Healthy Life Ad
Health Tips

သွေးဆုံးချိန်ကို ကျန်းမာပျော်ရွှင်ငြိမ်းချမ်းစွာ ဖြတ်သန်းနိုင်စေမည့် နည်းလမ်းကောင်းများ

၊ စူး (ဆေးဝါးတက္ကသိုလ်) ၊

သွေးဆုံးချိန်ဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ဘဝမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ကာလတစ်ခုပါ။ ဒါပေမဲ့ မကောင်းဘူးဆိုပြီး Remote Control နဲ့ ရစ်ပြီး ကျော်လိုက်လို့လည်း မရပါဘူး။ အမျိုးသမီးတိုင်း ရင်ဆိုင်ရမယ့် ဘဝအစိတ်အပိုင်းတစ်ခုပဲ ဖြစ်တာကြောင့် ဒီအချိန်မှာ ကျန်းမာပျော်ရွှင်ငြိမ်းချမ်းတဲ့ စိတ်နဲ့ခန္ဓာနဲ့ ဖြတ်သန်းသွားနိုင်ဖို့ နည်းလမ်းကောင်းတွေကို အကြံပြုချင်ပါတယ်။

အစားအသောက်ပုံစံ

– သွေးဆုံးချိန်မတိုင်ခင် ဝမ်းချုပ်တာနဲ့ အူလှုပ်ရှားမှု ပုံမမှန်ဖြစ်တာတို့လို ဝေဒနာတွေ ခံစားနေရရင် အမျှင်ဓာတ်ကို များများထည့်စားပြီး ရေများများ သောက်ပါ။

– နေ့တိုင်း ရေများများသောက်ပါ။ တစ်နေ့ တစ်လီတာခွဲလောက် သောက်ပါ။ ကော်ဖီကြိုက်သူတွေ အနေနဲ့ ကော်ဖီသောက်သုံးမှုကို လျှော့ချသင့်ပါတယ်။ အရက်နဲ့ ဆေးလိပ်မသောက်ပါနဲ့။

– အစာကို ပုံမှန်စားပြီး အစာမစားဘဲ မနေပါနဲ့။ အသက်ကြီးလာတဲ့အခါ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုက နှေးလာတာကြောင့် နံနက်စာမစားဘဲ နေ့လယ်စာ များများစားလိုက်ရင် ကိုယ်အလေးချိန် ပိုတက်နိုင်ခြေ များစေပါတယ်။ ကာဗိုဟိုက်ဒရိတ်ပါတဲ့ အစာကို နည်းနည်းပဲစားပြီး ပဲပိစပ်နဲ့ ပန်းဂေါ်ဖီစိမ်းလို အစာကို များများစားပေးပါ။

– ကယ်လ်စီယမ်နဲ့ အမျှင်ဓာတ်များများ ထည့်စားပါ။ ဆိုဒီယမ်နဲ့ သကြားများများပါတဲ့ အစာကို ရှောင်ပါ။

– ကဖင်း၊ အစပ်ကဲတဲ့ အစာနဲ့ အရက်တွေက သွေးဆုံးချိန် ချွေးစေးပြန်တဲ့ဝေဒနာကို အားပေးတဲ့အတွက် တတ်နိုင်သမျှရှောင်ပါ။

ခန္ဓာကိုယ် သန်စွမ်းကျန်းမာမှု

– အိမ်မှာ တီဗီကြည့်ရင်း အလေးမတာမျိုး၊ လှေကားကနေ တက်တာမျိုး၊ ခပ်သွက်သွက် လမ်းလျှောက်တာမျိုး လုပ်ဆောင်ပေးပါ။

– နံနက်ခင်းမှာ ၁၀ မိနစ်၊ ညမှာ ၁၀ မိနစ် လမ်းလျှောက်ပေးရင် စိတ်ရွှင်လန်း တက်ကြွစေပါတယ်။

– သွေးဆုံးချိန်မှာ ကြွက်သားတွေ ပိုလျော့ရဲလာတတ်တဲ့အတွက် ကြွက်သားတင်းရင်းအောင် တစ်ပတ်မှာ သုံးကြိမ် လေ့ကျင့်ခန်း လုပ်ပေးသင့်ပါတယ်။

အိပ်စက်သော အလေ့အထ

– သွေးဆုံးချိန်မှာ အိပ်မောကျဖို့ ခက်ခဲလာတယ်လို့ တချို့အမျိုးသမီးတွေက ဆိုပါတယ်။

– တစ်နေ့ ကော်ဖီတစ်ခွက်သောက်တဲ့ အကျင့်ရှိရင် ကဖင်းမပါတဲ့ကော်ဖီ အစားထိုးသောက်ပါ။

– မအိပ်ခင် ရေများများ မသောက်ပါနဲ့။ ဆီးသွားချင်စိတ်ကြောင့် အိပ်မပျော်ဖြစ်တတ်လို့ပါ။

– ည ည လန့်နိုးနေရင် အိပ်ရာဘေးမှာ ဒိုင်ယာရီထားပြီး သင့်စိတ်ထဲ ခံစားရသမျှ ချရေးလိုက်ပါ။ စိတ်ပူတာ လျော့သွားပြီး ပြန်အိပ်ပျော်သွားမှာ ဖြစ်ပါတယ်။

– မအိပ်ခင် စိတ်အပန်းဖြေပေးရင် မြန်မြန် အိပ်မောကျသွားစေပါတယ်။ အိပ်ရာဝင်ချိန်မတိုင်ခင် တစ်နာရီလောက် အပန်းဖြေပေးပါ။ အကြောလျှော့ကာ တရားမှတ်၊ တရားထိုင်ပေးပါ။

စိတ်ဖိစီးမှုနှင့် စိုးရိမ်သောက လျော့ကျစေရေး

– သွေးဆုံးချိန်မှာ အမျိုးသမီးအများစုဟာ စိတ်ဖိစီးမှုများတာ၊ ပူပင်စိတ်များတာ၊ တွေးပြီး သောကရောက်တာတွေ ဖြစ်တတ်တဲ့အတွက် ပျော်ရွှင်မှု ကင်းမဲ့နေတတ်ပါတယ်။ အဲဒီလိုမဖြစ်စေဖို့ အသက်ရှူလေ့ကျင့်ခန်း လုပ်ပေးသင့်ပါတယ်။

– သွေးဆုံးချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် ဝမ်းနည်းရတတ်ပါတယ်။ အိမ်ပြင်ထွက်ပြီး နေခြည်နုနု ခံယူပါ၊ ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ၊ စိတ်ပျော်ရွှင်စေတဲ့ ဓာတ်တွေထွက်လာပြီး လန်းဆန်းတက်ကြွ နေပါလိမ့်မယ်။

– သင့်စိတ်ထဲ ခံစားနေရတာတွေကို သင့်ခင်ပွန်း ဒါမှမဟုတ် သင့်မိတ်ဆွေသူငယ်ချင်းတွေထံ ရင်ဖွင့် ပြောဆိုလိုက်ပါ။ စိတ်လက် ပေါ့ပါးသွားပါလိမ့်မယ်။

မှီဝဲသင့်သော အားဆေး

– ကယ်လ်စီယမ်

– သံဓာတ်

– အမျှင်ဓာတ်

– ဗီတာမင်ဒီ

အထက်ပါ နည်းလမ်းတွေကို သွေးဆုံးချိန်မှာ လိုက်နာပေးမယ်ဆိုရင် ပိုမိုကျန်းမာပြီး လှပကျက်သရေရှိစွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top