖြေ ။ ဆရာ့ဆီမှာ အဲဒီလို လူနာနှစ်ယောက်-သုံး ယောက်လာပြဖူးပါတယ်။ သူတို့ကတော့ လိင်တံ သေးတယ်လို့မပြောဘူး၊ တိုဝင်သွားတယ်လို့ ပြောပါတယ်။ အရပ်ထဲမှာ တိုနာလို့တောင် သုံးကြတယ်။ တိုနာဖြစ်သွားရင် ဘယ်လိုလုပ်မှ ပုံမှန် ပြန်ကောင်းတယ်ဆိုပြီး ပြောကြတယ်။ ဆရာကတော့ သူတို့ကို ပြောလေ့ရှိတာက တိုတယ်၊ သေးတယ်ဆိုတာတွေက စိတ်နဲ့ပဲ ပတ်သက်ပါတယ်။ လိင်တံဆိုတာ အရိုးလည်း မရှိဘဲ သွေးကြောပဲ ရှိတာပါ။ မာတယ်၊ တင်းတယ်၊ ကြီးတယ်ဆိုတာ သွေးကြောထဲကို သွေးတွေ ဝင်လာလို့ ဖြစ်ပါတယ်။ သွေးတွေ ပြန်လျော့သွားရင် ပြန်သေးတတ်ပါတယ်။ ရာသီဥတုအေးရင် ကြွက်သားကျုံ့ပြီး သေးသွားတတ်ပါတယ်။ နောက်တစ်ခုက စိတ်နဲ့အများကြီး ပတ်သက်ပါတယ်။

စိတ်က ကိုယ့်လိင်တံသေးတယ်လို့ ထင်ရင်သေးတတ်ပါ တယ်။ တချို့လူနာတွေက လိင်တံသေးပြီး တိုဝင်သွားရင် သေတတ်တယ်ဆိုတဲ့ အရပ်စကား ကြားပြီး ကြောက်တတ်ပါတယ်။ တကယ်တော့ လိင်တံဆိုတာ ဆီးခုံရိုးအပြင်မှာ ထွက်နေတဲ့ အရွတ်က ထွက်လာတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အဲဒီအထဲကို သွေးဝင်ရင် တင်းတယ်၊ ကြီးတယ်၊ မာတယ်၊ သွေးပြန်လျော့သွားရင် ပုံမှန်ပြန်ပျော့ကျသွားတယ်၊ သေးသွားတယ်။ ဒါက သူရဲ့ ပုံမှန်လုပ်ငန်းဆောင်တာပါ။ ဆီးခုံရိုးကိုဖောက်ပြီး အထဲ တိုဝင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ကြွက်သားတွေနဲ့ တွယ်ဆက်ထားတဲ့အတွက် ကြွက်သားရှုံ့ရင် ရှုံ့သလို အတွင်းထဲ နည်းနည်းလေး ရောက်နိုင်တယ်။ ဥပမာ ကြောက်တဲ့အချိန်၊ အေးတဲ့အချိန်မှာဆိုရင် သာမန်ထက် အထဲကို နည်းနည်းလေး ကျုံ့သွားနိုင်တယ်။

အဲဒီအခြေအနေကို သေးတယ်၊ တိုတယ်ဆိုပြီး ပြောလေ့ရှိတာ ဖြစ်ပါလိမ့်မယ်။ စိတ်ပုံမှန်အတိုင်း စိတ်အေးအေးထားလိုက်ရင် ပုံမှန်အရွယ်အတိုင်း ပြန်ဖြစ်လာပါလိမ့်မယ်။ အသီးအရွက်၊ အသီးအနှံများ များစားပါ၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ပါ၊ စိတ်ဖိစီးမှုကို လျှော့ချပါ။ ဒါကိုမှ စိတ်ထဲမှာ ဒါကိုပဲ စွဲပြီး ပိုပိုသေးလာတယ်လို့ ထင်နေမယ် ဆိုရင်တော့ စိတ်ကျန်းမာရေးဆရာဝန်တစ်ဦးနဲ့ တိုင်ပင်ပါလို့ အကြံပြုချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လိင်တံသေးလို့ဆိုပြီး လာပြသူ ၁၀ ဦးမှာ ၉ ဦးက ကိုယ်ခန္ဓာရောဂါဝေဒနာ မရှိကြလို့ပါပဲ။

လိင်တံမာကျောမှုမရှိတဲ့သူတွေကတော့ သွေးကြောဆိုင်ရာရောဂါနဲ့ အာရုံကြောဆိုင်ရာ ရောဂါတွေ ရှိတတ်ပါတယ်။ ဒါတောင်မှ ၁၀ ယောက်မှာ ၉ ယောက်လောက်က စိတ်ကြောင့် ဖြစ်တာ များပါတယ်။ အသက်အရွယ်ကြီးနေရင်တော့ ဟော်မုန်း အပြောင်းအလဲကြောင့် ဟော်မုန်းနည်းပြီး မာကျောမှု လျော့ကျတတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top