Healthy Life Ad
Local

ဆီးချိုရောဂါရှင်များအနက် ၆၀ရာခိုင်နှုန်းသည် နှလုံးသွေးကြောရောဂါကြောင့် အသက်ဆုံးရှုံးနေသည်ဟုဆို

၊ အေးမို့မို့ဇော် ၊

မြန်မာနိုင်ငံတွင် ဆီးချိုရောဂါရှင်များအနက် ၆၀ ရာခိုင်နှုန်းသည် နှလုံးသွေးကြောရောဂါကြောင့် အသက်ဆုံးရှုံးနေရကြောင်း ရန်ကုန်ဆေးရုံကြီး၊ နှလုံးရောဂါပညာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာနွယ်နွယ်၏ပြောပြချက်အရ သိရသည်။

ကိုယ်ခန္ဓာအတွင်း သွေးတွင်းသကြားဓာတ်မြင့်တက်နေခြင်းသည် ဆီးချိုရောဂါရှိနေကြောင်း ညွှန်းဆိုနေပြီး ဆီးချိုရောဂါရှိကြောင်းမသိလျှင်၊ သိပြီးမကုသဘဲထားမိလျှင် နှလုံးသွေးကြောရောဂါနှင့် လေဖြတ်ခြင်းတို့ဖြစ်စေနိုင်ကြောင်း သိရသည်။

နှလုံးသွေးကြောရောဂါကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ် လူဦးရေ (၁၇ ဒသမ ၅)သန်းခန့်အချိန်မတိုင်မီသေဆုံးနေကြရပြီး ၂၀၃၀ခုနှစ်တွင် ၂၃ သန်းခန့် ဖြစ်မည်ဟု ခန့်မှန်းထားကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မှတ်တမ်းများအရ မြန်မာနိုင်ငံတွင် သေဆုံးမှုများ၏ ၂၅ ရာခိုင်နှုန်းသည် နှလုံးသွေးကြောရောဂါကြောင့် သေဆုံးမှုဖြစ်ကြောင်း သိရသည်။

“နှလုံးစည်းချက်မမှန်ခြင်းကြောင့်ဖြစ်တဲ့ရောဂါတွေက အဓိကများတာက နှလုံးသွေးကြောရောဂါပါ။ နှလုံးသွေးကြောရောဂါက ဘာကြောင့်ဖြစ်လဲဆိုတော့ နေထိုင်ပုံမဆင်ခြင်မှုတွေက နှလုံးသွေးကြောရောဂါဖြစ်ဖို့အတွက် ပံ့ပိုးမယ့် အဆင့်တွေဖြစ်တာ။ ဥပမာအားဖြင့် ဆေးလိပ်သောက်တယ်၊ အဝလွန်တယ်၊ ကိုယ်လက်လှုပ်ရှားမှုမရှိဘူး။ နောက်တစ်ခုက အသက်ကြီးလာရင် တချို့တွေက အသက်ကြီးလာရင် သွေးတိုးလာတယ်၊ သွေးတိုးသေချာမချိန်ဘူး။ဆီးချိုသွေးချိုဖြစ်လာမယ်။ အဲ့ဒါတွေကို သေချာမထိန်းဘူး။ အဲ့ဒါတွေက နှလုံးသွေးကြောရောဂါ ဖြစ်စေတဲ့ အကြောင်းရင်းတွေပါ” ဟု ဒေါက်တာနွယ်နွယ်က ပြောသည်။

ကူးစက်မဟုတ်သည့် ရောဂါကာကွယ် နှိမ်နှင်းရေးတွင် နှလုံးသွေးကြောရောဂါနှင့် ဦးနှောက်လေဖြတ်ခြင်းရောဂါကို နံပါတ်တစ်နေရာတွင်ထားကာ ပညာပေးလုပ်ငန်းများနှင့် ကုသမှုအပိုင်းများပြုလုပ်ရမည်ဖြစ်ကြောင်း ဒေါက်တာနွယ်နွယ်က ဆိုသည်။

ထို့ပြင် နှလုံးစည်းချက်မမှန်ခြင်းကြောင့် သွေးခုန်နှုန်းစည်းချက်မမှန်ခြင်းဖြစ်လာမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ဖြစ်လာပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန်လိုအပ်ကြောင်း၊ ဆွေးနွေးတိုင်ပင်ကုသမှုများမပြု လုပ်ပါက နှလုံးညှစ်အားကျလာမည်ဖြစ်ကာ ဦးနှောက်သို့သွားသည့် သွေးကြောပိတ်နိုင်ပြီး ဦးနှောက်လေဖြတ်ခြင်း၊ ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောများတွင် သွေးမလျှောက်သည့်ရောဂါ ဖြစ်လာနိုင်ကြောင်း သိရသည်။

ယင်းရောဂါများသည် အခြားသောနိုင်ငံများတွင် အသက်၆၀နှစ်နှင့်အထက်အရွယ်များတွင်သာ အများဆုံးဖြစ်ပွားသော်လည်း မြန်မာနိုင်ငံတွင်အသက်ကြီးသောသူများတွင်သာမက ငယ်ရွယ်သူများတွင်လည်းဖြစ်ပွားမှုများကြောင်း၊ ရောဂါလက္ခဏာများ အနေဖြင့် မောကြပ်ခြင်း၊ ရင်တုန်ခြင်း၊ အစပိုင်းလက္ခဏာများဖြစ်သော မိုက်ခနဲဖြစ်ကာ လေဖြန်းခြင်းများ ဖြစ်ပွားတတ်သောကြောင့် မိမိကိုယ်တိုင် လက်ကောက်ဝတ်ကိုစမ်းကာ ကိုယ်တိုင်သွေးခုန်နှုန်းအား စမ်းကြည့်ခြင်းပြုလုပ်သင့်ကြောင်း သိရသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top